ဒစ်ဂျစ်တယ် စီးပွားရေးအကြောင်း သိကောင်းစရာ အမေး/အဖြေ အစီအစဉ်

ထက်လျှံ

 

နိုင်ငံအများစုတွင် လက်ရှိအသုံးပြုနေသည့် စုပေါင်းဆောင်ရွက်ခြင်းဖြင့် ချဉ်းကပ်နိုင်မည့် နည်းလမ်းများနှင့်ပတ်သက်ပြီး ဗဟုသုတမျှဝေပေးမည့် ဒစ်ဂျစ်တယ်စီးပွားရေးအကြောင်း သိကောင်းစရာ အမေး / အဖြေ အစီအစဉ်ကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဒီဇင်ဘာ ၃၁ ရက် ညနေ ၆ နာရီခွဲတွင် ထုတ်လွှင့်ပြသခဲ့ရာ ပြည်သူများသိရှိနိုင်ရန်အတွက် ပြန်လည်ဖော်ပြလိုက်ပါသည်။

 

အစီအစဉ်မှူး။ ။ ဒီအစီအစဉ်မှာ လက်ရှိနိုင်ငံအများစု အသုံးပြုနေတဲ့ စုပေါင်းဆောင်ရွက် ခြင်းရဲ့ အကြောင်းတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ မိမိတို့ရဲ့ ပရောဂျက်တွေကို စုပေါင်းဆောင်ရွက်ခြင်းစနစ်ကို အသုံးပြုပြီး ဘယ်လိုချဉ်းကပ်ဆောင်ရွက်နိုင်မလဲစတဲ့ အကြောင်းအရာတွေကို ဆွေးနွေးသွားမယ့် ဒစ်ဂျစ်တယ် စီးပွားရေးအကြောင်း သိကောင်းစရာ အစီအစဉ်ကနေ ကြိုဆိုပါတယ်။

 

ဒီနေ့အစီအစဉ်မှာ ရန်ကုန်အင်နိုဗေးရှင်းစင်တာ (Yangon Innovation Center) မှ CEO ဦးရာဝီနှင့် မြန်မာ့ ဩဘာလုပ်ငန်းစု (Myanma Awba Group) မှ Group CTO ဦးသက်နိုင်စိုးတို့က ပါဝင်ဆွေးနွေးသွားမှာ ဖြစ်ပါ တယ်။

 

ပထမဦးဆုံး မေးခွန်းအနေနဲ့ လက်ရှိနိုင်ငံအများစုမှာ အသုံးပြုနေတဲ့ စုပေါင်းဆောင်ရွက်ခြင်းစနစ်ကို ဦးရာဝီက ဆွေးနွေးပေးပါဦး။

 

ဦးရာဝီ။ ။ ယနေ့ဝေမျှသွားမှာက စုပေါင်းဆောင်ရွက်ခြင်းစနစ်တွေထဲမှာ အကောင်းဆုံး၊ အသင့်တော်ဆုံး ဥပမာဘာရှိမလဲဆိုတာပါ။ မနေ့တုန်းက စုပေါင်းဆောင်ရွက်ခြင်းစနစ်တွေက ဘယ်လိုမျိုး အချက် အလက်တွေ လိုတယ်၊ ဘာတွေပါရမလဲဆိုတာတွေ ဆွေးနွေးသွားကြပါတယ်။

 

ဒီအထဲမှာ စုပေါင်းဆောင်ရွက်ခြင်းစနစ်တွေက ဘယ်လိုစခဲ့တယ်ဆိုတာကိုကြည့်ရင် စခဲ့တာတွေက အများကြီးရှိမယ်။ ဒါပေမယ့် ဒီအထဲမှာ အစောကတည်းက ရပ်တည်ခဲ့တာကို အဓိကထားပြောမယ်ဆိုရင် ဝီကီပီးဒီးယား (Wikipedia) ကို ပြောရမှာဖြစ်ပါတယ်။ ဝီကီပီးဒီးယားက ဘာလဲဆိုတာကို စဉ်းစားကြည့်ရင် ဝီကီပီးဒီးယားသည် ကမ္ဘာ့အကြီးဆုံးစွယ်စုံကျမ်းကြီး တစ်ခုဖြစ်ပြီး နိုင်ငံတော်တော်များများမှာ ရှိပါတယ်။ အင်္ဂလိပ်ဘာသာအပြင် မြန်မာဘာသာနဲ့လည်း အခုဆိုရင် ရှိနေပါပြီ။

 

အင်္ဂလိပ်ဘာသာနဲ့ စွယ်စုံကျမ်းက ၂၀၀၀ ပြည့်နှစ် လောက်က စတင်ခဲ့တယ်။ မြန်မာဘာသာနဲ့ ၂၀၀၄ ခုနှစ်မှာ စတင်ခဲ့တယ်။ ပထမပိုင်းမှာ အင်တာနက်အသုံးပြုသူ နည်းသေးတယ်၊ ဒီလောက်မများပါဘူး။ အခုချိန်မှာ ဆောင်းပါးပေါင်း ၆၀၀၀၀ ကျော်လောက် ဝီကီပီးဒီးယား ဆိုတဲ့ ပလက်ဖောင်းပေါ်မှာ ရှိနေပါတယ်။

 

ဒီလိုပလက်ဖောင်းပေါ်မှာ သူက အခမဲ့ဖြစ်တယ်။ ဘယ်သူမဆို အသုံးပြုလို့ရပါတယ်။ ဘယ်သူမဆို တည်းဖြတ်လို့ရတယ်။ ဘယ်သူမဆို ကြည့်လို့ရတယ်။ ဒါရဲ့သော့ချက်သည် ဘာလဲလို့ ပြန်တွေးကြည့်ရင် စုပေါင်း ဆောင်ရွက်ခြင်းစနစ်ပါ။ အင်္ဂလိပ်လို Crowd Sourcing လို့ခေါ်ပါတယ်။ ဒီလို စုပေါင်းအင်အားတွေကို သုံးလိုက် မယ်၊ စနစ်တစ်ခုထဲကို ထည့်လိုက်မယ်ဆိုရင် ဘယ်လောက် အထိ အောင်မြင်နိုင်သလဲဆိုတော့ ဝီကီပီးဒီးယား အောင်မြင်သလို အောင်မြင်နိုင်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့က ဝီကီပီးဒီးယားကို ကောင်းသောဥပမာ တစ်ခုအနေနဲ့ လေ့လာရတာဖြစ်ပါတယ်။

 

စီးပွားရေးလုပ်တော့မယ်ဆိုရင် ကျွန်တော်တို့ရဲ့ စီးပွားရေးက စုပေါင်းဆောင်ရွက်ခြင်းစနစ်အပေါ်မှာ မူတည်တယ်ဆိုရင် ဒါရဲ့အအောင်မြင်ဆုံးစနစ်တစ်ခုက ဘာတွေလုပ်ထားတယ်ကို တတ်နိုင်သလောက် အသေး စိတ်သွားပြီး လေ့လာရပါတယ်။ ဝီကီပီးဒီးယား ဘယ်လောက်အထိ အောင်မြင်တယ်ဆိုတာကို ပြောရရင် ဝီကီပီးဒီးယားသည် အမေရိကန်နိုင်ငံမှာ အဆင့် ၅ သို့မဟုတ် ၃ မှာရှိတယ်။ တိုင်းတာတဲ့ပုံစံတွေ ကွာခြားပေ မယ့် သူသည် Top 10 စာရင်းမှာ သေချာပေါက်ပါတယ်။

 

