ဘီလမ်းမ၏ ဖန်သားပြင်ပေါ်က အာဇာနည်လမ်း ကမ္ပည်းမော်ကွန်း

ရှေးသရောအခါကာလက နိုင်ငံခြားသားများ ဤကဲ့သို့ တအံ့တဩ ရင်သပ်ရှုမောမြင်ရသည့် မန္တလေးမြို့ မြင်ကွင်းကို ကြည့်ရှုခံစားရသော နေရာသည် နောင်သောအခါ ၂၆ဘီလမ်းမကြီးဟု ခေါ်တွင်ရမည့် မြေလမ်းမလေးပေါ်မှာပဲ ဖြစ်ပေလိမ့်မည်။ ဤမြေလမ်းသည် အရှေ့သို့ ဖြောင့်စင်းစွာ တိုးဝင်သွားပုံက ဟိုအဝေး ရှမ်းရိုးမညိုညို အထိ ရောက်လေမလား အောက်မေ့ရ၏။ သို့သော် ထိုမြေသားလမ်းမသည် ကျုံးတော်မှ အရှေ့ဆီတွင်မူ မာန်အောင် ရတနာကျောင်းတိုက်ကြီး အဝင်ဝတွင် ဦးစိုက် ငုပ်လျှိုး သွားလေသည်။

 

ကျုံးတော်ကြီးမှ အနောက်ဘက်ဆီ မျှော်ကြည့်လျှင်မူ ဖြောင့်စင်းသော လမ်းမကြီးသည် တစ်မျှော်တစ်ခေါ်ကြီး ဆင်းသက်သွားပြီးနောက် ဧရာဝတီမြစ်ကမ်းမှ မြေတာရိုး မြင့်ကြီးတွင် အဆုံးသတ်၏။

 

အရှေ့အနောက် ဖြောင့်စင်းသော လမ်းမကြီးများ

 

လေးထောင့်စပ်စပ် မြို့ပန္နက်ပုံရှိသော မန္တလေးတွင် အရှေ့အနောက် ဖြောင့်စင်းသော လမ်းမကြီးများရှိ၏။ ထိုလမ်းမကြီးများကို ၁၈၈၇ ခုနှစ်တွင် ဖွဲ့စည်းသော မြူနီစီပါယ်အဖွဲ့မှ ကျောက်လမ်းများ စတင်ခင်းသည်။ မြို့တွင်း လမ်းများအပါအဝင် လမ်းမိုင်၆ဝကို စတင်ကာ ကျောက်လမ်းခင်းခြင်းဖြစ်သည်။ ထို့နောက် အရှေ့အနောက် ဖြောင့်စင်းသော လမ်းမကြီးများအနက် ဂေါဝိန်ဆိပ်ကမ်းဆီမှ အရှေ့အောင်ပင်လယ် ကန်ပေါင်ရိုးအထိ ပေါက်သောလမ်းကို အေလမ်းတွင်စေသည်။ ပိုက်ကျုံးဆိပ်မှ အရှေ့မာန်အောင်တိုက်ဆီ ပေါက်သောလမ်းကို ဘီလမ်း...။ ကျွဲစွန်းသစ်ဆိပ်မှ ရွှေမြို့တော်ကြီး၏ အာဠဝီ ကြေးမုံတံခါးဆီပေါက်သော လမ်းကို စီလမ်းဟု သမုတ်လေသည်။ နောင်အခါ မြို့တွင်းလမ်းများကို လမ်းနံပါတ်များ သတ်မှတ်သောအခါ အေလမ်းသည် ၃၅ လမ်း။ ဘီလမ်းသည် ၂၆လမ်း။ စီလမ်းသည် ၂၂လမ်း။ ဒီလမ်းသည် ၁၉လမ်း ဖြစ်လေသည်။

 

