စည်းလုံးခြင်းသည်ပြည်ထောင်စုခိုင်မြဲ

ပြည်ထောင်စုစိတ်ဓာတ်အခြေခံခိုင်မြဲအားကောင်းခဲ့သောကြောင့် တိုင်းရင်းသား လူမျိုးများအား အမျိုးမျိုးအဖုံဖုံ သွေးခွဲသော်လည်း သွေးမကွဲဘဲ စည်းလုံး ညီညွတ်ခဲ့ကြသည်။ တိုင်းရင်းသားတို့၏ စည်းလုံးညီညွတ်မှုကို ပြည်ထောင်စု ၏အမြုတေပင်လုံမြေတွင် အထင်အရှားပြသနိုင်သဖြင့် တောင်တန်း-ပြည်မ မခွဲခြားနိုင်တော့ဘဲ လုံးဝလွတ်လပ်သောနိုင်ငံအဖြစ်သို့ ရောက်ရှိလာခဲ့သည်။

ဆိုရပါလျှင် ပြည်ထောင်စုစိတ်ဓာတ် အခြေခံ အားကောင်းသောကြောင့် ပြည်ထောင်စုကြီးတစ်ခုလုံး စစ်မှန်သော လွတ်လပ်ရေး ရရှိခဲ့ခြင်းဖြစ်သည်။ စစ်မှန်သည့်လွတ်လပ်သောနိုင်ငံအဖြစ် လွတ်လွတ်လပ်လပ် ရပ်တည်နေရသော ဘဝကို လွယ်လွယ်ကူကူ ရရှိခဲ့ခြင်းမဟုတ်ပါ။ နှစ်ပေါင်းတစ်ရာကျော် အချိန်ကာလ ကြာရှည်စွာ မိမိတို့၏ဘိုးဘွားဘီဘင်များ၏အသက်သွေးချွေးနှင့် ဘဝများစွာ ရင်းနှီးပေးဆပ်ခဲ့ရသည်။ မိမိတို့၏ စည်းစိမ်ဥစ္စာ၊ နိုင်ငံ၏ရတနာ များ အမြောက်အမြားဆုံးရှုံးခဲ့ရသည်။

ထိုသို့ရင်းနှီးပေးဆပ်ပြီး ပြည်ထောင်စုစိတ်ဓာတ်အခြေခံအားကောင်း သောကြောင့် လွတ်လပ်သောနိုင်ငံအဖြစ်ကို ရရှိပိုင်ဆိုင်ခဲ့ခြင်းဖြစ်သည်။ လွတ်လပ်ရေးပြန်လည်ရရှိအောင် နှစ်ပေါင်းတစ်ရာကျော် ကြိုးပမ်းအားထုတ် ခဲ့ရသည်။ ခက်ခက်ခဲခဲ ရင်းနှီးပေးဆပ်ခဲ့ရသည်။ ကျားကုတ်ကျားခဲ ဇွဲနပဲနှင့် ရယူခဲ့ရသည်။ သို့သော် စည်းလုံးညီညွတ်မှုပြိုကွဲသောအခါ ခက်ခက်ခဲခဲရယူ ထားသော လွတ်လပ်ရေးသည် လွယ်လွယ်ကူကူ ဆုံးရှုံးသွားနိုင်သည်ကို သတိပြုရမည်။ ရက်ပိုင်းအတွင်း ဆုံးရှုံးသွားနိုင်သည်ကို သတိချပ်ရမည်။

စည်းလုံးညီညွတ်သည့် ပြည်ထောင်စုကြီးကို ရှေးအစဉ်အဆက် ကျွန်ုပ်တို့၏ မျိုးဆက်ခေါင်းဆောင်များက တည်ဆောက်ခဲ့ကြသည်။ ပထမ မြန်မာနိုင်ငံတော်၊ ဒုတိယမြန်မာနိုင်ငံတော်၊ တတိယမြန်မာနိုင်ငံတော်ကြီး များကို ရာစုနှစ်များစွာကြာအောင် စုစည်းတည်ထောင်ခဲ့ကြသည်။ စတုတ္ထ မြန်မာနိုင်ငံတော်ကြီးကို အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်မှုဖြင့် အမျိုးသားခေါင်းဆောင်များ၊ တိုင်းရင်းသား ခေါင်းဆောင် များက တိုင်းရင်းသားပြည်သူအားလုံးနှင့်အတူ စုစည်းတည်ဆောက်ခဲ့သည်။ သို့သော် စုစည်းတည်ဆောက်နိုင်မှုမှာ တာရှည်မခံ ယိမ်းယိမ်းယိုင်ယိုင်နှင့်မပြိုလဲအောင် ကျားကန်နေရသည်။

ပြည်ထောင်စုသားအချင်းချင်း အဆင်မပြေမှုများ မကြာခဏကြုံရသည်။ သဘောကွဲလွဲမှုများ မကြာခဏ ဖြစ်ရသည်။ ပဋိပက္ခများ ရံဖန်ရံခါဆုံတတ် သည်။ မတူကွဲပြားမှုများ ပေါင်းစည်းထားသည့် ပြည်ထောင်စုမြန်မာ နိုင်ငံတော်ကြီး တည်တံ့ခိုင်မြဲအောင် စည်းလုံးညီညွတ်မှုကို ခက်ခက်ခဲခဲ တည်ဆောက်ရသည်။ ဤသို့ အဆင်မပြေမှုများကို ဆန်းစစ်ကြည့်မည်ဆိုလျှင် လွတ်လပ်ရေးရပြီးသည့် အချိန်မှစ၍ ပြည်ထောင်စုစိတ်ဓာတ် ထားရှိမှ အားနည်းလာသောကြောင့်ဟု ဆင်ခြင်ရမည်ဖြစ်သည်။

