ဗီယက်နမ်ဆီးဂိမ်းပြိုင်ပွဲတွင် ရွှေတံဆိပ်စုစုပေါင်း ၅၀၀ ကျော် ချီးမြှင့်မည်

နေပြည်တော်   ဇွန်   ၁

နိုဝင်ဘာ ၂၁ ရက်မှ ဒီဇင်ဘာ ၂ ရက်အထိ ဗီယက်နမ်နိုင်ငံ၌ ကျင်းပမည့် (၃၁)ကြိမ်မြောက် ဆီးဂိမ်း ပြိုင်ပွဲတွင် ရွှေတံဆိပ်စုစုပေါင်း ၅၀၀ ကျော် ချီးမြှင့်သွားမည်ဖြစ်သည်။

ယင်းပြိုင်ပွဲတွင် အားကစားနည်း ၄ဝထည့်သွင်း ကျင်းပမည်ဖြစ်ပြီး အိုလံပစ်အားကစားနည်းများ အပြင် ဆီးဂိမ်းပြိုင်ပွဲတွင် ပုံမှန်ပါဝင်နေသည့် အားကစားနည်းများ၊ ရိုးရာအားကစားနည်းများလည်း ပါဝင်မည် ဖြစ်သည်။

ဗီယက်နမ်အိုလံပစ်ကော်မတီသည် အားကစားနည်း ၄၀ မှ ပြိုင်ပွဲအမျိုးအစား ၅၀၀ ကျော် ထည့်သွင်း ကျင်းပရန် စီစဉ်ထားပြီး ပြိုင်ပွဲဝင်နိုင်ငံများက အားကစားနည်းအလိုက် တောင်းဆိုထားသည့် ပြိုင်ပွဲ အမျိုးအစားများ ထည့်သွင်းကျင်းပပါက ပြိုင်ပွဲ အမျိုးအစားအရေအတွက် ထပ်တိုးလာဖွယ်ရှိနေသည်။ ဗီယက်နမ်နိုင်ငံအနေဖြင့် အားကစားနည်း ၄၀ ကို ထပ်တိုးတော့မည် မဟုတ်သော်လည်း အားကစား နည်းအလိုက် ထည့်သွင်းကျင်းပမည့် ပြိုင်ပွဲအမျိုးအစားများကိုမူ နှစ်လယ်နောက်ပိုင်းမှသာ အတည်ပြု မည်ဖြစ်ရာ အဆိုပါအချိန်မှသာ ပြိုင်ပွဲ အမျိုးအစားများ အတည်ပြုနိုင်မည်ဖြစ်သည်။

သို့သော် လက်ရှိထုတ်ပြန်ထားသည့် ပြိုင်ပွဲအမျိုးအစား ၅၀၀ ကျော်မှာ ပါဝင်မည်ဖြစ်ပြီး ထပ်တိုးလာရန် သာရှိကြောင်း သိရသည်။ မြန်မာ နိုင်ငံအနေဖြင့် ဆီးဂိမ်းပြိုင်ပွဲတွင် အားကစားနည်း  ၁၈ မျိုး ဝင်ရောက် ယှဉ်ပြိုင်ရန် စီစဉ်ထားပြီး လေ့ကျင့်ပြင်ဆင်မှုများပြုလုပ်လျက်ရှိသည်။

ကိုညီလေး