Top 10 စာရင်းထဲမှာ တခြားဘယ်သူတွေ ရှိသလဲလို့ ပြန်ကြည့်ရင် Number One မှာ Google ရှိတယ်။ နောက် Facebook, Amazon, YouTube ဒီလိုနာမည်ကြီး အမေရိကန်ဒေါ်လာဘီလီယံချီ အကုန်ခံလုပ်ထားတဲ့ နည်းပညာတွေနဲ့ ယှဉ်ပြိုင်ပြီး ကမ္ဘာ့အကြီးဆုံးအဆင့်ထဲကို ရောက်နေတဲ့ ဝီကီပီးဒီးယားကို မလေ့လာလို့မရဘူး၊ မကြည့်လို့မရဘူး၊ လျစ်လျူရှုလို့မရဘူး။ သဘောက ဒီလိုဘယ်သူမဆို တည်းဖြတ်လို့ရတဲ့ ကမ္ဘာ့စွယ်စုံကျမ်း ကြီးကို လူတိုင်းလိုချင်တယ်။ နိုင်ငံအနေနဲ့ မဟုတ်ဘဲ၊ လူတိုင်းကူညီချင်တယ်၊ ဆောင်ရွက်ချင်တယ်။

 

လူတိုင်းလည်း ကူညီလို့ရတယ်၊ လူတိုင်းလည်း ဆောင်ရွက်လို့ရတယ်ဆိုတဲ့ စနစ်ကြီးက အောင်မြင်အောင် ဘယ်လိုလုပ်မလဲ၊ ဖျက်လိုဖျက်ဆီးလုပ်ချင်တဲ့သူတွေ အများကြီးရှိမယ်။ ဆောင်းပါးတွေကို တမင်တကာ မှားအောင်ရေးချင်တဲ့သူတွေ အများကြီးရှိမယ်။ ဒါတွေကို ကွပ်ကဲတဲ့စနစ်မျိုးစုံ လိုအပ်ပါတယ်။ ကွပ်ကဲမှုများသွားရင် ရေးချင်တဲ့သူက မရေးတော့ဘူး။ ကွပ်ကဲမှု အလွန်လျော့ နည်းရင် ဖရိုဖရဲတွေဖြစ်မယ်။ ဒီနှစ်ခုကို ဝီကီပီးဒီးယားက ဘယ်လိုထိန်းပါသလဲ။

 

စွယ်စုံကျမ်းတစ်ခုက တကယ့်ကို ကိုးကားရတဲ့ အဆင့်ဖြစ်ပါတယ်။ ဒါကြောင့် ဝီကီပီးဒီးယားအနေနဲ့ သူ့ကို ကိုးကားနိုင်တဲ့ အဆင့်ဖြစ်အောင် ဘယ်လိုလုပ်ထား သလဲဆိုတာကို အများကြီးလေ့လာရပါတယ်။ ဥပမာ တစ်ခုအနေနဲ့ ဝီကီပီးဒီးယားစာမျက်နှာ ညာဘက် အပေါ်ထောင့်ကို ကြည့်လိုက်ရင် “ပြင်ဆင်ရန်” ဆိုတာက ရှိပြီးသားဖြစ်ပါတယ်။ ဝီကီပီးဒီးယားရဲ့ သဘောက ဘယ်သူမဆို ပြင်စေချင်တယ်။

 

ဘယ်သူမဆိုလို့ ပြောထားတဲ့အတွက် “ပြင်ဆင်ရန်” ကို နှိပ်လိုက်ရင် အီးမေးလ် မတောင်းပါဘူး။ အီးမေးလ် တောင်းလိုက်ရင် ဒါက ဘယ်သူမဆိုကို ပြောတာမဟုတ် တော့ဘဲ အီးမေးလ်ရှိသောသူလို့ ပြောတာဖြစ်သွားပါတယ်။ အီးမေးလ်ရှိစရာမလိုဘူး၊ သူက အင်တာနက်ရှိလို့ ကြည့်နေပြီဖြစ်တဲ့ လူရဲ့ စွမ်းအင်လုပ်နိုင်စွမ်းကို အသုံးချပြီး သူ့ကို ပြင်ဆင်ခွင့်တစ်ခါတည်း ပေးလိုက် ပါတယ်။ “ပြင်ဆင်ရန်” ကို နှိပ်လိုက်တာနဲ့ ပြင်လို့ရသွားပြီ ဖြစ်ပါတယ်။

 

ဒီလိုပြင်ဆင်ခွင့်ရတဲ့အချိန်မှာ ပြင်ဆင်သူအနေနဲ့ မှားပြီးပြင်မယ်၊ တမင်တကာ မှားအောင်ပြင်မယ်စတဲ့ ရိုးရိုးသားသားမှားသွားတာလား၊ တမင်မှားအောင်လုပ်တာ လား ဘယ်လိုလုပ်လုပ် ဝီကီပီးဒီးယားမှာ ကွပ်ကဲတဲ့သူတွေက ရှိပြီးသားဖြစ်တဲ့အတွက် အလိုအလျောက်၊ အထူးသဖြင့် အခုမှ စတင်အသုံးပြုသူတစ်ယောက်ဆိုရင် ထိန်းချုပ်သူ တွေက မြင်ရပြီး အသုံးပြုသူက ပြင်ဆင်သွားတာတွေက မှန်ကန်ရဲ့လားဆိုတာ ကြည့်ပါတယ်။ မှားတယ်လို့ ထိန်းချုပ်သူတွေဘက်ကထင်ရင် အသုံးပြုသူ ပြင်ဆင် သွားတာတွေကို သူတို့အနေနဲ့ ဖျက်လိုက်လို့ရပါတယ်။

 

အသုံးပြုသူက အမှားပြင်ဆင်တာကို အကြိမ်ကြိမ် ပြုလုပ်နေတယ်ဆိုရင် ထိန်းချုပ်သူတွေက အသုံးပြုသူ အနေနဲ့ ဝီကီပီးဒီးယားမှာ ပြင်ဆင်နိုင်တဲ့လုပ်ပိုင်ခွင့်ကို ပိတ်လိုက်ပါတယ်။ လုပ်ပိုင်ခွင့်ပိတ်တာကို ဝီကီပီးဒီးယား လို စနစ်မျိုးက အများကြီးစဉ်းစားပါတယ်။ ယင်းအသုံးပြု သူကို ရာသက်ပန်ပိတ်လိုက်မလား၊ ခဏပိတ်မှာလား ဆိုတာ စဉ်းစားပါတယ်။

 

လူတစ်ယောက်က အဲဒီအချိန်မှာ သူဘာကြောင့် မှားသွားမှန်းမသိဘူး၊ နောင်ပြန် ပြင်ချင်ပြီး ပြန်ကောင်း ချင်တဲ့စိတ်မျိုးရှိလာနိုင်တယ်။ ဒီလိုမျိုးတွေကအစ အသေးစိတ် တွေးပေးပါတယ်။ ဒီလို တွေးပြီး ဘာတွေ ထားပေးသလဲဆိုရင် သူ့ကို ပိတ်တာမဟုတ်ဘဲ ခဏ နားခိုင်းလိုက်ပါတယ်။ ဒါဆို ဘယ်လောက်နားရမလဲ တစ်လ၊ နှစ်လ၊ သုံးလ ဆိုတာက ထိန်းချုပ်သူတွေရဲ့ သဘောဖြစ်ပါတယ်။

 

ထိန်းချုပ်သူတွေရဲ့ သဘောလို့ ပြောလိုက်တော့ ဒီထိန်းချုပ်သူတွေက ဘယ်သူတွေလဲဆိုတဲ့ မေးခွန်းတစ်ခု ပြန်ဖြစ်လာပါတယ်။ ထိန်းချုပ်သူတွေဆိုတာ အမှန်က အစောပိုင်းတုန်းက ဒီလိုပဲ အသစ်တွေရေးလိုက်၊ ပြင်လိုက် အများကြီးလုပ်ပြီး သက်တမ်းကြာပြီဖြစ်တဲ့ ယုံကြည်မှု တည်ဆောက်ထားတဲ့ ပုဂ္ဂိုလ်တွေဖြစ်တယ်။ ဒီပုဂ္ဂိုလ်တွေ အနေနဲ့ ကြာလာတဲ့အခါမှာ ထိန်းချုပ်သူအဖြစ် တာဝန်ယူ ချင်ပါတယ်ဆိုပြီး ဝီကီပီးဒီးယားအဖွဲ့ကြီးမှာ လျှောက်တဲ့ အခါ သူ့ကို ထိန်းချုပ်သူအဖြစ် ပေးလိုက်ပါတယ်။

