စပါးအသင်းကို အနိုင်ရရှိပြီးနောက် ပြိုင်ပွဲစုံ လေးပွဲဆက် နိုင်ပွဲရရှိလာသည့် အာဆင်နယ်

အာဆင်နယ်နှင့် စပါးအသင်းတို့၏ ပရီမီယာလိဂ်ပွဲစဉ်(၆)ကို စက်တင်ဘာ ၂၆ ရက် ညပိုင်းက အမ်းမရိတ်ကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ရာ အာဆင်နယ်အသင်းက သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

လေးပွဲဆက်နိုင် အာဆင်နယ်အသင်းသည် ယခုနိုင်ပွဲကြောင့် ဩဂုတ် ၂၈ ရက်က ပြိုင်ဘက်မန်စီးတီး အသင်းကို ငါးဂိုးပြတ် ရှုံးနိမ့် ပြီးနောက်ပိုင်း ပြိုင်ပွဲအရပ်ရပ် လေးပွဲဆက် နိုင်ပွဲရရှိခဲ့ခြင်းဖြစ်သည်။ စပါးအသင်းက ယခုရှုံးပွဲကြောင့် ဩဂုတ် ၂၉ ရက်က ဝက်ဖို့ဒ်အသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိပြီး နောက်ပိုင်း ပြိုင်ပွဲစုံ ငါးပွဲဆက်နိုင်ပွဲ ပျောက်ဆုံးခဲ့ခြင်းဖြစ်သည်။ ပွဲကိုထိန်းချုပ်ကစားနိုင် ရလဒ်ကောင်း ရရှိရေး ဦးတည်လာသည့် အာဆင်နယ်အသင်းသည် တိုက်စစ်တွင် အူဘာမီယန်ကို အားပြုပြီး ဆာကာ၊ အိုဒီဂတ်၊ စမစ်ရိုဝီတို့ဖြင့်ပွဲထွက်လာခဲ့သည်။ ပြိုင်ဘက်စပါးအသင်းကလည်း အဓိက ကစားသမားများ ဖြစ်သည့် ဆွန်ဟောင်မင်၊ ကိန်း၊ မော်ရာတို့ကို အသုံးပြုကာ အာဆင်နယ်အသင်းကို ရင်ဆိုင်လာခဲ့သည်။ ပွဲချိန် ၁၂ မိနစ်တွင် အာဆင်နယ်အသင်းက ဦးဆောင်ဂိုးရရှိခဲ့ပြီး ဆာကာ၏ ဖန်တီးမှုမှတစ်ဆင့် စမစ်ရိုဝီက သွင်းယူပေးခဲ့သည်။ ထို့နောက်တွင်လည်း အာဆင်နယ်အသင်းကသာ ပွဲကိုထိန်းချုပ် ကစားနိုင်ပြီး ပွဲချိန် ၂၇ မိနစ်နှင့် ၃၄ မိနစ်တို့တွင် ဒုတိယဂိုးနှင့် တတိယဂိုးရရှိခဲ့သည်။ အဆိုပါ ဂိုးများကို အူဘာမီယန်နှင့် ဆာကာတို့ သွင်းယူပေးခဲ့သောကြောင့် ပထမပိုင်းကို အာဆင်နယ်အသင်းက သုံးဂိုး-ဂိုးမရှိဖြင့် စပါးအသင်းကို ဦးဆောင်နိုင်ခဲ့သည်။

ချေပဂိုးသွင်းယူ စပါးအသင်းသည်ဒုတိယပိုင်း ပြန်လည်စတင်ချိန်တွင် နည်းဗျူဟာအပြောင်းအလဲ အဖြစ် စကစ်၊ အီမာဆင်တို့ကို ထည့်သွင်းအသုံးပြုခဲ့သည်။ သို့သော်လည်း ပွဲချိန် မိနစ် ၇၀ ကျော်သည် အထိ ချေပဂိုးသွင်းယူနိုင်ခြင်းမရှိခဲ့ချေ။ ပွဲချိန် ၇၉ မိနစ်တွင် ရီဂူလီယွန်၏ ဖန်တီးမှုမှတစ်ဆင့် ဆွန်ဟောင်မင်က စပါးအတွက် ချေပဂိုး သွင်းယူပေးခဲ့သည်။ ထို့နောက် ဂိုးထပ်မံမသွင်းနိုင်ဘဲ အာဆင် နယ်အသင်းက သုံးဂိုး- တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

အာဆင်နယ်အသင်းသည် ယခုပွဲစဉ်ကို အနိုင်ရရှိခဲ့သောကြောင့် ပရီမီယာလိဂ် ပွဲစဉ်(၆) ယှဉ်ပြိုင် ကစားအပြီးတွင် သုံးပွဲ နိုင်၊ သုံးပွဲရှုံး ရမှတ် ကိုးမှတ် ရရှိလာပြီဖြစ်သည်။ စပါးအသင်းကလည်း ပွဲစဉ် (၆) အပြီးတွင် သုံးပွဲနိုင်၊ သုံးပွဲရှုံးဖြင့် ရမှတ် ကိုးမှတ်ရရှိထားသည်။ လာမည့် ပွဲစဉ်အဖြစ် အာဆင်နယ်အသင်း သည် အောက်တိုဘာ ၂ ရက်တွင် ဘရိုက်တန်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး စပါးအသင်းက အောက်တိုဘာ ၁ ရက်တွင် ကွန်ဖရင့်လိဂ်အဖြစ် ဆလိုဗေးနီးယားကလပ် မူရာအသင်းနှင့် ယှဉ်ပြိုင် ကစားရမည်ဖြစ်သည်။

အောင်ဇော်