ဘိုကလေးမြို့တွင် အောက်ဆီဂျင်စက်ရုံ စတင်စမ်းသပ်ထုတ်လုပ်

ဘိုကလေး အောက်တိုဘာ ၂၂

 

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ခုတင်(၁၀၀)ပြည်သူ့ဆေးရုံအနီး၌ တည်ဆောက်ခဲ့သည့် အောက်ဆီဂျင်စက်ရုံအား ယနေ့ နံနက်ပိုင်းမှစ၍ အောက်ဆီဂျင်များ စမ်းသပ်ထုတ်လုပ်နိုင်ပြီ ဖြစ်သည်။

 

အဆိုပါ အောက်ဆီဂျင်စမ်းသပ်ထုတ်လုပ်မှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးသိန်းဇော်ဦးနှင့် အဖွဲ့ဝင်များမှ ကြည့်ရှုအားပေးခဲ့ပြီး စမ်းသပ်ထုတ်လုပ်သည့်ကာလအတွင်း တစ်နာရီလျှင် (၄၀)လီတာအိုး (၁၀)လုံး ထုတ်လုပ်နိုင်ကြောင်း သိရသည်။

 

အဆိုပါ အောက်ဆီဂျင်စက်ရုံဖြစ်မြောက်ရေးနှင့် ထုတ်လုပ်နိုင်ရေးအတွက် ကုန်ကျငွေမှာ သိန်းပေါင်း (၂၀၀၀)ခန့်ရှိပြီး မကြာခင်ရက်ပိုင်းအတွင်း အောက်ဆီဂျင်စက်ရုံဖွင့်ပွဲနှင့်အတူ အများပြည်သူများအတွက် အောက်ဆီဂျင်များ အခမဲ့ ပေးဝေအကျိုးပြုနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

 

မိုးစက်(ဘိုကလေး)