 

တစ်ယောက်နဲ့ တစ်ယောက်ကြားမှာ ပြန်ပြီး ထိန်းကျောင်းတဲ့ စနစ်မျိုးကို ဝီကီပီးဒီးယားက အများကြီး ထားပေးပါတယ်။ ဒီလိုထားပေးတဲ့အခါမှာ အရည်အသွေး တွေက စုပေါင်းပြီးလုပ်တာကြောင့်ရယ်၊ အကြိမ်ကြိမ် လုပ်တာတွေကြောင့်ရယ် အများကြီးကို တက်လာပါတယ်။ ဒါရဲ့ သော့ချက်က ဘာလဲ၊ ဘာကြောင့် အရည်အသွေးတွေ ကောင်းလာလဲဆိုတာကို ပြောရရင် စုပေါင်းဆောင်ရွက် တဲ့စနစ်တွေကို စနစ်တကျအသုံးပြုလို့ ဖြစ်ပါတယ်။ ဒီစနစ်ရဲ့ အခြေခံက Long Tail လို့ခေါ်တဲ့ အမြီးအရှည်ကြီး ကို အားကိုးပါတယ်။ အမြီးအရှည်ကြီးဆိုတာ ပုံမှန်အားဖြင့် တစ်နှစ်ကို စာရေးဆရာတစ်ယောက်က စာအုပ် ၅၀ ရေးတယ်ဆိုရင် ဒီလိုလူကို ကျွန်တော်တို့က ဟီးရိုးလို့ သတ်မှတ်ပါတယ်။ သူ့ကို အားကျတယ်၊ သူ့လိုမျိုး ဖြစ်ချင်တယ်။

 

ဒါပေမယ့် လူတိုင်းသည် တစ်နှစ်ကို စာအုပ် ၄၀/ ၅၀ ရေးနိုင်တဲ့ စာရေးဆရာဖြစ်ဖို့ မလွယ်ပါဘူး၊ အလွန်ရှားပါတယ်။ ဒါဖြင့် ၅ အုပ် / ၁၀ အုပ်လောက် ရေးနိုင်တဲ့သူဆိုရင် မဆိုးဘူး။ ဒါပေမယ့် တစ်နှစ်လုံးကိုမှ ၅ မျက်နှာ / ၁၀ မျက်နှာ ရေးနိုင်တဲ့သူဆိုရင် သူ့ကို ဘယ်လိုမှ စာရင်းထဲကို ထည့်မတွက်ပါဘူး။

 

အမြီးအရှည်ကြီးရဲ့ သဘောက ဒီလိုမျိုးရဲ့ ပြောင်းပြန် ဖြစ်ပါတယ်။ အဲဒီလိုမျိုးသူတွေ အများကြီးရှိပါတယ်။ နည်းနည်းလုပ်ပေးနိုင်တဲ့လူတွေ အများကြီးကိုရှိလို့ အမြီးအရှည်ကြီးလို့ ခေါ်တာပါ။ စုပေါင်းဆောင်ရွက်ခြင်း စနစ်တွေက ဒီလိုလူတွေကို ဆွဲဆောင်ထားနိုင်ဖို့ လိုပါတယ်။ လူများလေ ကောင်းလေဖြစ်အောင် လုပ်ထား နိုင်ဖို့လိုပါတယ်။ အဲဒီမှာကောင်းမွန်တဲ့ စနစ်တစ်ခုကို ထည့်ပေးလိုက်ရင် မယုံနိုင်လောက်အောင်ကောင်းတဲ့ ဝီကီပီးဒီးယားလို ရလဒ်တွေရသွားမယ်။ ဘယ်လောက် အများကြီးကို ပေါင်းနိုင်သလဲ ဒါကအဓိကပါ။

 

ဒီလိုစနစ်တည်ထောင်သူရဲ့ အဓိကအလုပ်က လူတွေအများကြီး ဒီအထဲကို လွယ်လွယ်ကူကူ အခက် အခဲမရှိ ပါဝင်လာအောင် သူတို့က ကြိုးစားရပါတယ်။ ဒါမျိုးမလုပ်ထားရင် ဒီစနစ်က အောင်မြင်မှာ မဟုတ်ပါဘူး။ ဝီကီပီးဒီးယား အင်တာနက်ဝက်ဘ်ဆိုက်က ဒီလိုမျိုးတွေ အများကြီးကို ကြိုးစားပြီး လုပ်ထားတဲ့အခါမှာ စောစောကပြောတဲ့ အမြီးအရှည်ကြီးမှာ တစ်နှစ်လုံးမှ ဆောင်းပါး ၅ ခု သို့မဟုတ် ပြင်ဆင်မှု ၅ ခု လုပ်တဲ့သူတွေက ၅၀၀၀ / ၁၀၀၀၀ လောက်ရှိပါတယ်။

 

အများကြီးရေးတဲ့သူတွေက ၅ ယောက်/၁၀ ယောက်/၅၀/၁၀၀ ရှိလိမ့်မယ်။ သူတို့ရဲ့ စုစုပေါင်း အရေအတွက်နဲ့ ဟိုဘက်မှာ နည်းနည်းပါးပါးပြင်တဲ့ များစွာသောသူတွေရဲ့ အရေအတွက်နဲ့ ယှဉ်လိုက်ရင် အမြီးအရှည်ကြီးရဲ့ ဟိုဘက်အစွန်ဆုံးထဲမှာရှိနေတဲ့ ပုဂ္ဂိုလ်တွေရဲ့ ခွန်အားတွေက အများကြီးပိုများပါတယ်။ ဒါက ဝီကီပီးဒီးယားနဲ့ပတ်သက်ပြီး ပြောတာပါ။

 

ဝီကီပီးဒီးယားက အမြီးအရှည်ကြီးဆိုတဲ့ အတွေး အခေါ်ကို သုံးသွားတယ်။ ဒါပေမယ့် သူသည် စွယ်စုံ ကျမ်းတစ်ခုဖြစ်နေတယ်။ လူတိုင်းက စွယ်စုံကျမ်း ရေးချင်တဲ့သူ မဟုတ်ဘူး၊ ဘာလို့ ဒီလိုပြောရသလဲဆိုရင် လူတိုင်းက ကူညီချင်တဲ့စိတ်ရှိတယ်။ စွယ်စုံကျမ်း ရေးသားပြီဆိုရင် မိမိအနေနဲ့ ရေးချင်တာကို ရေးလို့မရ ပါဘူး။ အကိုးအကားတွေ၊ အချက်အလက်တွေ မှန်ရမယ်။ ဒီအချက်အလက်က ဘယ်ကလာတယ်ဆိုတာကို ဖော်ပြ ရမယ်။ သူများရေးသားထားတာကို ကူးယူပြီး ဒီအထဲကို ထည့်လိုက်လို့မရဘူး။ ဒါကို ပြန်ပြီးနားလည်အောင်၊ လွယ်ကူအောင်၊ စွယ်စုံကျမ်းသည် လူတိုင်းနားလည်တဲ့ အဆင့်အထိဖြစ်အောင် ရေးရပါတယ်။

 

အမြီးအရှည်ကြီးထဲမှာ နောက်ထပ် လူအုပ်စုတစ်ခု ကလည်း ရှိဦးမှာဖြစ်ပါတယ်။ ဘာလုပ်လဲဆိုတော့ အခု Facebook မှာ အတိုလေးတွေ ရေးကြပါတယ်။ ဆောင်းပါး တွေ ရေးကြတယ်။ ဝတ္ထုတွေ ရေးကြတယ်။ ဒါပေမယ့် Facebook က ဒီလိုရေးဖို့ရည်ရွယ်ထားတဲ့ စနစ်တစ်ခု မဟုတ်ပါဘူး။ ဒုတိယပြောချင်တာက Wattpad ပါ။ ဘာလဲဆိုတော့ စာရေးချင်တဲ့သူတွေ သို့မဟုတ် စာဖတ် ချင်တဲ့သူတွေကို စနစ်တစ်ခု ပေးလိုက်ပါတယ်။ ဒီလိုမျိုး လူအုပ်စုလည်း ရှိပါတယ်။ သူတို့အတွက်ကို စနစ်ပေး ရမယ်ဆိုပြီးဆိုတာ ပေါ်လာတယ်။

