စစ်တွေမြို့နယ်၌ ဒေသထွက် ခဝဲ၊ သခွားသီးနှံများ ထွက်အားကောင်းခြင်းကြောင့် စီးပွားရေးအဆင်ပြေ

စစ်တွေ ၃၁ ဇန်နဝါရီ

စစ်တွေမြို့နယ်၊ (စစ်‌တွေ-ပုဏ္ဏားကျွန်း) ကျားမသောက်ကျေးရွာ ကားလမ်းမပေါ်တွင် ရာသီသီးနှံ ခဝဲနှင့် သခွားသီးနှံများ စိုက်ပျိုးအောင်မြင် ဖြစ်ထွန်းသောကြောင့် ဈေးကွက်တွင် အရောင်းသွက်ကာ မိသားစုစားသုံးစရိတ် ဖူလုံလျက်ရှိကြောင်း ရာသီသီးနှံလုပ်ငန်း စိုက်ပျိုးလုပ်ကိုင်သူ ဉီးမောင်ထွန်းလှ ပြောသည်။

“ရာသီသီးနှံ စိုက်ပျိုးလုပ်ကိုင်ခြင်းကို ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလဆန်းမှ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး သခွား၊ တိုင်ထောင်ပဲနဲ့ အခုဆိုရင် ခဝဲသီနှံတွေကို အဓိကစိုက်ပျိုးနေပါတယ်။ အခု ကျနော်စိုက်ပျိုးထားတဲ့ စိုက်ခင်းက ၃ ဒသမ ၆၀ ဧက ရှိပြီးတော့ သခွား၊ ခဝဲ၊ တိုင်ထောင်ပဲ၊ ကြက်သွန်၊ ဖရဲ၊ ခရမ်းချဉ်နဲ့ ခရမ်းသီးနှံတွေကို စိုက်ပျိုးထားပါတယ်။ စိုက်ပျိုးထားတဲ့ နည်းစနစ်တော့ အတန်းလိုက်မျိုးစေ့ချ၊ ရေသွင်းစိုက်ပျိုးနည်းကို အသုံးပြုစိုက်ပျိုးခြင်း ဖြစ်ပါတယ်၊ ရာသီသီးနှံ စိုက်ပျိုးကုန်ကျစရိတ်ကတော့ မြေပြုပြင်၊ ထွန်ယှက်ခ၊ မျိုးကောင်းမျိုးသန့်မျိူးစေ့ဝယ်၊ ပိုးသတ်ဆေး၊ သဘာဝ‌‌မြေသြဇာ၊ ဓာတ်မြေဩဇာ၊ ပလတ်စတစ်စ၊ နိုင်လွန်ပိုက်၊ သစ်၊ ဝါးနှင့် လုပ်သားခ စုစုပေါင်းကျပ် (၃၀)သိန်းခန့် ကုန်ကျပါတယ်။ ထွက်ရှိလာတဲ့ ရာသီသီးနှံတွေကို စစ်တွေမြို့၊ မြို့မဈေးနဲ့ ပုဏ္ဏားကျွန်းမြို့၊ ပတ်ဝန်းကျင်ကျေးရွာတွေကို လက်လီလက်ကား ရောင်းချလျက်ရှိပါတယ်။ အခု ခဝဲနဲ့ သခွားသီးနှံတွေထွက်တဲ့ အချိန်မှာတော့ အထွက်ကောင်းရင် ကောင်းသလောက်ပေါ့ တစ်ရက် ကျပ် ၃၀၀၀၀ ကနေ ကျပ် ၅၀၀၀၀ ထိရရှိတဲ့အတွက် အလုပ်သားတွေလည်း ငွေပေးချေရတာ အဆင်ပြေပြီးတော့ မိသားစုဝင်ငွေလည်းကောင်းတာပေါ့” ဟု တောင်သူ ဦးမောင်ထွန်းလှက ပြောသည်။

စစ်တွေမြို့နယ်တွင် စိုက်ပျိုးသီးနှံများထုတ်လုပ်သည့် တောင်သူများမှာ စိုက်ပျိုးရေးနည်းပညာ အားနည်းသည့်အတွက် စိုက်ပျိုးရေးနည်းပညာပေးခြင်းများ၊ တစ်ပိုင်တစ်နိုင်စိုက်ပျိုးသူများအတွက် ချေးငွေထုတ်ချေးပေးခြင်းများကို ကူညီပေးစေလိုကြောင်းနှင့် ထိုသို့လုပ်ဆောင်ပေးခြင်းဖြင့် ရာသီသီးနှံများစိုက်ပျိုးခြင်းကို တိုးချဲ့လုပ်ဆောင်နိုင်မည်ဖြစ်ကာ ကျေးရွာပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိနိုင်မည်ဖြစ်ကြောင်း ဦးမောင်ထွန်းလှက ပြောသည်။

ယခုအခါတွင် စိုက်ပျိုးသီးနှံများ အောင်မြင်ဖြစ်ထွန်းလာခြင်း၊ ခဝဲနှင့် သခွားသီနှံများလည်း အထွက်ကောင်းပြီး အရောင်းအဝယ်လိုက်လာခြင်းကြောင့် မိသားစုစားဝတ်နေရေးဖူလုံလျက်ရှိကြောင်း သိရသည်။ 

တင်ထွန်း(ပြန်/ဆက်)