အမျိုးသားရေးတက်ကြွလှုပ်ရှားသူ အမ်အေဒေါ်အုန်း သို့မဟုတ် ပါဠိ(အရှေ့တိုင်းပညာဌာန) မန္တလေးတက္ကသိုလ်၏မိခင်ကြီး

ဒေါက်တာအောင်သန်းဝင်း (အရှေ့တိုင်းပညာ)

 

မြန်မာ့သမိုင်းစဉ်တစ်လျှောက်လုံးတွင် မြန်မာအမျိုးသမီးများသည် အမျိုးသားရေးစိတ်ဓာတ်၊ မျိုးချစ်စိတ်ဓာတ် နှင့် ပြည်ထောင်စုစိတ်ဓာတ် ထွန်းကားပြန့်ပွားစေရန် စံနမူနာပြ ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည်။ မြန်မာ့ရိုးရာယဉ်ကျေးမှုအမွေအနှစ်များ၊ အမျိုးသားရေးစရိုက် လက္ခဏာများ၊ မပျောက်ပျက်စေရန်နှင့် အမျိုးအနွယ် မတိမ်ကောစေရန် ကာကွယ် ထိန်းသိမ်းစောင့်ရှောက်ခဲ့ကြသည်။ မြန်မာအမျိုးသမီးတို့သည် မျိုးဆက်သစ်လူငယ်များစွာကို မွေးထုတ်ပေးလျက်ရှိသော မိခင်တာဝန်တစ်ခုတည်းသာမက စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ ယဉ်ကျေးမှု စသောနိုင်ငံတော်၏ လိုအပ်ချက်များကိုလည်း တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်းပေးလျက်ရှိသည်။ ထိုအထဲတွင် ပါမောက္ခ၊ အမ်အေ ဒေါ်အုန်း သည်လည်း တစ်ဦးအပါအဝင် ဖြစ်သည်။


ဆရာမကြီးသည် အပျိုကြီးဖြစ်သော်လည်း မျိုးဆက်သစ်လူငယ်များစွာကို မွေးထုတ်ပေးသော အမျိုးသားရေး တက်ကြွလှုပ်ရှားသူဖြစ်ခြင်း၊ မန္တလေး တက္ကသိုလ် စတင်တည်ထောင်သူများတွင် ပါဝင်သူ တစ်ဦးဖြစ်ခြင်း၊ မျိုးဆက်သစ်ကျောင်းသား၊ လူငယ်များ ကို နိုင်ငံ့သားကောင်းရတနာများအဖြစ် မွေးထုတ် ပေးသော ပါမောက္ခတစ်ဦးဖြစ်ခြင်း၊ နိုင်ငံတော်မှ နိုင်ငံ့ ဂုဏ်ရည် ဒုတိယဆင့် ချီးမြှင့်ခံထားရသူဖြစ်ခြင်း စသည်တို့ကြောင့် အမ်အေဒေါ်အုန်းသည် လေးစား၊ အားကျ၊ အတုယူဖွယ်ကောင်းသော ပထမဆုံးသော အမျိုးသမီး ပါဠိပါမောက္ခ ဖြစ်ပေသည်။


စစ်ကြိုခေတ် တက္ကသိုလ်နယ်မြေတွင် ဂုဏ်ပုဒ် အသီးသီးနှင့် ထင်ပေါ်ကျော်ကြားသော အမျိုးသမီးများ ပေါ်ပေါက်ခဲ့ရာ ရွှေမန်းသူ မအုန်းဟုဆိုလျှင် ရဲရဲတောက် သပိတ်မှောက် ကျောင်းသူအဖြစ်နှင့် လည်းကောင်း၊ တပင်တိုင်မင်းသမီးအဖြစ်နှင့် လည်းကောင်း မသိသူ မရှိသလောက်ပင် ကျော်ကြားသည်။ စစ်ပြီးခေတ်၌ ကား အမ်အေမအုန်း၊ ပါဠိဒေါ်အုန်းဟူ၍ ပညာရေး လောက၊ နိုင်ငံရေးလောက၊ စာပေလောကတို့၌ ထင်ရှား လာခဲ့သူဖြစ်သည်။