 

ဝီကီပီးဒီးယား Wikipedia မှာလို အလွန်လွယ်ကူ အောင် လုပ်ပေးရပါတယ်။ ခက်ခဲသွားရင် လူတွေက သုံးမှာ မဟုတ်ဘူး စတဲ့နည်းစနစ်ကို သုံးထားပါတယ်။ ဥပမာ- လူတွေက ဒီအရာကို စုပေါင်းစနစ်လို့ တွေးချင်မှတွေးမယ်။ ဒါသည် Uber, Grab, GoJek တို့လို တက္ကစီခေါ်ယူတဲ့စနစ်၊ စုပေါင်းဆောင်ရွက်တဲ့စနစ်တစ်ခု ဖြစ်ပါတယ်။

 

ဘာကြောင့် စုပေါင်းဆောင်ရွက်တဲ့စနစ်လို့ ပြောသလဲဆိုတော့ တက္ကစီငှားချင်တဲ့သူတွေက အများကြီးရှိတယ်။ တက္ကစီအငှားရှာနေတဲ့သူတွေ ကလည်း အများကြီးရှိတယ်။ ဒီစနစ်အပေါ်မှာ တက္ကစီငှားချင်တဲ့သူနဲ့ တက္ကစီအငှားရှာနေတဲ့သူတွေက တစ်ယောက်နဲ့တစ်ယောက် မျက်နှာချင်းဆိုင်မတွေ့ဘဲ ခရီးသည်ရသွားပါတယ်။ ဒါက တက္ကစီငှားချင်တဲ့သူတွေနဲ့ တက္ကစီတွေကို စုပေါင်းပြီးတင်ထားနိုင်လို့ ဖြစ်လာတဲ့စနစ် တစ်ခုပါ။ တက္ကစီနည်းနေရင် မအောင်မြင်ပါဘူး၊ ငှားတဲ့လူ နည်းရင်လည်း မအောင်မြင်ပါဘူး။ အများကြီးကို စုပေး ထားနိုင်မှ အောင်မြင်တာပါ။ Uber , Grab, GoJek တို့ တွေက စုပေါင်းဆောင်ရွက်ခြင်းစနစ် တစ်ခုပါ။

 

အစီအစဉ်မှူး။ ။ ဒီလိုစနစ်တွေကို တစ်နိုင်တစ်ပိုင် ဖြစ်ဖြစ် ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖြစ်ဖြစ် စတင်လုပ်ကိုင်မယ်ဆိုရင် အသုံးပြုနိုင်မယ့် အလွယ်ကူဆုံးနည်းလမ်းတွေကို ပြောပြပေးပါဦး။

 

ဦးရာဝီ။ ။ ခုနပြောသွားသလို ကုမ္ပဏီအကြီးတွေမှာ သူတို့လုပ်ထားတဲ့ ပလက်ဖောင်းတွေ ရှိမယ်။ ကိုယ်လိုချင်တဲ့ပလက်ဖောင်းမျိုးက ဒီမှာမရှိဘူး သို့မဟုတ် ရှိတယ်။ လူတွေကလည်း မများသေးဘူးဆိုရင် လွယ်လွယ်ကူကူ ဘယ်လိုလုပ်လို့ရမလဲဆိုတာ တွေးလို့ ရပါတယ်။ ဒါက မိမိအနေနဲ့ ဉာဏ်ရှိရင်ရှိသလို တွေးပြီး သုံးရမယ်။ ဒါပေမယ့် အဓိက မမေ့ရမယ့်အရာက စုပေါင်း စနစ် စစ်စစ်မဟုတ်သော်လည်း Facebook မှာ စုပေါင်း စနစ်ရဲ့ တချို့အစိတ်အပိုင်းတွေ သူ့မှာရှိတယ်။ လူတွေ အများကြီးရှိတယ်။

 

လူတွေအများကြီးမှာ ရည်ရွယ်ချက်တူတဲ့သူချင်း စုရတာ သိပ်မခက်ပါဘူး။ ဝါးဝါသနာရှင်တွေ၊ ဝါးဝယ်ယူ သူတွေရှိသလားဆိုပြီး ရှာကြည့်လိုက်တော့ မရှိပါဘူး။ မရှိရင် တည်ထောင်နိုင်ပါတယ်။ ဒါဆို စုစည်းပြီးသား ဖြစ်သွားတယ်။ စုစည်းပြီးသားဖြစ်သွားပြီဆိုရင် ဒီအပေါ် မှာ ကိုယ်လုပ်ချင်တာ လုပ်လို့ရသွားပြီ။ ဥပမာ - အရောင်း အဝယ်ပို့စ်တွေ၊ အရောင်းအဝယ်အုပ်စုတွေမှာ ဒါဝယ်ချင် ပါတယ်ဆိုပြီး သူက တင်လိုက်တယ်။

 

လူတွေ အများကြီးထဲက သူအနေနဲ့ ဒါကို ဝယ်ချင် တယ်။ ဟိုက ရောင်းချင်တယ်။ အုပ်စုကလည်း တူနေပြီ၊ သူ့မှာရောင်းချင်တာ မရှိရင်တောင်မှ သူ့မိတ်ဆွေမှာ တင်ထားတာရှိရင် အရောင်းပို့စ်အောက်မှာ ဒါတွေရှိတယ် ဆိုပြီး တန်းစီပြီး အများကြီးတွေ့ရမယ်။ သူသည် စနစ် အမှန်မဟုတ်ဘူး၊ ကွပ်ကဲမှုမရှိဘူး။ ကွပ်ကဲမှုက ဘာလဲဆို တော့ ဒီအရောင်းအဝယ်ပို့စ်ဆိုပြီး တင်လိုက်တယ်။ လိမ်လည်မှုတွေဖြစ်သွားတယ်။ ခံလိုက်ရတယ်။

 

မခံရအောင် ကွပ်ကဲမှုစနစ်တွေ လိုပါတယ်။ ဒါတွေ မရှိခင်စပ်ကြားမှာ ဒီလိုစနစ်တွေနဲ့ ခဏ ကျားကန်ပြီး လွယ်လွယ်ကူကူ လုပ်လို့ရပါတယ်။ ဥပမာ - ကျွန်တော်တို့ ဆီမှာ စာရေးဆရာတစ်ယောက် ရှိပါတယ်။ နည်းပညာ သမားလည်း ဖြစ်တယ်။ စာအုပ်ရေးတာလည်း ဝါသနာပါ တယ်။ ကိုဗစ်ရောဂါဝင်လာတဲ့အခါ နည်းပညာအလုပ်တွေ အများကြီး မလုပ်တော့ဘဲ သင်တန်းကျောင်းကို ခဏ ရပ်ထားပြီး စာအုပ်တွေ စရေးပါတယ်။

 

စာရေးဆရာတစ်ယောက်မှာ အခက်အခဲအကြီးဆုံး တစ်ခုရှိပါတယ်။ ဒါက သူရေးထားတဲ့ စာအုပ်တွေကို ဘယ်နှယောက်က စိတ်ဝင်စားတာလဲ၊ ဘယ်နှယောက်က ဝယ်မှာလဲ၊ ဘယ်သူတွေက ဝယ်မှာလဲ၊ ဘယ်နှအုပ်ရိုက်ရ မှာလဲဆိုပြီး သိဖို့လိုပါတယ်။ ဒီအပေါ်မှာမူတည်ပြီး ကြိုတင်ပုံနှိပ်ရပါမယ်။ အလွယ်ကူဆုံး ဘာလုပ်လို့ရလဲ ဆိုတော့ ဖောင်ပုံစံတစ်ခု လုပ်လိုက်တယ်။ မေးခွန်းလည်း အနည်းဆုံးမေးရမယ်။