၂၆ ဘီလမ်းမသည် ဖြောင့်စင်းလွန်းလှသည်။ အနောက်ဘက်၊ ပိုက်ကျုံးမြေတာရိုးကြီးပေါ်မှ ကြည့်လျှင် ကျင်တွယ်ကိုက်ရေးဆွဲထားသော မျဉ်းဖြောင့်တစ်ကြောင်းပမာ အရှေ့ဆီ ဦးတည်သည်။ ဘီလမ်းမပေါ်မှာ ... သင်္ဂဇာ ချောင်းရှိသည်။ ဈေးချိုတော်ရှိသည်။ ကာတစ်တိုက်ရှိသည်။ ကြေးနန်းရုံရှိသည်။ ဓာတ်စက်ရုံရှိသည်။ တောင်ဘက်ကျုံးနှင့် မြို့ရိုးကြီးရှိသည်။ ရေအိုးစင်ဂိတ်ရှိသည်။

 

မတရားဖိနှိပ်မှုကို မခံနိုင်လွန်းသော

 

အင်္ဂလိပ်နယ်ချဲ့က မြန်မာပြည်ကို အဓမ္မသိမ်းပိုက်ထားသော အချိန်ကာလများတွင် ၂၆ဘီလမ်းမသည် နယ်ချဲ့ဆန့်ကျင်ရေး သမိုင်းကို ရဲရဲဝံ့ဝံ့ ရေးခြယ်ပြသွားသေး၏။ ၁၃ဝဝ ပြည့်၊ တပို့တွဲလဆုတ် ၇ ရက် ၁၉၃၉ ခု၊ ဖေဖော်ဝါရီလ ၁ဝ ရက်နေ့ဖြစ်၏။ နယ်ချဲ့၏ မတရား ဖိနှိပ်မှုကို မခံနိုင်လွန်းသော မန္တလေးမြို့ လူထုသည် နာမည်ကျော် အိမ်တော်ရာ ၁၄ခန်းဇရပ်ကြီးထဲတွင် စုရုံး ပြီးသကာလ ၂၆(ဘီ)လမ်းအတိုင်း အရှေ့ဆီသို့ စုဝေးချီတက်၏။ ရှေ့ဆုံးမှ အလံကိုင် ဦးဇာဂရ ကိုယ်တော်နှင့် အဖွဲ့သည် အရှေ့ကြေးနန်းရုံးသို့ ရောက်နေချိန်တွင် ၁၄ ခန်း ဇရပ်ကြီးမှ လူမကုန်သေးဟု သိရ၏။ ထိုအချိန်က ကြေးနန်းရုံရှေ့မှ အင်္ဂလိပ်အရေးပိုင် H.N Lett က ရှပ်ဖြူလက်တို၊ ကာကီဘောင်းဘီတိုနှင့် ဂေါ်ရာဦးထုပ် ဆောင်းကာ ခါးပတ်မှာ ခြောက်လုံးပြူးအဆင်သင့်ထိုးပြီး စောင့်နေပြီ။ ထို့အတူ အရေးပိုင် ဒေးဗစ်လည်းရှိ၏။ "Go back home, Go back home..." ဟု အရေးပိုင်က ဟန့်တားသည်။ သံဃာတော်များက We are armless" ဟု ပြန်အော်၏။ ဤသို့ဖြင့် ...။

 

မြားနတ်မောင်ဓာတ်ရှင်

 

မန္တလေးသည် ၂၆(ဘီ)လမ်းအား ''အာဇာနည်လမ်း' ဟု ကမ္ပည်းတင်လိုက်ကြလေတော့သည်။ ထိုကာလ (၁၉၃၉၊ ဖေဖော်ဝါရီလ ၁ဝရက်) အချိန်တွင် ကြေးနန်းရုံနှင့် မျက်နှာချင်းဆိုင် ၂၆ ဘီလမ်းမ၏ တောင်ဘက်တန်းတွင် အယ်လ်ဖင်စတုန်း ဓာတ်ရှင်ရုံရှိသည်။ ထိုရုပ်ရှင်ရုံ၌ မောင်တင်မောင်၊ မေရှင် ပါဝင်သည့် မြားနတ်မောင် ဓာတ်ရှင်ပြနေသည်။ ယခုတော့ အယ်လ်ဖင်စတုန်း ရုပ်ရှင်ရုံ မရှိတော့ ...။ ထိုနေရာတွင် ဆိုင်ခန်းများ အစီအရီ ...၊ လမ်းဘေး ပလက်ဖောင်းဆီအထိ အရောင်အသွေးစုံအင်္ကျီများ ချိတ်ဆွဲထားကာ ဈေးဝယ်သူများကို ဆွဲဆောင်နေ၏။ ကြေးနန်းရုံနေရာတွင် အော်တိုဖုန်း စက်ခလုတ် ရုံးကြီး ရှိနေပြီ။ မြင့်မားလှသော ဆယ်လူလာ တယ်လီဖုန်း မျှော်စင်ကြီးကလည်း ထိုးထိုးထောင်ထောင်..။ ကြေးနန်းရုံး ဘက်တန်းမှာ မြင့်မားသည့် စတိုးဆိုင်ကြီးတွေ ရှိသည်။ အလူမီနီယမ် ကောင်တာ ...။ စတစ်ကာ ပလတ်စတစ် ဆိုင်းဘုတ်များက ပြိုးပြိုး ပြက်ပြက်။