ပညာသင်ယူခဲ့သောကျောင်းများ
၁၉၁၃ ခုနှစ် ဇူလိုင်လ ၆ ရက် တနင်္ဂနွေနေ့တွင် အဖဦးကျော်ရာ (ရွှေဘို) နှင့် အမိ ဒေါ်ခင် (အင်းဝ) တို့က မန္တလေးမြို့ကဉ္စဏီမဟီရပ်ကွက် တရုတ်တန်းတွင် ဖွားမြင်ပြီး မွေးချင်းရှစ်ယောက်အနက် သတ္တမမြောက် ဖြစ်သည်။ ၁၉၂၅ ခုနှစ်၌ အမျိုးသမီးနေရှင်နယ်ကျောင်း တွင် စတင်ပညာသင်ကြားခဲ့သည်။ စတုတ္ထတန်း အောင်မြင်ပြီးနောက် အမျိုးသားနေရှင်နယ်ကျောင်းသို့ ပြောင်းရွှေ့ပညာသင်ကြားသည်။ ၁၉၃၀ ပြည့်နှစ်တွင်အမျိုးသားနေရှင်နယ်ကျောင်းမှ ပါဠိနှင့် သင်္ချာ နှစ်ဘာသာဂုဏ်ထူးဖြင့် ဆယ်တန်းအောင်မြင်သည်။ ၁၉၃၁ ခုနှစ်၌ မန္တလေးအစိုးရဆရာဖြစ်သင် (နော်မံ)ကျောင်းမှ ဆယ်တန်းဆရာဖြစ် လက်မှတ်ရခဲ့သည်။ ၁၉၃၂-၃၃ ၌ မန္တလေးဥပစာကောလိပ်မှ ပါဠိနှင့် သဘာဝတ္ထ(ယုတ္တိဗေဒ) နှစ်ဘာသာဂုဏ်ထူးဖြင့် ဥပစာ တန်း(အိုင်အေ) အောင်မြင်ခဲ့သည်။ ၁၉၃၄ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်၌ ပါဠိဝိဇ္ဇာဂုဏ်ထူးတန်းတက်ရောက် ရာ ၁၉၃၆ ခုနှစ်တွင် အောင်မြင်ခဲ့သည်။ ၁၉၃၇ မှ ၁၉၃၈ ခုနှစ်အထိ မဟာဝိဇ္ဇာတန်းသို့ ဆက်လက်တက်ရောက် ခဲ့ရာ ပါဠိမဟာဝိဇ္ဇာဘွဲ့ကို ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သည်။


ဆောင်ရွက်ခဲ့သော လုပ်ငန်းတာဝန်များ

၁၉၃၆ မှ ၁၉၄၁ ခုနှစ်အထိ ရန်ကုန်တက္ကသိုလ် ပါဠိ ဌာန၌ နည်းပြအဖြစ် လည်းကောင်း၊ အင်းလျားဆောင် ဒုတိယအဆောင်မှူးအဖြစ် လည်းကောင်း တာဝန် ထမ်းဆောင်ခဲ့သည်။ ၈-၁၂-၁၉၄၁ မှ ၁၉၄၇ ဧပြီလ အတွင်းဖြစ်ပွားသော ဒုတိယကမ္ဘာစစ်ကြီးအပြီး၌ ပညာရေးဝန်ကြီး ဦးရာဇတ်၏ တာဝန်ပေးချက်အရ မန္တလေးဥပစာကောလိပ် စတင်တည်ထောင်သည့် ၁၉၄၇ ခုနှစ် ဇွန်လမှစ၍ မန္တလေးတက္ကသိုလ်၌ ၁၉၆၆ ခုနှစ် အငြိမ်းစားယူချိန်အထိ မန္တလေးတက္ကသိုလ်တွင် တစ်ဆက်တည်း တာဝန်ထမ်းဆောင်ခဲ့သည်။
၁-၆-၁၉၄၇ မှ ၃၁-၅-၁၉၄၈ အထိ မန္တလေးဥပစာ ကောလိပ် ပါဠိဌာန လက်ထောက်ကထိကနှင့် အမျိုးသမီးအဆောင်မှူး၊ ၁-၆-၁၉၄၈ မှ ၃၁-၅-၁၉၅၁ အထိ မန္တလေး ဒီဂရီကောလိပ် ပါဠိဌာန လက်ထောက် ကထိကနှင့် အမျိုးသမီးအဆောင်မှူး၊ ၁-၆-၁၉၅၁ မှ ၁၈-၈-၁၉၅၈ အထိ မန္တလေးတက္ကသိုလ် ပါဠိကထိကနှင့် အမျိုးသမီး အဆောင်မှူး၊ (၁-၁၀-၁၉၅၇ မှ ၁-၄-၁၉၅၈ အထိ ကျောင်းအုပ်ကြီး ဦးကိုလေး နိုင်ငံခြားသို့ သွားရောက်စဉ် ခေတ္တကျောင်းအုပ်ကြီးတာဝန် ပူးတွဲ ထမ်းဆောင်သည်။) ၁၉-၈-၁၉၅၈ မှ ၁၁-၁၁-၁၉၆၆ အထိ သီးခြားတက္ကသိုလ် ပါဠိဌာန၌ ပါမောက္ခအဖြစ်ဖြင့် လည်းကောင်း၊ အမျိုးသမီးကျောင်းဆောင် (ရွှေမန်းဆောင်) အဆောင်မှူးအဖြစ်ဖြင့် လည်းကောင်း အဆင့်ဆင့်တာဝန် ထမ်းဆောင်ခဲ့သည်။ ၂၁- ၁၁- ၁၉၅၈ နေ့၌ မန္တလေး တက္ကသိုလ်၏ ပထမဆုံးသော ဝိဇ္ဇာမဟာဌာနမှူးအဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံရသည်။