 

ခက်ခဲသွားရင် ဘယ်သူမှ မလုပ်ဘူး။ စာအုပ်မှာမယ် ဆိုရင် ဘယ်သူမှာတာလဲ၊ နာမည်တော့ သိဖို့လိုတယ်။ ဆက်သွယ်ရန် ဖုန်းနံပါတ်၊ PDF အနေနဲ့ အီးမေးလ်ပို့မှာ ဖြစ်တဲ့အတွက် အီးမေးလ်လိပ်စာ တောင်းရမယ်။ စာအုပ် ကို အိမ်တိုင်ရာရောက် ပို့ရမှာဖြစ်တဲ့အတွက် လိပ်စာ တောင်းမယ်။ ဒီလောက်တောင်းလိုက်ရင် သူလိုချင်တယ် ဆိုတာကို သိသွားပြီ။ ဒါက ကြိုတင်မှာတဲ့စနစ်ဖြစ်ပါတယ်။

 

ပိုက်ဆံတောင်းမလား၊ မတောင်းဘူးလားဆိုတာ လည်း ရှိပါတယ်။ ငွေပေးစနစ် ကောင်းကောင်းမရှိတဲ့ အချိန်မှာ မတောင်းသေးဘူး ထားလိုက်တယ်။ စာအုပ် တကယ်ထွက်ပြီဆိုရင် ပိုက်ဆံပေးမှ ပို့ပေးမယ်။ ဒီအတွက် နောက်ထပ် စာမျက်နှာထားပြီး ဘဏ်အကောင့် ပေးလိုက် တယ်။ သူ့ဆီကို ပိုက်ဆံလွှဲပြီးပြီဆိုရင် Screen Shot ရိုက်ပြီး အီးမေးလ်ပို့လိုက်ရင် စာအုပ်နဲ့ PDF ကို တန်းပြီး ပို့ပေးလို့ရပါပြီ။

 

ဒီလို စုပေါင်းဆောင်ရွက်ခြင်းစနစ်တွေက တတ်နိုင် သမျှ ရိုးရှင်းရမယ်။ စိတ်ဝင်စားမှုလည်း ရှိရမယ်ဆိုတော့ စာရေးဆရာက ဘာလုပ်သလဲဆိုတော့ တစ်ယောက် မှာလိုက်တိုင်း ဒီစာအုပ်ကို ဘယ် နှယောက်မှာသွားပြီဆိုတဲ့ အရေအတွက် တိုးတိုးသွားတယ်။ ဒါမျိုးလေးတွေကအစ စဉ်းစားပြီး ကောင်းအောင်လုပ်ထားမယ်ဆိုရင် ကျွန်တော် တို့က လုပ်လို့ရပါပြီ။ ဘာလိုသလဲဆိုတော့ နှစ်ခုပဲ လိုတယ်။ Facebook စာမျက်နှာတစ်ခုနဲ့ Form ဖောင်တစ်ခု တည်ဆောက်ရမယ်။ Google Form ကို သွားရင် အဆင်သင့်လုပ်ပြီးသား ဖောင်တွေထဲက ကိုယ်နဲ့ အသင့်တော်ဆုံး ဖောင်တစ်ခုကိုယူပြီး ဖန်တီးလိုက်ပါ။

 

ကျွန်တော် ဒါလုပ်ချင်တယ်။ ဘယ်သူတွေ စိတ်ဝင် စားသလဲ၊ စာရင်းပေးပါဆိုပြီး ဒီဖောင်ကို Facebook မှာ တင်လိုက်ပါ။ ဒါကစုပေါင်းဆောင်ရွက်ခြင်းစနစ် မဟုတ် ပေမယ့် ဒီအထဲက အစိတ်အပိုင်းတချို့ကို အသုံးပြုပြီး လုပ်ထားတာဖြစ်ပါတယ်။ တကယ်တမ်း ဒီလိုမျိုးတွေက အတော်စနစ်ကျအောင်လုပ်ဖို့ လိုအပ်ပါတယ်။ ဒါတွေက လည်း အချိန်အတိုင်းအတာတစ်ခုကျရင် ဖြစ်လာမှာပါ။

 

အစီအစဉ်မှူး။ ။ စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ မိမိရဲ့ ထုတ်ကုန်တွေ၊ အဖွဲ့အစည်း တွေနဲ့ မိမိရဲ့ပရောဂျက်တွေကို စုပေါင်းဆောင်ရွက်ခြင်း စနစ်နဲ့ ဘယ်လိုချဉ်းကပ်လို့ ရနိုင်သလဲဆိုတာ ရှင်းပြပေးပါဦး။

 

ဦးသက်နိုင်စိုး။ ။ ကျွန်တော်တို့အနေနဲ့ မိမိရဲ့ ထုတ်ကုန်တွေရှိမယ်။ ပရောဂျက် တွေရှိမယ်။ မိမိက ပုဂ္ဂလိကလုပ်ငန်းရှင် တစ်ယောက်လည်း ဖြစ်နိုင်တယ်။ ဒါမှမဟုတ် အဖွဲ့အစည်းတစ်ခုအနေနဲ့ မိမိရဲ့ ထုတ်ကုန်တွေ၊ ပရောဂျက်တွေကို ချပြမယ်၊ စုပေါင်း ဆောင်ရွက်ခြင်းစနစ်တစ်ခုနဲ့ ချဉ်းကပ်မယ်ဆိုရင် လွယ်လင့်တကူဖြစ်တာရှိမယ်။ မိမိကို အကူအညီပေးနိုင်တဲ့ အခန်းကဏ္ဍတွေ အများကြီးရှိပါတယ်။

 

ဒီအထဲမှာ ရွေးချယ်တင်ပြချင်တာက Kickstarter ဆိုတဲ့ ဝက်ဘ်ဆိုက်တစ်ခု ဖြစ်ပါတယ်။ ကျွန်တော်တို့က www.kickstarter.com ကို သွားလိုက်မယ်ဆိုရင် သူ့ရဲ့ ကူညီစီစဉ်ပေးတဲ့နည်း၊ Operation နဲ့ ချဉ်းကပ်ရမယ်၊ လည်ပတ်ရမယ်ဆိုတဲ့ကိစ္စတွေကို သူတို့ရဲ့ ပင်မစာမျက်နှာ မှာ အရင် တွေ့ရပါမယ်။ Crowdsourcing, Crowdfunding အစရှိတဲ့ စုပေါင်းဆောင်ရွက်ရမယ့် လုပ်ငန်းသဘောတရား မှာ ပါဝင်ပတ်သက်တဲ့ လူတွေက သူတို့စိတ်ဝင်စားတဲ့ကဏ္ဍ တွေရှိပါတယ်။

 

အနုပညာကဏ္ဍမှာ တချို့က စာအုပ်စာပေကို စိတ်ဝင်စား တယ်။ ကျွန်တော်တို့ဆိုရင် နည်းပညာနဲ့ ဒီဇိုင်းကို ခုံမင် တယ်။ အစားအသောက်၊ ကွန်ပျူတာ ဗီဒီယိုဂိမ်းအစရှိတဲ့ အခန်းကဏ္ဍတွေလည်း ပါဝင်လို့ရပါတယ်။ ခြုံငုံသုံးသပ်သင့် တာက Supply and Demand ဖြစ်ပါတယ်။ Supply ဆိုတာ က ပုဂ္ဂလိကလုပ်ငန်းရှင်ဖြစ်ဖြစ်၊ အဖွဲ့အစည်းဖြစ်ဖြစ် ဘာတွေကို ချပြနိုင်သလဲ၊ ဘာတွေကို ပံ့ပိုးပေးနိုင်သလဲ၊ ဖြည့်ဆည်းပေးနိုင်သလဲပါ။

