ဒီးမော့ဆိုမြို့နယ် အနောက်ပိုင်းဒေသ တောင်ကုန်း၊ တောင်တန်းများတွင် နှစ်ရှည်သီးနှံ လိမ္မော်စနစ်တကျစိုက်ပျိုးပါက ဖြစ်ထွန်းအောင်မြင်နိုင်

ဒီးမော့ဆို ၁၅  ဇန်နဝါရီ

 

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ပိုင်းဒေသများရှိ တောင်ကုန်းတောင်တန်းများတွင် နှစ်ရှည်သီးနှံ လိမ္မော်ပင်များ စနစ်တကျ စိုက်ပျိုးပါက ဖြစ်ထွန်းအောင်မြင်နိုင်ကြောင်း လိမ္မော်ဥယျာဉ်ခြံလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်နေသူ လိုဘာခို ကျေးရွာအုပ်စု ဆီးဘူးပလော့ကျေးရွာနေ ဦးချစ်ငွေ၏ ပြောကြားချက်အရ သိရသည်။

 

“ကျွန်တော့်နေအိမ်အနီးက ငါးဧကအကျယ်အဝန်းရှိတဲ့ တောင်စောင်းမြေကွက်မှာ ၂၀ဝ၆ ခုနှစ်ကစတင်ပြီး ဒေသမျိုး လိမ္မော်ပျိုးပင် ၁၅၀ဝ ကို စမ်းသပ်စိုက်ပျိုးပါတယ်။ အောင်မြင်ဖြစ်ထွန်းမှုရှိလို့ လိမ္မော်ပျိုးပင် ၁၂၀ဝ ကို ထပ်မံတိုးချဲ့စိုက်ပျိုး ပါတယ်။ ယခုလိမ္မော်ပင်စုစုပေါင်း ၂၇၀ဝ တို့ ဖြစ်ထွန်းအောင်မြင် လျက်ရှိပါတယ်။ ၈၀ ရာခိုင်နှုန်းခန့် အောင်မြင်မှုရှိတယ်လို့ ပြောနိုင်ပါတယ်။ အခုနှစ်လိမ္မော်သီး ဆွတ်ခူးချိန်မှာ ကျွန်တော့်ရဲ့ ဥယျာဉ်ခြံက လိမ္မော်သီးပိဿာချိန် ၁၅၀ဝ၀ ခန့် ထွက်ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ ဒီးမော့ဆိုမြို့နယ် အနောက်ပိုင်းဒေသက တောင်ကုန်းတောင်တန်းတွေမှာ လိမ္မော်ဥယျာဉ်ခြံတွေ စနစ်တကျ စိုက်ပျိုးပြုစုပျိုးထောင်မယ်ဆိုရင် ဖြစ်ထွန်းအောင်မြင် နိုင်တာကြောင့် လိမ္မော်စိုက်ပျိုးသူအချို့ ပေါ်ထွက်လာပါပြီ။ တိုးချဲ့စိုက်ပျိုးနိုင်ဖို့ စီစဉ်ဆောင်ရွက်နေပါတယ်”ဟု ၎င်းက ပြောသည်။

 

ဒီမော့ဆိုမြို့နယ် အနောက်ဘက်ပိုင်း လိုဘာခို၊ ဟိုဝမ်၊ ခူးပရာ၊ ဒေါရောက်ခူ အစရှိသည့် ကျေးရွာအုပ်စုများ တည်ရှိရာ ဒေသသည် မြေပြန့်လွင်ပြင်မရှိသလောက်နည်းပါးပြီး တောင်ကုန်းတောင်တန်းထူထပ်ကြောင်း၊ တောင်ကုန်းတောင် တန်းများကြားရှိ မြေအနည်းငယ်စီတွင် လှေကားထစ်စိုက် ပျိုးနည်းဖြင့် စပါးနှင့် အခြားနှစ်တိုသီးနှံအနည်းငယ်စီသာ စိုက်ပျိုးကြကြောင်း၊ တောင်ကုန်းတောင်စောင်းများတွင် မြေနေရာအနေအထား၊ ရာသီဥတုနှင့်ကိုက်ညီမည့် လိမ္မော်၊ လက်ဖက်၊ ကော်ဖီ၊ သံပရာ၊ ထောပတ် အစရှိသည့် နှစ်ရှည်သီးနှံပင်များ စနစ်တကျ စိုက်ပျိုးဖြစ်ထွန်းအောင်မြင်နိုင် သော်လည်း ဒေသခံအများစုမှာ စိုက်ပျိုးရေးအသိပညာ၊ အတတ်ပညာဗဟုသုတနည်းပါး၍ စိုက်ပျိုးလုပ်ကိုင်ခြင်းမရှိဘဲ မြေလွတ်မြေလပ်များအဖြစ် ထားရှိနေကြကြောင်း၊ သက်ဆိုင်ရာက စိုက်ပျိုးရေးနည်းပညာပေးခြင်း၊ သီးနှံပျိုးပင်များနှင့် သွင်းအားစုများ သက်သာချောင်ချိစွာဖြင့် ရရှိအောင် အကူအညီပေးခြင်း၊ နှစ်ရှည်စိုက်ပျိုးရေး ချေးငွေထုတ်ချေးခြင်း၊ ဈေးကွက်ရှာဖွေပေးခြင်းလုပ်ငန်းတို့ကို ဆောင်ရွက်မည်ဆိုပါက ဤဒေသတွင် လိမ္မော်နှင့် အခြားနှစ်ရှည် သီးနှံစိုက်ပျိုးရေးဖြင့် စီးပွားရေးဖွံ့ ဖြိုးလာနိုင်သည်ဖြစ်ပြီး ယင်းလုပ်ငန်းကို အကောင်အထည်ဖော်ရန် ဒေသခံ တောင်သူများက အစုအဖွဲ့များ ဖွဲ့စည်းထားသည်။

 

ယခုအခါ အဆိုပါဒေသကို ရွှေလိမ္မော်တောင်တန်း ဖြစ်ပေါ်လာစေရန် ရည်ရွယ်ချက်ဖြင့် ဦးချစ်ငွေဦးဆောင်သော ဒေသခံ အစုအဖွဲ့များက စည်းရုံးဆောင်ရွက်လျက်ရှိရာ လိမ္မော်စိုက်ပျိုးသူတိုးပွားလာပြီဖြစ်ကြောင်း သိရသည်။

 

ကြီးမြင့်နိုင် (လွိုင်ကော်)