အမျိုးသားရေးလှုပ်ရှားမှုများ
ဒေါ်အုန်း၏မိသားစုများသည် မျိုးချစ်စိတ်ပြင်းပြသော ဂျီ၊ စီ၊ ဘီ၊ အေလက်ဟောင်း ဝံသာနုအမာခံကြီးများ ဖြစ်ကြ သည်။ အမျိုးသားရေးလှုပ်ရှားမှုရှိတိုင်းကျရာ တာဝန်ကို တက်တက်ကြွကြွ ကျေပွန်စွာထမ်းဆောင်ခဲ့ကြသည်။ အစ်မလတ် ဒေါ်သိုက်နှင့် ဒေါ်နှင်းဦးတို့မှာ အစိုးရကျောင်း များတွင်လခကောင်းကောင်းနှင့် လုပ်ဆောင်နိုင်စွမ်းရှိကြ သော်လည်း အမျိုးသားနေရှင်နယ်ကျောင်းဝယ် လခမမှန် တစ်လှည့်မှန်တစ်လှည့်၊ ခေတ်ကပင် အမျိုးသားရေးလှုပ်ရှား ရင်း ဆရာမလုပ်ခဲ့ကြသည်။ ဒေါ်အုန်းသည်လည်း ငယ်ရွယ် စဉ်ကပင် အမျိုးသားရေး၊ နိုင်ငံရေးတို့နှင့် ယဉ်ပါးကာ အမျိုးသားရေးလှုပ်ရှားမှုများနှင့် လွတ်လပ်ရေးတိုက်ပွဲများ တွင် ကျရာနေရာမှ ကျေပွန်စွာဆောင်ရွက်ခဲ့သည်။
၁၉၃၁ ခုနှစ် ဩဂုတ်လ၌ ပြည်လုံးကျွတ် အမျိုးသမီး ညီလာခံကြီး မန္တလေး အိမ်တော်ရာဘုရားဝင်းအတွင်း ကျင်းပခဲ့သည်။ ထိုညီလာခံတွင် ဂျီ၊ စီ၊ ဘီ၊ အေလက်ဟောင်း ကြီးရွှေလက်ဝါးနှင့် ပယင်းရောင် အားတိုးဆေး ဦးကျော်ရန် ၏သမီး ဒေါ်ထား-အက်ဖ်အေ၊ကာလကတ္တား ယူနီဗာစီတီက ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ ဒေါ်အုန်းကအတွင်းရေးမှူး အဖြစ်လည်းကောင်း တာဝန်ယူခဲ့သည်။၁၉၂၀ ပြည့်နှစ် သပိတ်ကြောင့် ပေါက်ဖွားလာသည့် သက်တမ်းခုနစ်နှစ်မျှ သာရှိသော မန္တလေးဥပစာကောလိပ်ကို ဖျက်သိမ်းပစ်မည် ဟု ရန်ကုန်တက္ကသိုလ် အာဏာပိုင်တို့က ရာဇသံပေးသဖြင့် ၁၉၃၂ ခုနှစ်တွင် ကျောင်းသား ကျောင်းသူတို့သည် အိမ်တော်ရာဘုရားသို့ ချီတက်၍ ကန့်ကွက်ဆန္ဒပြကြသည်။ ဦးကျော်ငြိမ်း၊ ဗိုလ်ခင်မောင်လေး၊ ဒေါ်အုန်း၏ မောင်သခင် သိန်းအောင်၊ တက်ဘုန်းကြီးသိန်းဖေမြင့်၊ မြန်မာ့လမ်းစဉ် သတင်းစာ ဦးစိန်ဝင်းတို့နှင့်အတူဒေါ်အုန်းသည် ဆန္ဒပြပွဲကို ခေါင်းဆောင်ခဲ့သည်။ ၁၉၃၄ ခုနှစ် ပါဠိဝိဇ္ဇာဂုဏ်ထူးတန်း တက်ရင်း အင်းလျားဆောင် သမဂ္ဂကိုယ်စားလှယ်၊ အင်းလျားဆောင်သဟာယနှင့် စာဖတ်အသင်းဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။

