စိန်ခေါ်မှုတွေရှိနေတဲ့ကြားက နောက်ဆုံး ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုကို ထိန်းချုပ်ဖို့ ကြိုးစားနေတဲ့ မလေးရှား

===== ထွန်းကျော် =====

နေ့စဉ် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုတွေများနေသလို ကျန်းမာရေးစနစ် ဝန်ပိနေခြင်းက ကိုဗစ်-၁၉ ကပ်ရောဂါကို တိုက်ဖျက်တဲ့နေရာမှာ မလေးရှားနိုင်ငံအတွက် အဓိကစိန်ခေါ်မှုတွေ ဖြစ်နေပါတယ်။ ဒီအခြေအနေက ရုန်းထွက်ဖို့ အစိုးရကတော့ ကိုဗစ်- ၁၉ ကာကွယ်ဆေးတွေကို အရှိန်အဟုန်မြှင့် ထိုးပေးဖို့ အပူတပြင်းကြိုးစားနေပါတယ်။

ကန့်သတ်ပိတ်ဆို့မှု တိုးမြှင့်

ဇွန် ၁ ရက်ကတည်းက ကန့်သတ်ပိတ်ဆို့မှုတွေ လုပ်ဆောင်ခဲ့သော်လည်း ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားမှုတွေဟာ ဆက်လက်မြင့်တက်နေတဲ့အတွက် မလေးရှားနိုင်ငံဟာ ကိုဗစ်-၁၉ ကပ်ဆိုးကြီးက ကျော်လွှားနိုင်ဖို့ ဇွန် ၁၁ ရက်က နိုင်ငံလုံးဆိုင်ရာ ကန့်သတ်ပိတ်ဆို့မှုတွေ တိုးမြှင့်လိုက်ပါတယ်။

နောက်ဆုံး ကန့်သတ်ပိတ်ဆို့မှုကို ဇွန် ၂၈ ရက် အထိတိုးမြှင့်လိုက်ရာမှာ မလိုအပ်ဘဲ လူမှုလှုပ်ရှားမှုတွေ မလုပ်ဖို့ တားမြစ်ချက်တွေလည်း ပါပါတယ်။ မလေးရှားနိုင်ငံမှာ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုတွေ ဆက်လက်မြင့်တက်လာတဲ့အတွက် ဒီလိုမျိုး ဆုံးဖြတ်လိုက်တာပါ။ တစ်နေ့ကို ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ အရေအတွက်ဟာ ၅၀၀၀ အထက်ရှိခဲ့ပါတယ်လို့ ကာကွယ်ရေးဝန်ကြီး အစ္စမေးလ်ယာကော့ဘ်က ပြောကြားလိုက်ပါတယ်။ သူကတော့ နိုင်ငံတွင်းမှာ ကိုဗစ်-၁၉ ကန့်သတ် ပိတ်ဆို့မှုတွေကို အကောင်အထည်ဖော်တဲ့နေရာမှာ ဦးဆောင်ပါဝင်သူ တစ်ဦးဖြစ်ပါတယ်။

ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု အဆိုးဆုံးဖြစ်

နောက်ဆုံး ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု တိုးလာတဲ့အနေအထားဟာ လွန်ခဲ့တဲ့နှစ်က မလေးရှားနိုင်ငံကို ကိုဗစ်-၁၉ စတင်ဝင်ရောက်ခဲ့ချိန်မှစကာ အဆိုးဆုံးဖြစ်ခဲ့တယ်လို့ ဆိုရမှာဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် မေ ၂၉ ရက် တစ်နေ့တည်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ အရေအတွက်ဟာ ၉၀၂၀ အထိ ရှိခဲ့ပြီး ဇွန် ၂ ရက် က ကိုဗစ်-၁၉ ကပ်ရောဂါဖြင့် လူပေါင်း ၁၂၉ ဦး သေဆုံးခဲ့တဲ့အတွက် ဖြစ်ပါတယ်။ ဒါတင်ပဲလားဆိုတော့ မဟုတ်ပါဘူး။ ကိုဗစ်-၁၉ အတည်ပြု ကူးစက်ဖြစ်ပွားသူ အရေအတွက်ဟာလည်း ၈၀၀၀၀ ထိတောင် ကျော်လွန်လာခဲ့ပါတယ်။ ထို့အတူ အထူးကြပ်မတ် ကုသဆောင်မှာ ကုသဖို့လိုအပ်နေ သူဦးရေဟာလည်း ၁၀၀၀ ထက်ကျော်လွန်ခဲ့ပါတယ်။

နိုင်ငံတစ်ဝန်းမှာရှိတဲ့ အစိုးရရဲ့ အထူးကြပ်မတ် ကုသဆောင်တွေမှာလည်း ကိုဗစ်-၁၉ ဝေဒနာသည် တွေအတွက် ခုတင်ပြတ်လပ်မှုဟာ ၉၆ ရာခိုင်နှုန်းရှိခဲ့ပြီးတော့ ဇွန် ၆ ရက်မှာတော့ ၁၀၄ ရာခိုင်နှုန်းအထိ တိုးလာခဲ့တယ်လို့ ကျန်းမာရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် နော်ဟီရှန် အဗ္ဗဒူလာက ပြောပါတယ်။