 

ပြီးရင် ပရိသတ်၊ စားသုံးသူအနေနဲ့ ဘာတွေကိုစိတ်ဝင်စား တယ်၊ လိုအပ်တယ်ဆိုတဲ့ Supply and Demand ကို ဘယ်လိုချင့်ချိန်မယ်ဆိုတာကို Kickstarter ဝက်ဘ်ဆိုက်မှာ ချိန်ခွင်လျှာ ညှိလို့၊ ချင့်ချိန်လို့ ရပါတယ်။ သုံးစွဲမယ့်သူ နှစ်မျိုး ကို သေသေချာချာ ကဏ္ဍခွဲထားဖို့ လိုပါတယ်။

 

တစ်နည်းအားဖြင့် ဖန်တီးသူ သို့မဟုတ် Creator က ကိုယ့်ရဲ့ အချက်အလက်တွေကို အကောင်အထည်ဖော်မယ်၊ ရုပ်လုံးဖော်မယ်။ ပြီးရင် ကိုယ့်ကိုအားပေးမယ့် စားသုံး သူတွေ၊ ပရိသတ်တွေကို ချပြမယ်။ Kickstarter ဝက်ဘ်ဆိုက် မှာ Backer လို့ခေါ်ပါတယ်။ Support လုပ်တာ၊ အားပေးမယ့် သူအနေနဲ့ ရှိတာဖြစ်ပါတယ်။

 

သဘောတရားက ကိုယ်က ဖန်တီးရတယ်။ အရင်က မရှိသေးဘူး။ ကိုယ်က ဖန်တီးလိုက်တယ်ဆိုရင် ဒါက ရုပ်လုံးပေါ်လာပြီ၊ အကောင်အထည်ပေါ်လာပြီ။ ဒါပေမယ့် ခက်တာက ဒါတွေက အလကားမရဘူး။ ဒီတော့ လုပ်ငန်းရဲ့ သဘောတရားအရ ရင်းနှီးမြှုပ်နှံမှုတွေ ပါလာတယ်။ ဒီအတွက် လိုအပ်တဲ့ရင်းနှီးမြှုပ်နှံမှု ရှာဖွေချင်တာကို Crowdsourcing, Crowdfunding ဆိုတဲ့ စုပေါင်းဆောင်ရွက်တဲ့စနစ်ကို အသုံးချချင်တာ ဖြစ်ပါတယ်။

 

ကိုယ့်ကို အားပေးထောက်ခံမယ့် တစ်ယောက်ယောက် က ကိုယ်လိုအပ်တဲ့ ငွေကြေး သိန်းတစ်ရာဖြစ်စေ၊ သိန်း တစ်ထောင်ဖြစ်စေ ထောက်ပံ့နိုင်ဖို့က အခက်အခဲရှိနိုင်တယ်။ Long Tail သဘောတရားအရ ငွေကြေးပမာဏများရင် လူနည်းစုလောက်ပဲ ထောက်ပံ့ပေးနိုင်မှာဖြစ်ပါတယ်။ ကိုယ့်ကို ရင်းနှီးမြှုပ်နှံမှုနဲ့ ထောက်ခံအားပေးချင်တဲ့ ပရိသတ် Kickstarter User တွေအနေနဲ့ ၅၀၀၀၀၊ တစ်သိန်း စတဲ့ ငွေပမာဏအနည်းငယ်ကို လူများများက ထည့်သွင်းပြီး ပါဝင်နိုင်တယ်ဆိုတဲ့ စုပေါင်းဆောင်ရွက်ခြင်း သဘောတရား ကို တည်ဆောက်ချင်တာဖြစ်ပါတယ်။

 

ဒါမျိုးကို Kickstarter လို ဝက်ဘ်ဆိုက်မှာ တော်တော် အံဝင်ခွင်ကျဖြစ်တယ်လို့ တင်ပြချင်ပါတယ်။ ဒီကိစ္စခက်ခဲ ရင် လူတွေက မလုပ်ချင်ဘူး။ ဒါကို အပေါ့ပါးဆုံးနဲ့ ပုဂ္ဂလိက ဖြစ်ဖြစ်၊ စီးပွားရေး အဖွဲ့အစည်းဖြစ်ဖြစ် Creator တွေက ကိုယ့်ရဲ့ဖန်တီးမှု၊ အိုင်ဒီယာကို ပရောဂျက်တစ်ခုအနေနဲ့ စဖို့ www.kickstarter.com ကို သွားမယ်ဆိုရင် သူတို့က Creator ထုတ်လုပ်မယ့်သူကို လင့်ခ်ပေးထားမယ်။

 

ဒီ Page မှာ မိမိပရောဂျက်ကို အစပြုဖို့ ခလုတ်ကို နှိပ်လိုက်ပြီဆိုရင် စပြီးအကောင်အထည်ဖော်လို့ရပါပြီ။ နောက်တစ်ခုက ဒီပရောဂျက်ကို ဘယ်ကဏ္ဍမှာ အကောင် အထည်ဖော်ချင်တာလဲဆိုရင် နည်းပညာနဲ့ ဒီဇိုင်းလား၊ ဒါမှမဟုတ် အနုပညာပိုင်းလား၊ အစားအသောက်ပိုင်းလား စသဖြင့် ကဏ္ဍတစ်ခု ကိုယ်က ရွေးပေးရပါမယ်။

သဘောတရားအနေနဲ့ မိမိလုပ်ချင်တဲ့ ဖန်တီးမှုတွေကို ကိုယ့်ခေါင်းထဲမှာက အလွန်ရိုးရှင်းပြီး အဓိပ္ပာယ်ရှိပါတယ်။ သူများကို ချပြလိုက်တဲ့အခါ ထင်သလောက် သူများနားမလည် တာ ဖြစ်တတ်ပါတယ်။ ဒီတော့ မိမိရဲ့ဖန်တီးမှုတွေ၊ အိုင်ဒီယာ တွေကို သူများနားလည်လွယ်မယ့် လိုအပ်တဲ့အချက် အလက်တွေ မလွတ်ရအောင် လိုတိုရှင်းတင်ပြဖို့ အရေးကြီး ပါတယ်။ မိမိဖန်တီးမှုရဲ့ အကျဉ်းချုပ်ကို တင်ပြပြီးပြီဆိုရင် ကိုယ်ရေးအချက်အလက်တွေက အရေးကြီးပါတယ်။

 

ဒီနေရာမှာ သတိထားရမှာက Wikipedia မှာဆိုရင် Edit လုပ်ဖို့၊ ပြုပြင်ဖို့၊ Account Creation မလိုအောင်၊ အခက်အခဲအနည်းဆုံးရှိအောင် စီစဉ်ပေးထားတယ် ဆိုပေမယ့် Kickstarter ဝက်ဘ်ဆိုက်မျိုးမှာ မိမိရဲ့ Information ကို အချက်အလက် အပြည့်အစုံတင်ပြဖို့လိုပါ တယ်။ Kickstarter ဝက်ဘ်ဆိုက်မှာ အကောင့်မရှိသေး ဘူးဆိုရင် ကိုယ့်အတွက် အကောင့်သစ်တစ်ခု ပြုလုပ်ရပါမယ်။

 

မိမိရဲ့ ပရောဂျက်၊ ဖန်တီးမှုကို အသေးစိတ်ရှင်းပြရမှာ ဖြစ်တဲ့အတွက် ခေါင်းစဉ်တွေက နည်းနည်းများတယ်။ ခုနစ်ခုလောက်ရှိလိမ့်မယ်။ အခြေခံအချက်အလက်တွေက မပါမဖြစ် စီစဉ်ပေးရမယ်။ ဘယ်လိုခေါင်းစဉ်မျိုးလဲ၊ ဘယ်လို ဖန်တီးမှုအကျဉ်းချုပ်လဲ ဆိုတာတွေပါမယ်။