၁၉၃၆ ခုနှစ်တွင် ကိုအောင်ဆန်း၊ ကိုကြီးနုတို့ကို တက္ကသိုလ်မှ ထုတ်ပယ်လိုက်၍ ပေါ်ပေါက်လာသောသပိတ် ကြီးတွင် အမာခံကျောင်းသူကြီးများဖြစ်ကြသော ဒေါ်အမာ၊ ဂဠုံမမကြီး၊ ဒေါက်တာ ဒေါ်ခင်အေးမြင့်တို့နှင့်အတူ ကျောင်းသူများကို ခေါင်းဆောင်ကာ သပိတ်မှောက်ခဲ့သည်။ သပိတ်စခန်းဖြစ်သော ရွှေတိဂုံဘုရား မော်လမြိုင်ဇရပ်တွင် သပိတ်မှောက်သည့်နေ့မှစပြီး သပိတ်လုပ်ငန်းတာဝန်များ ကိုထမ်းဆောင်လျက် ရှိရာ သပိတ်စခန်းရုပ်သိမ်းမှသာလျှင် ဒေါ်အုန်းသည် အိမ်သို့ပြန်ခဲ့သည်။ ၁၉၃၅ ခုနှစ်အက်ဥပဒေ အရ ဗြိတိသျှအစိုးရက အိန္ဒိယပြည်မှ ဗမာပြည်ကို ခွဲထုတ် ပြီးလျှင် ဗမာပြည်အား(၉၁) ဌာနအုပ်ချုပ်ရေးပေးအပ်လိုက် သည်။ထို့ကြောင့် ၁၉၃၆ ခုနှစ်နိုဝင်ဘာလ၌ အထွေထွေ ရွေးကောက်ပွဲကြီး ကျင်းပရမည်ဖြစ်သည်။ မန္တလေးမြို့ ကျုံးထောင့်၌ ရွေးကောက်ပွဲဝင်ရန် ပဏာမဆွေးနွေးပွဲ အတွက် တစ်ပြည်လုံးဆိုင်ရာ ငါးပွင့်ဆိုင်အဖွဲ့မှ ညီလာခံကြီး ခုနစ်ရက်တိုင်တိုင်ကျင်းပရာ အမျိုးသမီးနေ့၌ ဆရာတော် ဦးဥတ္တမ၏ နှမဝမ်းကွဲတော်သူ ရခိုင်အမျိုးသမီးကြီး ဒေါ်မြမေက ဥက္ကဋ္ဌ၊ ဒေါ်အုန်းက အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့သည်။