လူနာတင် ခုတင်ပြတ်လပ်မှု ၁၀၀ ရာခိုင်နှုန်းထက်ကျော်

အထူးကြပ်မတ်ကုသဆောင်မှာ လူနာတွေကို ကုသပေးနေမှုမှာ ဒီလို ခုတင်ပြတ်လပ်မှုဟာ ကန့်သတ်ချက်တွေ ဖြစ်ပေါ်စေပါတယ်။ အထူး ကြပ်မတ်ကုသဆောင်ရဲ့ ခုတင် ပြတ်လပ်မှုဟာ၁၀၀ ရာခိုင်နှုန်းထက်တောင် ကျော်လွန်နေပါတယ်လို့ သူကပြောကြားလိုက်ပါတယ်။

ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှု ပြင်းထန် မြန်ဆန်လာခြင်းနဲ့ သေဆုံးသူအရေအတွက် မြင့်တက်လာခြင်းက အသွင်ပြောင်းကိုဗစ်-၁၉ မျိုးစိတ်သစ်ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ သို့သော်လည်း ပြည်သူတွေအနေနဲ့ ကိုဗစ်-၁၉ ဆန့်ကျင်ရေးဆိုင်ရာ နည်းလမ်းတွေကိုလည်း လိုက်နာမှုမရှိခဲ့တဲ့အတွက်ကြောင့် ဖြစ်ပါတယ်လို့ သူကဆက်လက် ပြောကြားခဲ့ပါတယ်။

မလေးရှားနိုင်ငံမှာ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူအရေအတွက် ဇွန် ၁၁ ရက်အထိ ၆၄၆၄၁၁ ဦးရှိခဲ့ပြီး သေဆုံးသူ ၃၇၆၈ ဦးရှိခဲ့ပါတယ်။

ထိပ်တန်းဦးစားပေးအနေနဲ့ လုပ်ဆောင်သင့်

ကျန်းမာရေး ဒုတိယဝန်ကြီးဟောင်း လီဘွန်ချေးရဲ့ အဆိုအရ နိုင်ငံအနေနဲ့ နေ့စဉ်ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုအရေအတွက်ကို လျှော့ချဖို့ ထိပ်တန်းဦးစားပေးအနေနဲ့ လုပ်ဆောင်သင့်တယ် လို့ ပြောပါတယ်။

ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုကို ထိပ်တန်းဦးစားပေးအနေနဲ့ လုပ်ဆောင်လိုက်လို့ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုအရေအတွက် လျော့ကျသွားမယ်ဆိုရင် ဆေးရုံမှာ လူနာခုတင်ပြတ်လပ်မှုတွေကိုလည်း တစ်ခါတည်း ပြေလည်သွားမှာဖြစ်တယ်လို့ လီက ပြောခဲ့ပါတယ်။

ထို့အပြင် ကိုဗစ်-၁၉ ခြေရာကောက်စနစ်များကို အသုံးပြု၍ ထိရောက်စွာ ကာကွယ်မှုများလုပ်ဆောင်ပြီး ကိုဗစ်-၁၉ စစ်ဆေးမှုများကိုလည်း အုံနဲ့ကျင်းနဲ့ လုပ်ဆောင်သင့်တယ်လို့ သူက ဆက်လက် ပြောကြားထားပါတယ်။

ကာကွယ်ဆေးထိုးခြင်းကို လျင်လျင်မြန်မြန် လုပ်ဆောင်ရမယ်

ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု မထိန်းချုပ်နိုင်ဖြစ်လာတဲ့အချိန်ကစပြီး နိုင်ငံလုံးဆိုင်ရာကန့်သတ် ပိတ်ဆို့မှု လိုအပ်လာပါပြီ။ ဒါကိုကာကွယ်ဆေးထိုး လှုပ်ရှားမှုနဲ့ အတူတွဲလုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ တကယ့်ဦးစားပေး ကိစ္စကတော့ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်းကို လျင်လျင်မြန်မြန်နဲ့ အင်တိုက်အားတိုက် လုပ်ဆောင်ဖို့ပဲဖြစ်ပါတယ်လို့ လီက ထပ်မံပြောကြားခဲ့ပါတယ်။

ထောက်ခံအတည်ပြုချက်နှင့် ကိုဗစ်-၁၉ ကာကွယ်ဆေးသစ် အသုံးပြုနိုင်ရေးကိုလည်း မျှော်လင့်ထားရမယ်။ ထို့အပြင် နေ့စဉ်ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးနိုင်တဲ့ အရေအတွက်ကိုလည်း သုံးသိန်းအထက် ကျော်လွန်ရောက်ရှိအောင် စွမ်းဆောင်ရမှာဖြစ်ပါတယ်လို့ လီက ဖြည့်စွက် ပြောကြားခဲ့ပါတယ်။

