အဖိုးတန်သည့် စိုက်ပျိုးမြေ သယံဇာတများ မပျက်စီးစေရေး

မြေသည် အကန့်အသတ်ရှိသော သယံဇာတဖြစ်သည်။ နိုင်ငံအတွင်း လူဦးရေတိုးလာမည်ဖြစ်သော်လည်း နိုင်ငံ၏အကျယ်အဝန်း ပိုင်နက် နယ်မြေမှာမူ တိုးလာမည့်အရာမဟုတ်။ မြို့ပြဒေသများ တိုးချဲ့ခြင်း၊ မြို့သစ်ရွာသစ်များ တည်ထောင်ခြင်း၊ စက်ရုံ အလုပ်ရုံရပ်ဝန်းများ တည်ဆောက်ခြင်း၊ လမ်းများဖောက်လုပ်ခြင်း၊ စိုက်ပျိုးရေး၊ မွေးမြူ ရေးလုပ်ငန်းများ လုပ်ကိုင်ခြင်း၊ ဆည်မြောင်းတာတမံများ တည်ဆောက်ခြင်းစသည်ဖြင့် လူတို့၏ အကျိုးစီးပွားအတွက် မြေများကို အသုံးချရာတွင် ထိထိရောက်ရောက် အကျိုးရှိစွာအသုံးချဖို့လိုအပ် သလိုသဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်တို့ မပျက်စီးစေရန်လည်း ထည့်သွင်းစဉ်းစားကာ ထိန်းသိမ်းဆောင်ရွက်ဖို့လိုသည်။

နိုင်ငံအတွင်း ဒေသအနှံ့အပြားတွင် မြို့ပြအိမ်ရာများ တိုးချဲ့ လျက်ရှိရာ မူလက မြေဆီဩဇာကောင်းမွန်လှသည့် စိုက်ပျိုးမြေများ ပေါ်တွင် အဆောက်အအုံများ၊ စားသောက်ဆိုင်များ၊ စက်သုံးဆီ အရောင်းဆိုင်များ၊ စက်ရုံ အလုပ်ရုံ၊ အရောင်းဆိုင်များ စသည်တို့ကိုဆောက်လုပ်လာကြသည်ကို တွေ့ရသည်။ အထူးသဖြင့် လမ်းပန်း ဆက်သွယ်ရေးကောင်းမွန်သည့် အဝေးပြေးလမ်းမကြီးများ၏ ဘေး ဝဲယာတို့တွင် စိုက်ပျိုးမြေများကို အခြားနည်းလမ်းဖြင့် အသုံးချမှုများ များပြားလာလျက်ရှိသည်။ ယင်းနှင့်ပတ်သက်၍ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေး (၈/၂၀၂၁) တွင် မြေအသုံးချမှုများနှင့်ပတ်သက်၍ မြို့ပြစီမံကိန်းနှင့် အိုးအိမ် စီမံကိန်းတည်ဆောက်မှုများတွင် လက်တွေ့ဖော်ဆောင်ရာ၌ အပြည့် အဝဆောင်ရွက်နိုင်ခြင်းမရှိဘဲ စိုက်ပျိုးမြေများ ပျက်စီးဆုံးရှုံးမှုများ တွေ့ရှိရကြောင်း၊ ထို့ကြောင့် တာဝန်ရှိသူများအနေဖြင့် မြို့ပြစီမံ ကိန်းများ ဖော်ဆောင်ရာတွင် မြေကိုအကျိုးရှိစွာဖြင့် အသုံးချနိုင်ရေးဆောင်ရွက်ရန်လိုကြောင်း... မြို့သစ်တည်ဆောက်ရန် မြေနေရာ ရွေးချယ်ရာတွင်လည်း စိုက်ပျိုးမြေများ ဆုံးရှုံးမှုမရှိစေရေး စဉ်းစား ဆောင်ရွက်ရန်လိုကြောင်းစသည်ဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အမှာစကားပြောကြားရာတွင် ထည့်သွင်း ပြောကြားခဲ့သည်။

စိုက်ပျိုးမြေများသည်လည်း အဖိုးတန်သော သယံဇာတများ ဖြစ်ပြီး လူတို့၏ စားနပ်ရိက္ခာအတွက် လွန်စွာအရေးကြီးသည့် အလျောက် မပျက်စီး မဆုံးရှုံးစေရေး၊ တလွဲအသုံးမချမိစေရေးအတွက် အလေးအနက် ဂရုပြုကြရန်လိုသည်။ ကောက်ပဲသီးနှံ၊ ဟင်းသီး ဟင်းရွက်၊ သစ်သီးဝလံ၊ ဥယျာဉ်ခြံ စသည်တို့မှာ မြေရှိတိုင်း စိုက်ပျိုး၍ မရသည့်အတွက် မြို့ကွက်၊ ရွာကွက်များ ဖော်ထုတ်ခြင်း၊ လမ်း တံတားများ တည်ဆောက်ခြင်းတို့တွင် စိုက်ပျိုးမြေများ မဆုံးရှုံးစေ ရေး၊ မူလရေစီးရေလာလမ်းကြောင်းများကို တားဆီးပိတ်ဆို့မိသော ကြောင့်လည်းကောင်း၊ မြေသားများဖြိုခြင်း၊ ပျို့ခြင်းကြောင့် လည်း ကောင်း သဘာဝအနေအထားများ ပျက်စီးပြီး အကျိုးထက် အပြစ် မဖြစ်ပေါ်ရေး မျှော်တွေးလုပ်ဆောင်သွားရန် လိုအပ်မည်ဖြစ်သည်။

နိုင်ငံသူ နိုင်ငံသားတို့၏ စားဝတ်နေရေး၊ နိုင်ငံတော်ဖွံ့ဖြိုး  တိုးတက်ရေးတို့အတွက် မြေသယံဇာတများကို အသုံးပြုရမည်သာဖြစ်ရာ အမျိုးသားမြေအသုံးချမှု မူဝါဒနှင့်အညီ စီမံအုပ်ချုပ်အသုံးချ သွားကြရမည်ဖြစ်သည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ နိုင်ငံတော်သည် နိုင်ငံတော်အတွင်းရှိ မြေအားလုံး၏ ပင်ရင်းပိုင်ရှင်ဖြစ်သည်။ ထို့ပြင် နိုင်ငံပိုင်သယံဇာတများကို ထုတ်ယူသုံးစွဲရာတွင်လည်း ကွပ်ကဲ ကြီးကြပ်ရမည်ဖြစ်သည့်အလျောက် အဖိုးတန်သယံဇာတများကို အကျိုးရှိထိရောက်စွာ အသုံးချနိုင်စေရေး၊ စိုက်ပျိုးမြေများ ပျက်စီး ဆုံးရှုံးမှု မဖြစ်စေရေးတို့အတွက် အလေးအနက်ထား ဆောင်ရွက် သွားကြရမည်ဖြစ်ပါကြောင်း။ 

မြန်မာ့အလင်း....