 

နယ်ချဲ့လက်ချက်ဖြင့် သွေးမြေကျခဲ့ဖူးတာ

 

ထို့ကြောင့် ၂၆ဘီလမ်း၏ လမ်း၈ဝနှင့် ၈၁လမ်းကြား။ (ယခင် အယ်လ်ဖင်စတုန်း ဓာတ်ရှင်ရုံနှင့် ကြေးနန်းရုံကြား) နေရာတွင် ခမ်းနားလှသော ဆိုင်ခန်း၊ ဈေးတန်း၊ စတိုးကြီးများက မှိုလိုပေါက်လာသည်။ ကားတွေ ဆိုင်ကယ်တွေနှင့် အသွားအလာကျပ်တည်း ရှုပ်ထွေးနေ သည့် မီးပွိုင့်အကွေ့ ကားမရပ်ရနေရာတွင် မရမကရပ်ပြီး ကားကလေးပေါ်မှ ဆင်းလာသည့် ခါးရှည်အင်္ကျီ အပွနှင့် အပွအကား ဒီဇိုင်းစကပ်ဝတ် မိန်းမငယ်လေးသည် ၂၆ ဘီလမ်းကို တောင်ဘက် မြောက်ဘက်ကူးကာ တစ်ဆိုင်ဝင် တစ်ဆိုင်ထွက် ဈေးဝယ်ထွက်နေ၏။ သူ ဖြတ်ကူးသော နိုင်လွန်ကတ္တရာလမ်း ပြောင်နက်နက်ပေါ်တွင် လွန်ခဲ့သော နှစ်ပေါင်း ၈၀ နီးပါးကာလ ယခုလို လွတ်လပ်သော နိုင်ငံတော်အတွက် တောင်ထီးလင်းတိုက်က ဆရာတော် ဦးပဏ္ဍိတ၊ ဂွေးချိုတိုက် ဦးပညာဇောတ၊ တူမောင်းတိုက် ဦးဝေပုလ္လ၊ စကုတိုက် ဦးဇနိတ၊ ငွေတောင်တိုက် ဦးအာလောကတို့ နယ်ချဲ့လက်ချက်ဖြင့် သွေးမြေကျခဲ့ဖူးတာ မသိ။ သို့သော် ဒီကနေ့ သူတို့အရွယ် လေးတွေ အများစုက သမိုင်းသိခြင်း မသိခြင်းက ကိစ္စမရှိ။

 

မြောက်ဘက်တန်းမှ ''ရွှေထီးတိုက်''

 

၂၆ဘီလမ်းမ၏ ၈၁/ ၈၂ လမ်းကြားမှာ အရင်က နေအိမ် သီးသန့်များချည်း။ အခုလို ဆိုင်ခန်းများမရှိ...။ အခုတော့ အိမ်ပေါက်စေ့ ဆိုင်ခန်း။ ထို့ပြင် မူလအိမ်ရှင်များလည်း မဟုတ်။ မူလရွာနေ ပြည်ထိုင်အဖြစ် မှတ်မိတာက မြောက်ဘက်တန်းမှ ''ရွှေထီးတိုက်'' ဟု ကမ္ပည်းထိုးထားသည့် တစ်ထပ်တိုက်လေးဖြစ်သည်။ သည်တိုက်လေးက ဦးဘအို၊ ဒေါ်ခင်မျိုးတို့တိုက်ဖြစ်၏။ သမီးများက ဒေါ်မမ၊ ဒေါ်တင်လှ၊ ဒေါ်သန်းရင်တို့ ဖြစ်သည်။ ၁၃ဝဝပြည့် အာဇာနည် အရေးတော်ပုံကာလက သူမတို့သည် အသက် ၁ဝ နှစ် ပတ်ဝန်းကျင်အရွယ်မို့ မြင်ကွင်းအားလုံး မှတ်မိနေသည် ဆိုသည်။ ထိုအချိန်က ဒေါ်မမသည် ''မမ'' ဟူသော ဆယ်ကျော်သက် ကလေးမလေးပေမင့် နန်းရှေ့ လူအုပ်နှင့်အတူ ပါဝင်ခဲ့သည်တဲ့။