ကာကွယ်ဆေး ပိုမိုထိုးပေးရန်လိုအပ်

မလေးရှားနိုင်ငံဟာ သူ့ရဲ့ အမျိုးသားကာကွယ် ဆေးထိုးအစီအစဉ်ကို ဖေဖော်ဝါရီ ၂၄ ရက်က စတင်ခဲ့တာဖြစ်ပါတယ်။ လာမယ့်နှစ် အစောပိုင်းမတိုင်မီမှာ နိုင်ငံအတွင်းမှာရှိတဲ့ သက်ကြီးလူဦးရေ သန်း ၃၀ ကျော်အနက် အနည်းဆုံး ၈၀ ရာခိုင်နှုန်းကို ကာကွယ်ဆေးထိုးပေးနိုင်ဖို့ ရည်မှန်းချက်ချထား ပါတယ်။

ထို့နောက် ကာကွယ်ဆေးထိုးခြင်းတွေကို တဖြည်းဖြည်းနဲ့ စတင်ခဲ့ပြီးနောက်မှာ အင်တိုက် အားတိုက် လုပ်ဆောင်ရမှာဖြစ်ပါတယ်။ ပထမအကြိမ် လူပေါင်း ၂ ဒသမ ၉ သန်းအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးခဲ့ပြီး အဲဒီထဲကမှ လူပေါင်း ၁ ဒသမ ၂ သန်းဟာ ကိုဗစ်-၁၉ ကာကွယ် ဆေးနှစ်ကြိမ် ထိုးနှံခံခဲ့ပြီးသူတွေ ဖြစ်ပါတယ်။

နေ့စဉ် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးသူ အရေအတွက် ၁၅ဝဝဝဝ ကိုအခုလမှာ ထိုးပေးနိုင်ခဲ့ပါတယ်။ သိပ္ပံ၊ နည်းပညာနဲ့ တီထွင်ဆန်းသစ်မှု ဝန်ကြီး ခိုင်ရီ ဂျမာလူဒင်က ဒီထက်ပိုပြီး ကာကွယ်ဆေးထိုးပေး နိုင်ဖို့လိုတယ်လို့ ပြောကြားခဲ့ပါတယ်။

ကိုဗစ်-၁၉ ကြောင့် တိုင်းပြည်စီးပွားရေး ထိခိုက်

မလေးရှားအစိုးရက အစောပိုင်းက တင်းကျပ်တဲ့ကန့်သတ်ပိတ်ဆို့မှုကို အကောင်အထည်ဖော်ဖို့ သတိမေ့လျော့နေခဲ့ပါတယ်။ ကိုဗစ်-၁၉ ကြောင့် တိုင်းပြည်ရဲ့ စီးပွားရေးကို ထိခိုက်စေခဲ့ပါတယ်။

စီးပွားရေးနာလန်ထူမှုဟာ နောက်ဆုံး ကိုဗစ်၁၉ ကူးစက်ဖြစ်ပွားမှုရဲ့ ရိုက်ခတ်မှုကြောင့် အထိနာ ခဲ့ပါတယ်။

နောက်ဆုံးနိုင်ငံလုံးဆိုင်ရာ ကန့်သတ်ပိတ်ဆို့မှု ပြုလုပ်တဲ့အချိန်မတိုင်မီ အစိုးရရဲ့ ဂျီဒီပီဟာလည်း ၆ ရာခိုင်နှုန်းမှ ၇ ဒသမ ၅ ရာခိုင်နှုန်းအထိ တက်လာခဲ့ပါတယ်။ သို့သော်လည်း ၂၀၂၁ မှာ မသေချာမှုတွေ၊ ကျရိပ်တွေလွမ်းနေပါတယ်။

ဇွန်လမှာ ကန့်သတ်ပိတ်ဆို့မှု အကောင်အထည်ဖော်လိုက်ကတည်းက အစိုးရဟာ ရင်းဂစ် ဘီလီယံ ၄၀ တန်ဖိုးရှိ စီးပွားရေး ထောက်ပံ့ရေးအစီအစဉ် တစ်ခုကို ကြေညာခဲ့ရပါတယ်။ ထို့အပြင် စီးပွားရေး ထိခိုက်မှု နည်းအောင်လည်း အလုပ်သမား ၁ ဒသမ ၅ သန်းကိုလည်း ပုံမှန်လုပ်ငန်းတွေ လည်ပတ် စေခဲ့ပါတယ်။ ဒါဟာ စီးပွားရေးမှာ ကိုဗစ်-၁၉ ရိုက်ခတ်မှု အနည်းဆုံးဖြစ်အောင် မလေးရှားနိုင်ငံ အနေနဲ့ တတ်အားသရွေ့ လုပ်ဆောင်ခဲ့တာ ဖြစ်ပါ တယ်။

ကိုးကား - ဆင်ဟွာ