 

ပြီးရင် မိမိအတွက်လိုအပ်တဲ့ ရင်းနှီးမြှုပ်နှံမှုပါ။ ကိုယ်က ရည်မှန်းထားတာ ဘယ်လောက်လဲ၊ အကယ်၍ ကိုယ့်ရဲ့ ဖန်တီးမှုကို စိတ်ဝင်စားတဲ့ ပရိသတ်တွေ၊ ထောက်ပံ့ပေးမယ့် သူတွေ၊ အားပေးမယ့်သူတွေ အပြည့်အဝရခဲ့မယ်။ ရည်မှန်း ချက်ပမာဏကို ကျော်လွန်မယ်၊ ပြည့်ဝမယ်ဆိုရင် ဘယ်လို အကျိုးခံစားခွင့်တွေကို စီစဉ်ပေးမှာလဲ။ အစီအစဉ်တွေကို လည်း အမျိုးအစားခွဲခြားပြီး စီစဉ်ပေးနိုင်တယ်။ တစ်မျိုးမက စီစဉ်ပေးနိုင်ပါတယ်။

 

သူ့မှာ Story ဆိုတဲ့ကဏ္ဍ ပါပါတယ်။ ဒီကဏ္ဍကို အထူး ရှင်းပြချင်ပါတယ်။ ဘာလဲဆိုတော့ မိမိရဲ့ ဖန်တီးမှုနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို စာအပြင်၊ ရုပ်သံ၊ ဗီဒီယိုတွေပါ တွဲဖက်ပြီး တင်ပြနိုင်မယ်ဆိုရင် အားသာချက် ကို မိမိဘက်မှာရှိအောင် တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။ နောက်တစ်ပိုင်းက မိမိရဲ့ဖန်တီးမှုက ဘယ်သူတွေအတွက်လဲ ဆိုတော့ User ပါ။ ပြီးရင် ရင်းနှီးမြှုပ်နှံမှု၊ ငွေရေးကြေးရေး ကိစ္စတွေ ပါလာတဲ့အတွက် ဘဏ်နဲ့ပတ်သက်တဲ့ အချက် အလက်ကို စနစ်တကျ စီစဉ်ပေးဖို့ လိုအပ်ပါတယ်။

 

ပုဂ္ဂလိကအနေနဲ့ လိုအပ်တဲ့ရင်းနှီးမြှုပ်နှံမှုကို လက်ခံဖို့ ဘဏ်အချက်အလက်တွေ ကိုယ်က စီစဉ်ပေးရသလို ကိုယ့်ကို ထောက်ခံအားပေးမယ့်သူတွေ အသုံးပြုနိုင်တဲ့ ဘဏ်အချက် အလက်တွေကိုလည်း သတ်မှတ်ပေးရပါတယ်။ ကိုယ့်ကို လူဘယ်နှယောက်သိမှ ဘယ်နှယောက်က အားပေးမယ် ဆိုတဲ့ ဈေးကွက်သဘောတရားကိုလည်း အခြေခံထား တဲ့အတွက် ပရိုမိုးရှင်းကြော်ငြာအစီအစဉ်က ထည့်သွင်း စီစဉ်ပေးရပါတယ်။

 

ဒါက ကိုယ့်ဘက်က စီစဉ်တာပါ။ သူတို့ဘက်ကကဏ္ဍ တွေလည်း ပါပါတယ်။ ဖန်တီးသူနဲ့ အားပေးသူ ကြားထဲမှာ အလွှာတွေရှိပါတယ်။ ဒီမှာအလွယ်တကူပဲ Review Process တစ်ခုထားတယ်။ ဒါကို သူတို့က ဆန်းစစ်မယ်၊ သုံးသပ်မယ်။ ဒါက သူတို့ရဲ့ Guideline တွေနဲ့ ကိုက်ညီရဲ့ လား။ ကိုယ်ရဲ့ ဖန်တီးမှုသဘောတရားနဲ့ ကိုယ့်ရဲ့ အကြောင်း အရာ အချက်အလက်တွေအပေါ်မှာ မူတည်ပါတယ်။

 

သူတို့ရဲ့ ဆန်းစစ်တဲ့လုပ်ငန်းစဉ် ပြီးမြောက် အောင်မြင် ပြီဆိုရင် ကျွန်တော်တို့က စပြီးဖြန့်ချိလို့ရပါပြီ။ ဒါကို ပရိသတ်ကို စတင်ချပြတော့မယ်။ ကိုယ့်ရဲ့ဖန်တီးမှုတွေ အတွက် လိုအပ်တဲ့ရင်းနှီးမြှုပ်နှံမှု ရရှိအောင် အားပေး ထောက်ခံသူတွေကို တင်ပြမယ်ဆိုရင် Kickstarter မှာ အရေးကြီတဲ့ အချက်တစ်ချက်ရှိပါတယ်။

 

ဒါက All – or - Nothing ဆိုတဲ့ သဘောတရားပါ။ ဒါက ကိုယ်လိုအပ်တဲ့ ရင်းနှီးမြှုပ်နှံမှုကို ကိုယ်က သတ်မှတ် ထားတယ်။ သတ်မှတ်ထားတဲ့ ပမာဏလည်းရှိမယ်။ သတ်မှတ်ထားတဲ့ကာလလည်း ရှိမယ်။ ဒီအတွင်းမှာ မရရှိ ဘူးဆိုရင် ကိုယ့်အနေနဲ့ ဒီလုပ်ငန်းကို စတင်ဖို့ အာမခံစရာ မလိုဘူးဆိုတဲ့ သဘောတရားဖြစ်ပါတယ်။

 

ဒီတော့ သတ်မှတ်ပမာဏကို သတ်မှတ်ကာလအတွင်း ရပြီဆိုမှ စတင်လို့ အဆင်ပြေတယ်ဆိုတဲ့ သဘောတရားကို Kickstarter ဝက်ဘ်ဆိုက်အနေနဲ့ လက်ခံပေးတယ်။ ကူညီ ပေးတယ်။ အချက်အလက်တွေနဲ့ တည်ဆောက်ပေးတာ ဖြစ်ပါတယ်။ ဒီနေရာမှာ ပြန်ပြီးသုံးသပ်သင့်တာက လူအများစုနဲ့ ကိုယ့်ရဲ့ ဖန်တီးမှု၊ Idea တွေကို ချပြမယ်ဆိုရင် ကိုယ်က အကူအညီရနိုင်တယ်ဆိုတာ ကျွန်တော်တို့အတွက် ထင်သာမြင်သာ ရှိသွားပါတယ်။

 

အစီအစဉ်မှူး။ ။ အနုပညာရှင်၊ အတတ်ပညာရှင်၊ Digital Creative အနေနဲ့ မိမိရဲ့ တစ်ပိုင်တစ်နိုင် လုပ်ငန်းစဉ်တွေကို စုပေါင်းဆောင်ရွက် ခြင်းစနစ်နဲ့ အခြားချဉ်းကပ်နည်းတွေ ရှိနေသလား ဆိုတာကိုလည်း ဆွေးနွေးပေးပါဦး။

 

ဦးသက်နိုင်စိုး။ ။ နောက်တစ်ခုက Patreon ဆိုတဲ့ ဝက်ဘ်ဆိုက်ပါ။ သူတို့ရဲ့ ဝက်ဘ်ဆိုက် မှာ Creator တွေ နှစ်သိန်းကျော်ရှိတယ်ဆိုတာကို မြင်ရပါ တယ်။ ကိုယ်က ဒီဝက်ဘ်ဆိုက်မှာ ပါဝင်ချင်တယ်။ ကိုယ့်ဖန်တီးမှုတွေကို အများကို ချပြချင်တယ်။ ပရိသတ် က ကိုယ့်ကို ထောက်ခံအားပေးစေချင်တယ်ဆိုရင် www.patreon.com ဝက်ဘ်ဆိုက်မှာလာပြီး Sign up လုပ်မယ်။ အကောင့်ဖွင့်ပြီးတာနဲ့ ကိုယ့်ကို Subscribe လုပ်တယ်။ အားပေးလို့ရပါပြီ။