၁၉၃၈ ခုနှစ်တွင် ရေနံမြေသပိတ် အရေးအခင်း ပေါ်ပေါက်လာရာ ဒေါ်အုန်း၏မောင် သခင်သိန်းအောင်နှင့် ဦးလှရွှေ ဦးစီးသော တက္ကသိုလ်ကျောင်းသားသမဂ္ဂက ကိုဗဆွေနှင့် ကိုဗဟိန်းကိုလွှတ်ပေးရန် အတွင်းဝန်ရုံးကို ဝိုင်းဝန်းပိတ်ဆို့ ကန့်ကွက် ဆန္ဒပြရန်၊ ထိုသို့ဆန္ဒပြရာ၌လည်း ကျောင်းသားသမဂ္ဂက ကျောင်းသားများသာမကကျောင်းသူ များပါ ပါဝင်သင့်ကြောင်း ဆုံးဖြတ်ကြသည်။ ထိုအခါ ဒေါ်အုန်းသည် အင်းလျားဆောင်၏ ဟောကျူတာပင် ဖြစ်လင့်ကစား အမျိုးသားရေးစိတ်ဓာတ် ပြင်းပြစွာဖြင့် ရဲရဲ ဝံ့ဝံ့ပင် ဒေါ်ခင်မြ(အငြိမ်းစားပါမောက္ခ၊ ပညာရေးတက္ကသိုလ်)နှင့် အတူ ကျောင်းသူများကို စည်းရုံးသိမ်းသွင်းကာ ခေါင်းဆောင်၍ဆန္ဒပြခဲ့သည်။ ဆန္ဒပြရာမှ အပြန်တွင် အင်းလျားအဆောင်မှူးကြီး မစ္စစ်ဝှိုက်က ဒေါ်အုန်းအား ခေါ်ယူပြစ်တင် ကြိမ်းမောင်းပြီး သက်ဆိုင်ရာအာဏာပိုင် အဖွဲထံသို့ တိုင်တန်းစာပေးပို့ခဲ့သည်။

၁၉၄၀ ပြည့်နှစ်တွင် သခင်မြတာဝန်ယူသော ပြည်တွင်း တော်လှန်ရေးလုပ်ငန်းများကို အစ်ကိုကြီးသခင်အေးမောင် ကြီး၏ အိမ်၌ဌာနချုပ်ပြုလုပ်လျက် ဆောင်ရွက်ကြသည်။ ဒေါ်အုန်းသည် ရန်ကုန်မှပြန်တိုင်း သခင်သိန်းအောင်၊ တက်ဘုန်းကြီးသိန်းဖေမြင့်၊ ဦးကျော်ငြိမ်း၊ သခင်အေး မောင်ကြီး၏ဇနီး သခင်မဒေါ်ကြည်တို့နှင့် လျှို့ဝှက်လုပ်ငန်း များလုပ်ဆောင်ခဲ့သည်။ ၁၉၄၂ ခုနှစ်တွင် ပါတော်မူနေ့ ကျင်းပရေးနှင့်ပတ်သက်၍ အစ်ကိုကြီး သခင်အေး မောင်ကြီး ထောင်ကျသွားသော်လည်း သူ့အိမ်၌ပင် စခန်းချလျက် ဦးကျော်ငြိမ်း၏ ညွှန်ကြားချက်များကို ဗိုလ်ဇေယျ၊ တက်ဘုန်းကြီးသိန်းဖေမြင့်၊ သံမဏိမောင် မောင်၊ ဗိုလ်ခင်မောင် လေး၊ သခင်အေးမောင်ကြီး၏ဇနီး သခင်မဒေါ်ကြည်တို့၏ လျှို့ဝှက်ဆောင်ရွက်ချက်များကို ကူညီခဲ့သည်။

ရဲဘော်သုံးကျိပ်တို့နှင့်ထားခဲ့သောကတိကို ဂျပန်တို့ ချိုးဖောက်၍ဂျပန်တို့ကို ပြန်လည်တိုက်ထုတ်ရန် လူငယ်၊ လူရွယ်များမွေးထုတ်ပေးရန် အာရှလူငယ်အစည်းအရုံး ကို ရန်ကုန်၌တည်ထောင်သည်။ ရန်ကုန်ဌာနချုပ်၏ ဆုံးဖြတ်ချက်အရဒေါ်အုန်းအား ဗဟိုဌာနချုပ်၊ အမျိုးသမီး ဌာနခွဲ၌ ဥက္ကဋ္ဌခန့်အပ်ရာ ဒေါ်အုန်းသည် အသက် (၇၀)အရွယ် အမေကြီးနှင့် (၁၀)နှစ်အရွယ် မောင်ငယ်လေးကို ခေါ်ဆောင်ကာ ၃၀-၈-၁၉၄၃ မှ ၄-၁-၁၉၄၅ အထိ ရန်ကုန်အာရှလူငယ် အစည်းအရုံးဗဟိုဌာနချုပ်၏ အမျိုးသမီးဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။

