ဗန်းမော်၊ တနင်္သာရီ၊ ဟိုပုံးနှင့် ရွာငံမြို့နယ်တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော်၊ အောက်တိုဘာ ၁၂  

 

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာ ၁၁ ရက် နံနက် ၁၁ နာရီတွင် ဗန်းမော်မြို့နယ်၊ မံရွတ်ကျေးရွာအနီး၊ ရွှေကူ-ဗန်းမော် ကားလမ်းတွင် ထွန်းအောင်ကျော် မောင်းနှင်လာသည့် ခရီးသည်တင်ယာဉ်ကို ရပ်တန့်စစ်ဆေး ရှာဖွေရာ ဘိန်းဖြူ သုည ဒသမ ၂၂ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၁,၄၈၅ ပြား သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ မွန်းလွဲ ၂ နာရီခွဲတွင် ရွှေကူမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ ယာဉ်ရပ်နားဝင်း၌ ကျော်စိုးလှိုင်(ခ) ပုတု ကိုလည်းကောင်း။

 

အောက်တိုဘာ ၁၀ ရက် ညနေ ၃ နာရီခွဲတွင် မောတောင်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ သည် မောတောင်မြို့၊ အမှတ်(၁)ရပ်ကွက်၊ တနင်္သာရီ- မောတောင် သွားကားလမ်းတွင် မချစ်စုဝေ မောင်းနှင်လာ သည့်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွ ရူးသွပ်ဆေးပြား ၁,၈၈၄ ပြားကိုလည်းကောင်း၊ ယင်းနေ့ ညနေ ၅ နာရီခွဲတွင် ဟိုပုံးမြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဟိုပုံးမြို့၊ တုံခမ်း ရပ်ကွက်နေ ပေါက်ချန်(ခ)မျိုးမြင့် ၏ နေအိမ်ကို ဝင်ရောက်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၅,၃၁၀ နှင့် ဘိန်းဖြူ သုည ဒသမ ၀၄၄ ကီလိုတို့ကိုလည်းကောင်း။

 

အောက်တိုဘာ ၁၁ ရက် မွန်းလွဲ ၁၂ နာရီ မိနစ် ၅၀ တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ရွာငံမြို့နယ်၊ ကျောက်ကူပြင်ကျေးရွာအနီးတွင် ခွန်စိုးထွန်း မောင်းနှင်လာသည့်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေး ရှာဖွေရာ ဘိန်းစိမ်း ၇ ကီလိုကိုလည်းကောင်း သိမ်းဆည်း ရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူ ထားကြောင်း သိရသည်။

(ရဲပြန်ကြား)