 

ဒီမှာ အရေးကြီးတဲ့အချက်က Kickstarter မှာ Onetime တစ်ကြိမ်ပဲဆိုတဲ့ သဘောတရားကို သူတို့က အကောင်အထည်ဖော်တယ်။ ကျွန်တော်တို့က ပရောဂျက် တစ်ခုရှိတယ်ဆိုရင် ဒီပရောဂျက်ကို Campaign တစ်ခု အနေနဲ့ တည်ဆောက်လိုက်မယ်။ နောက်ဖန်တီးမှုတစ်ခု၊ နောက်ပရောဂျက် တစ်ခုရှိမယ်ဆိုရင်လည်း နောက် Campaign တစ်ခုအနေနဲ့ ကျွန်တော်တို့က ချဉ်းကပ် လိုက်လို့ ရပါတယ်။

 

Patreon ကျတော့ ဘယ်လိုသဘောတရားကို ကူညီပေးချင်တာလဲဆိုတော့ လစဉ်၊ လစဉ် အားပေးသွား ချင်တယ်ဆိုတဲ့ သဘောမျိုးပါ။ ဥပမာ - သတင်းစာတွေ၊ မဂ္ဂဇင်းတွေ ကိုယ်က တစ်ခါဝယ်ဖတ်လို့ရတယ်။ ဒါမှမဟုတ် အပတ်စဉ်၊ လစဉ်အားပေးချင်တယ်ဆိုတဲ့ သဘောတရား နဲ့ ဆင်တူယိုးမှားရှိပါတယ်။ ကိုယ့်ရဲ့ Fan တွေ၊ ထောက်ခံ အားပေးသူတွေ၊ မိသားစုဝင်တွေ၊ မိတ်ဆွေ သူငယ်ချင်း တွေ၊ ပရိသတ်တွေက ကိုယ့်ကိုအားပေးချင်တဲ့ ကာလ တစ်လျှောက်လုံး ပုံမှန်အားပေးနိုင်တယ်ဆိုတဲ့ သဘော တရားနဲ့ တည်ဆောက်ထားပါတယ်။

 

သဘောတရားက ရှင်းပါတယ်။ ကိုယ့်ကို ပုံမှန်အားပေး တဲ့သူကို အများနဲ့မတူ တစ်မူထူးခြားတဲ့ စီစဉ်မှုတွေကို ချပြချင်တာဖြစ်ပါတယ်။ ပုံမှန်အားပေးနေတဲ့ ပရိသတ် ဆိုရင် Public Social Media Platform တွေမှာချပြတဲ့ ရုပ်သံဗီဒီယိုတွေဆိုရင် ပုံမှန်တစ်ပတ်တစ်ခါ၊ တစ်ပတ် နှစ်ခါချပြရင် ကိုယ်ချပြတဲ့အချိန်မှာ ကိုယ့်ရဲ့ ပရိသတ်က ပုံမှန်အားပေးလို့ရပါတယ်။

 

ဥပမာ - တစ်လကို ငါးဒေါ်လာသော်လည်းကောင်း၊ မြန်မာကျပ်ငွေ ခုနစ်ထောင် ဝန်းကျင်လောက်ဖြင့် Patreon မှာ ကိုယ့်ရဲ့ Package ကို ယူထားတဲ့ ပရိသတ် က ရုပ်သံဗီဒီယိုတွေကို စောပြီးကြည့်ရှုနိုင်တယ်။ ဒါကိုလည်း Limited Access အနေနဲ့ထားတာဖြစ်ပါတယ်။ ဥပမာ-မြန်မာကျပ်ငွေ တစ်သောင်းလောက်နဲ့ လစဉ်အားပေးရ တယ်ဆိုရင် Special Content လို့ခေါ်တဲ့ အထူးရုပ်သံ ဗီဒီယိုတွေကို Package ယူထားတဲ့ ပရိသတ်တွေကပဲ ကြည့်ရှုနိုင်တယ်ဆိုတဲ့ သဘောတရားကို တည်ဆောက်ထားတယ်။

 

မြန်မာကျပ်ငွေ တစ်သောင်းခွဲ၊ နှစ်သောင်း သတ်မှတ် ထားတဲ့ ဈေးအကြီးဆုံး Package ကို ယူထားတဲ့သူတွေ ကပဲ Digital Creative တွေနဲ့ တိုက်ရိုက်ကို ပြောဆိုနိုင် မယ်။ ဒီအားပေးသူ အရေအတွက်ကလည်း အလွန်ကို နည်းနိုင်ပါတယ်။ Special Access သီးသန့်ဆိုတဲ့ သဘောတရားကို ဆောင်ပါတယ်။

 

Facebook, YouTube, Twitter , Instagram တို့မှာ ဒီလိုစုပေါင်းစပ်ပေါင်း Crowd Sourcing ဆိုတဲ့ သဘော တရားတွေ ပါတယ်ဆိုပေမယ့် တစ်နေရာတည်းမှာ၊ ဝက်ဘ်ဆိုက်တစ်ခုတည်းမှာ ဒီအင်္ဂါရပ်တွေကို အပြည့် အစုံနဲ့ စီစဉ်ပေးထားတယ်ဆိုရင် ကျွန်တော်တို့ရဲ့ ဖန်တီးသူ တွေ၊ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းတွေပဲဖြစ်ဖြစ်၊ တစ်နိုင် တစ်ပိုင် တင်ပြချင်တဲ့ အတတ်ပညာရှင်တွေ၊ အသိပညာရှင် တွေ၊ အနုပညာရှင်ဖြစ်ဖြစ် ဒါမှမဟုတ် အဖွဲ့အစည်းတွေ ကိုယ်တိုင်က ဒါတွေကိုအသုံးပြုပြီး ကိုယ့်ရဲ့ တီထွင်မှုတွေ၊ ဖန်တီးမှုတွေ၊ ကိုယ့်ရဲ့ ထုတ်ကုန်တွေ၊ Idea တွေကို အများသူငါထံ ချပြတဲ့အခါမှာ ကိုယ့်ဘက်က ပရိသတ် နဲ့ အနေနီးအောင် အလွယ်တကူ ကြိုးစားလို့ရပါတယ်။

 

ဒီသဘောတရားက ဘာလဲဆိုတော့ Kickstarter, Patreon အစရှိတဲ့ ဝက်ဘ်ဆိုက်တွေက ဒီစနစ်တွေကို စီစဉ်ပေးတဲ့အတွက် ကိုယ့်အနေနဲ့ ကိုယ့်ရဲ့ကျွမ်းကျင်မှု Profession ကို Focus ထားလို့ ရပါတယ်။ အကယ်၍ ကျွန်တော် အနုပညာရှင်တစ်ယောက် ဖြစ်ခဲ့မယ်ဆိုရင် နည်းပညာကို ကိုယ်တိုင် အနေဝေးတယ်ထားဦး၊ ဒီလို ဝက်ဘ်ဆိုက်တွေကို အသုံးပြုပြီး ကိုယ့်ရဲ့ ပရိသတ်တွေ၊ ထောက်ခံအားပေးသူတွေနဲ့ အနေနီးအောင် နေလို့ရပါ တယ်။ ကိုယ့်ရဲ့ဖန်တီးမှုတွေကို အလွယ်တကူ ချပြလို့ရ တယ်။ ရေရှည်တည်တံ့တဲ့ စီးပွားရေးစနစ်တစ်ခုကို တည်ဆောက်လို့ရတယ်ဆိုတဲ့ သဘောတရားရှိတဲ့အတွက် ဒီဝက်ဘ်ဆိုက်တွေကို သုံးသင့်တယ်လို့ ကျွန်တော့်အနေနဲ့ တင်ပြချင်ပါတယ်။ ကျေးဇူးတင်ပါတယ်။