၁၉၄၅ ခုနှစ်တွင် ပညာရေးဝန်ကြီး ဆရာကြီး ဦးရာဇတ် (ဥက္ကဋ္ဌ)၊ ထိပ်တင်ကိုယ်တော်ကြီး (ဒုဥက္ကဋ္ဌ)၊ အစ်ကိုကြီး သခင်အေးမောင်ကြီးနှင့် လူထုဦးလှ(အတွင်း ရေးမှူးများ) ပါဝင်သော A.F.O (Anti Fascist Organiza- tion) အဖွဲ့တွင် ပထမဆုံးအမျိုးသမီးအမှုဆောင်ဖြစ်ခဲ့သည်။နဂါးဒေါ်ဦး (ငွေထိန်း)၊ ဒေါ်မာလာ (ပြန်ကြားရေး)၊ အယ်နီဒေါ်စောမြ (အတွင်းရေးမှူး) များပါဝင်သော အမျိုးသမီးအဖွဲ့တွင် ဥက္ကဋ္ဌတာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၄၆ ခုနှစ်တွင် လခပေါင်းစုံသပိတ်တွင် အမျိုးသမီးအဖွဲ့ အနေဖြင့် ရိက္ခာတာဝန်ယူခဲ့သည်။ ခေတ္တစခန်းချရာ စကုတိုက်ကို ဌာနချုပ်ပြု၍ သခင်အေးမောင်လေး၊ ဒေါ်နှင်းဦး၊ သံမဏိမောင်မောင် (ခေါ်) ကိုအောင်သူ၊ ဗိုလ်မုတ်ဆိပ် (ခေါ်) ကိုခင်မောင်တို့က သပိတ်ပွဲနှင့် လွတ်လပ်ရေးတိုက်ပွဲအတွက် လျှို့ဝှက်လုပ်ငန်းများ လုပ်ခဲ့သည်။
လုပ်ဖော်ကိုင်ဖက် ဝန်ကြီးဟောင်း ဦးကျော်ငြိမ်း စသော ဆိုရှယ်လစ်ခေါင်းဆောင်ကြီးများက နောင်တွင် ဝန်ကြီး တစ်နေရာပေးရန်ရည်ရွယ်ပြီး မန္တလေးတက္ကသိုလ် ပညာရေးလောကကိုစွန့်လွှတ်၍ ရန်ကုန်ဗဟိုဌာနချုပ် ဆိုရှယ်လစ်အဖွဲ့လက်အောက်ခံလွတ်လပ်ရေး အမျိုး သမီးအဖွဲ့၌ ဥက္ကဋ္ဌတာဝန်ထမ်းဆောင်ရန်ခေါ်ယူသည်။ သို့သော်လည်း ဒေါ်အုန်းသည် အထက်ဗမာပြည် ကျောင်းသား ကျောင်းသူများ၏အကျိုးကို ပဓာနပြု လျက် မန္တလေးမြို့တွင်သီးခြားတက္ကသိုလ်ကြီး အောင်မြင် အထမြောက်စွာ အကောင်အထည်မပေါ်မချင်း မန္တလေး ပညာရေးလောကမှ မည်သည့်ဌာနသို့မျှ မသွားဟူသော အဓိဋ္ဌာန်ဖြင့် ကွယ်လွန်သူ ပညာရေးဝန်ကြီးဟောင်း ဆရာကြီး ဦးရာဇတ်၏ တာဝန်ပေးချက်ကို အခက်အခဲ အမျိုးမျိုးကြားမှ အောင်မြင်ထမြောက်အောင် ဦးကို လေးနှင့် အတူ လက်တွဲဆောင်ရွက်ခဲ့သည်။ ထိုသို့သော ကြိုးစားအားထုတ်မှုများကြောင့်ပင်လျှင် မန္တလေး တက္ကသိုလ်ကြီးသည် ၁၉၅၇ ခုနှစ် အောက်တိုဘာလ ၄ ရက်နေ့တွင် သီးခြားတက္ကသိုလ်ကြီးအဖြစ် ရပ်တည် နိုင်တော့သည်။

လူမှုရေးဆောင်ရွက်ချက်များ
၁၉၃၄ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် အင်းလျား ဆောင်အသင်း၌ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။ ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင် အခမ်းအနားတွင် စန္ဒရားချန်ပီယံ မောင်ကျော်၊ တယောမြကေတုတို့နှင့် တွဲဖက်၍ တပင်တိုင်အကဖြင့် ကူညီခဲ့သည်။

