စစ်တောင်းမြစ်ဝ၌ ဒီရေအတက်အကျနှင့် စိုက်ပျိုးရေးကို အခြေခံသော ခရီးသွားလုပ်ငန်း ဖော်ဆောင်နိုင်ရေး ကွင်းဆင်းလေ့လာ

ပဲခူး၊  ၃၀  ဇန်နဝါရီ  

 

ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီးဦးညွန့်ရွှေ ဦးဆောင်သော မြန်မာနိုင်ငံဟိုတယ်နှင့် ခရီးသွားလုပ်ငန်းရှင်များအသင်း ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာများသည် ဇန်နဝါရီ ၂၉ ရက် မွန်းလွဲပိုင်းက ပဲခူးခရိုင်၊ ကဝမြို့နယ်အတွင်း ရစ်ကန် - သုံးခွ - မြစ်ဝ ကျေးရွာရှိ စစ်တောင်းမြစ်ဝတွင် ဒီရေအတက်အကျနှင့် စိုက်ပျိုးရေးကို အခြေခံသော ခရီးသွားလုပ်ငန်း ဖော်ဆောင်နိုင်ရန် ကွင်းဆင်းလေ့လာကြကြောင်း သိရသည်။

 

“စစ်တောင်းမြစ်ဝ၌ ဒီရေအတက်အကျကို ကြည့်ရှုပြီး New Destination ဖော်ဆောင်နိုင်ရန် ရည်ရွယ်၍  ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းမှ တာဝန်ရှိသူများအား တည်နေရာရှာဖွေပြသပြီး အကောင်အထည် ဖော်ဆောင်ရွက်နိုင်ပါက ဒေသဖွံ့ဖြိုးတိုးတက်ပြီး တစ်ဦးချင်းဝင်ငွေများ တိုးတက်လာမည်ဖြစ်ကြောင်း၊ ခရီးသွားလုပ်ငန်းသည် မီးခိုးမထွက်သော စက်ရုံဆိုသည့်အတိုင်း တိုင်းပြည်ဝင်ငွေများလည်း တိုးတက်လာအောင် ရေရှည်ဆောင်ရွက်သောစီမံကိန်း တစ်ခုဖြစ်ကြောင်း" စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာနဝန်ကြီး ဦးညွန့်ရွှေက ပြောကြားသည်။

 

အဆိုပါ သဘာဝပတ်ဝန်းကျင် ရေမြေသဘာဝနှင့် စိုက်ပျိုးရေးကို အခြေခံသော ဟိုတယ်နှင့်ခရီးသွား လုပ်ငန်းအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ပြည်ထောင်စုဝန်ကြီးနှင့် သက်ဆိုင်ရာ တိုင်း၊ ခရိုင်၊ မြို့နယ်အလိုက် အစည်းအဝေး ဆုံးဖြတ်ချက်အရ New Destination များ ဖော်ဆောင်နိုင်ရေးအတွက် ကွင်းဆင်းလေ့လာခြင်း ဖြစ်ကြောင်းနှင့် ပဲခူးတိုင်းဒေသကြီးအတွင်း ဆည်များနှင့် စိုက်ပျိုးထားသော ရာဘာတောများမှ သဘာဝကို အခြေခံသော ခရီးသွားလုပ်ငန်းများ ဖော်ဆောင်နိုင်ရေး ကွင်းဆင်းလေ့လာထားပြီးဖြစ်ကြောင်း သိရသည်။

 

ဟိန်းထက်(ပဲခူး)