 

ထိုကာလကလည်း ၂၆ဘီလမ်းမှာ မြန်မာအိမ်သိပ်မရှိ။ နိုင်ငံခြားသား အိမ်များချည်းမို့ အားလုံးတံခါးပိတ်ထား ကြသည်။ ''ရွှေထီးတိုက်'' က တံခါးဖွင့်ပြီး တိုက်ရှေ့ ရေအိုးစင် တည်ထားသည်။ အင်္ဂလိပ်စစ်တပ်က ပစ်ခတ်လို့ ရုန်းရင်းဆန်ခတ်ဖြစ်တော့ ရွှေထီးတိုက်ပေါ် ဝင်ပြေးလာသူတွေ အပြည့်တဲ့...။ သို့သော် ကြောက်လန့် ပိတ်ထားသော နိုင်ငံခြားသားပိုင်တိုက်များလည်း ဤသို့ ရက်ရက်စက်စက် နှိပ်ကွပ်မှုကိုမြင်ရတော့ နယ်ချဲ့မုန်းသူချည်းမို့ တိုက်တံခါးဖွင့်ကာ အကူအညီပေးခဲ့ကြသည်။

 

အာဇာနည်လမ်း ကမ္ပည်းမော်ကွန်း

 

လွန်ခဲ့သော နှစ်ပေါင်း၈ဝနီးပါး ကာလက အရိပ်များ သည်ကား မှုန်မွှားဝေးလွင့်သွား...။ အခုတော့ ဘီလမ်းမ၏ ဖန်သားပြင်ပေါ်က အတိတ်ရောင်စုံ ပုံရိပ်များကား မထင်မရှား ခပ်ဝါးဝါး..….။ အာဇာနည်လမ်း ကမ္ပည်းမော်ကွန်းလည်း ပျောက်ဆုံးသွား….။

 

ယခု ၂၀၂ဝ ပြည့်နှစ် ဇွန်လ ၉ ရက်နေ့က မန္တလေး

 

တိုင်းဒေသကြီးလွှတ်တော်မှာ အောင်မြေသာစံမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်က "ယနေ့လို မန္တလေးမြို့တော်ကြီး၏ နိုင်ငံတကာအဆင့်မီရန် လမ်း နံပါတ်များကို စနစ်တကျ ပြောင်းလဲတပ်ဆင်နေချိန်တွင် သမိုင်းဝင်လမ်းမကြီးကိုးခုကို နဝတခေတ် မတိုင်မီကရှိခဲ့သည့်အတိုင်း ဖြည့်စွက် ပြောင်းလဲသတ်မှတ်ရန် အစီအစဉ်ရှိ-မရှိ" မေးမြန်းသောကြောင့် သက်ဆိုင်ရာ စည်ပင်သာယာရေးဝန်ကြီးက တိုင်းဒေသကြီးအစိုးရနှင့် တိုင်းဒေသကြီးလွှတ်တော်က သဘောတူညီမှု ရရှိလျှင် ၂၆ဘီလမ်းကို အာဇာနည်လမ်းအပါအဝင် သမိုင်းဝင် လမ်းမကြီး(၉)ခုအား ယခင်မူလက ရှိခဲ့သည့် လမ်းအမည်များအတိုင်း ဖြည့်စွက်ပြင်ဆင် သတ်မှတ်ပေးမည်ဖြစ်ကြောင်း ဖြေကြားသွားသည်။ မကြာမီ အာဇာနည်လမ်း ကမ္ပည်းမော်ကွန်း ပြန်လည်လင်းလက် တောက်ပပါစေသောဝ်။ ။

 

ဆူးငှက်