တန်းတူညီမျှ လွတ်လပ်ရေးရရှိစေမည့် ပြည်ထောင်စုစိတ်ဓာတ်ကို ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလတွင် တည်ဆောက် နိုင်ခဲ့သော်လည်း ၁၉၄၈ ခုနှစ် ဇန်နဝါရီလမှစ၍ ပြည်ထောင်စုစိတ်ဓာတ်များ ယိုင်နဲ့ပြိုပျက် လာခဲ့သည်။ အကျိုးဆက်မှာ ပြည်တွင်းမငြိမ်းချမ်းမှု၊ နိုင်ငံရေးမတည်ငြိမ်မှုများဖြစ်လာ ရသည်။ ထိုသို့ဖြစ်ရခြင်းမှာ ခံယူချက်၊ ယုံကြည်ချက် ကွဲပြားမှု၊ ပုဂ္ဂိုလ်စွဲ၊ ဝါဒစွဲကြီးမားမှုကြောင့်ဖြစ်သည်။ တစ်နည်းဆိုလျှင် ပြည်ထောင်စုစိတ်ဓာတ် အားနည်းမှုကြောင့်ဖြစ်သည်။ ထို့ကြောင့် ပြည်ထောင်စုစိတ်ဓာတ် ခိုင်ကျည် မြဲမြဲအောင်၊ အားကောင်းအောင် မွေးမြူကြရမည် ဖြစ်သည်။ ။

ပြည်ထောင်စုစိတ်ဓာတ်သည် နိုင်ငံတော်၏မည်သည့်နေရာဒေသတွင် နေထိုင်သည်ဖြစ်စေ တစုတစည်းတည်း၊ တစည်းတလုံးတည်း စုစည်း နေထိုင်မည်ဟူသော စိတ်ဓာတ်ဖြစ်သည်။ အမိနိုင်ငံတော်ကြီးကို ချစ်ခင် မြတ်နိုးတန်ဖိုးထားပြီး တစ်စိတ်တစ်ဝမ်းတည်း ထိန်းသိမ်းကာကွယ် စောင့်ရှောက်မြှင့်တင်ခြင်းဟူသည့် ဝံသာနုရက္ခိတတရားတွင် အခြေခံ တည်ဆောက်ထားသည်။ ပြည်ထောင်စုစိတ်ဓာတ်သည် တိုင်းပြည်အတွက် အရေးကြီးသလို ပြည်ထောင်စုစိတ်ဓာတ် ခေါင်းပါးလာသည်နှင့် တိုင်းပြည် အတွက်၊ ပြည်ထောင်စုအတွက် အန္တရာယ်ကြီးမားလာသည်ကို သတိမူရမည် ဖြစ်သည်။

ကျွန်ုပ်တို့သည် လွတ်လပ်သောနိုင်ငံ၊ စည်းလုံးညီညွတ်သော ပြည်ထောင်စုဘဝတွင် လွတ်လပ်စွာ နေထိုင်ကြရသဖြင့် မလွတ်လပ်သော နိုင်ငံဘဝ၊ ပြည်ထောင်စုပြိုကွဲသော နိုင်ငံဘဝများ၏ ဆိုးကျိုးများကို မခံစား ကြရပေ။ ပြည်ထောင်စုပြိုကွဲသွားသော နိုင်ငံများ၏ဘဝသည် မည်မျှခါးသီး ဖွယ်ကောင်းသည် ပြည်သူများ ဒုက္ခဆင်းရဲမည်မျှ ကြီးမားစွာကျရောက်ခဲ့သည် တို့ကို ကမ္ဘာ့နိုင်ငံများ၏ ဖြစ်စဉ်များကိုလေ့လာ၍ နမူနာယူနိုင်သည်။ ထို့ကြောင့် ပြည်ထောင်စုမပြိုကွဲအောင် ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ကြ ရမည် ဖြစ်သည်။ ။

သို့ဖြစ်ရာ ပြည်ထောင်စုစိတ်ဓာတ်ခိုင်ကျည်မြဲမြံမှုကြောင့် ပြည်ထောင်စု တိုင်းရင်းသားများ၏ စည်းလုံးညီညွတ်မှုကို ၁၉၄၇ ခုနှစ် ဖော်ဖော်ဝါရီလ ၁၂ ရက်နေ့တွင် ပင်လုံမြေတွင် အခိုင်အမာ သက်သေပြနိုင်သကဲ့သို့ မျက်မှောက် ကာလ ပြည်ထောင်စုကြီး အဓွန့်ရှည်တည်တံ့ခိုင်မြဲရေးအတွက် ပြည်ထောင်စု စိတ်ဓာတ်များမွေးမြူကြကာ စည်းလုံးညီညွတ်မှုအားကောင်းအောင်ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။ ။
ကြေးမုံ