၁၉၃၄ မှ ၁၉၄၁ ခုနှစ်အထိ ရွှေတိဂုံဘုရား ညောင်ရေအိုး သန့်ရှင်းရေးလုပ်ငန်းများတွင် အင်းလျားကျောင်းသူများ ကို ဒေါ်စောသင်(အမ်အေ၊မြန်မာစာ)နှင့်အတူခေါင်းဆောင် တာဝန်ယူခဲ့သည်။ အမျိုးသားနေ့တိုင်း စီတန်းလှည့်လည် ပွဲတွင် ဒေါ်ခင်မြ၊ပါမောက္ခ-ငြိမ်း၊ ပညာရေးတက္ကသိုလ် နှင့်အတူ အင်းလျားကျောင်းသူများကိုခေါင်းဆောင်၍ ပါဝင်ဆင်နွှဲခဲ့သည်။ ၁၉၃၅ ခုနှစ် နဂါးနီအသင်း စတင် တည်ထောင်ရန် စိုင်းပြင်းသည်မှစ၍ အသင်းကြီး အထ မြောက်အောင်မြင်သည်အထိ ဒေါ်ခင်မြနှင့်အတူပူးတွဲ အားပေးကူညီခဲ့သည်။၁၉၃၆ ခုနှစ် ရန်ကုန်မြို့မအမျိုးသား ကျောင်းရန်ပုံငွေ အလှူပွဲတွင် တပင်တိုင်အကဖြင့် ကူညီခဲ့သည်။ ၁၉၄၀ ပြည့်နှစ် ဂျူဗလီဟောတွင် တက္ကသိုလ်ကျောင်းသား သမဂ္ဂရန်ပုံငွေအလှူပွဲသွင်းရာ ပွဲဝိုင်းစသည်မှ ပြီးမြောက်သည့်တိုင် သမဂ္ဂဥက္ကဋ္ဌဟောင်း သံအမတ်ကြီး ဦးလှမောင်နှင့် လက်တွဲဆောင်ရွက်ခဲ့သည်။

၁၉၄၂ ခုနှစ်မှ ၁၉၄၃ ခုနှစ်အထိ အင်းဝမြို့တွင် စစ်ပြေးအဖြစ် ခိုလှုံနေစဉ် အင်းဝဂုဏ်ရည်အမည်ဖြင့် စေတနာကျောင်းဖွင့်ကာ သခင်အေးမောင်လေး၊ ဦးကြည် မြ၊ ဒေါ်နှင်းဦးတို့နှင့်အတူ လူငယ်၊ လူရွယ်များ၏ ပညာ တတ်မြောက်ရေးကို အခမဲ့သင်ကြားမြှင့်တင်ပေးခဲ့သည်။ ၁၉၄၆ ခုနှစ်တွင် စစ်ဒဏ်ကြောင့်ပျက်စီးယိုယွင်းသွား သော မန္တလေးမြို့ နေရှင်နယ်အမျိုးသားကျောင်း ရန်ပုံငွေ အတွက် မြို့ဂုဏ်ရောင်ရုံ၌ အလှူပွဲသွင်းရာ တပင်တိုင် အကဖြင့် ကပြပါဝင်ကူညီခဲ့သည်။ ဇွန်လတွင် ပြန်လည် ဖွင့်လှစ်သော မန္တလေးနေရှင်နယ် အမျိုးသားကျောင်းတွင် စေတနာဆရာအဖြစ်ဖြင့် အခမဲ့လုပ်အားပေးခဲ့သည်။ ၁၉၄၉ မှ ၁၉၅၁ အထိ ထောင်စစ်ဆေးရေး အကြီးအကဲ အဖြစ် ခန့်အပ်ခြင်းခံရသည်။ ၁၉၅၂ မှ ၁၉၅၈ ခုနှစ် အထိ မန္တလေးအနုပညာနှင့်ပန်တျာကျောင်းတွင် အုပ်ချုပ် ရေးအဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခဲ့သည်။ အထက်ဗမာပြည် အလေးမနှင့် မောင်မယ်ပြိုင်ပွဲများတွင် အမြို့မြို့ အရွာရွာ၏ ဖိတ်ကြားချက်အရ အကဲဖြတ်ဒိုင်လူကြီးအဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၈၀ ပြည့်နှစ် ဇွန်လ ၇ ရက်နေ့တွင် နိုင်ငံတော်က ဒေါ်အုန်းအား နိုင်ငံ့ဂုဏ်ရည် (ဒုတိယဆင့်) ချီးမြှင့်သည်။

 

မြန်မာ့ဂီတအနုပညာကိုလေ့လာခြင်း
အမ်အေဒေါ်အုန်းသည် မြန်မာ့ဂီတအနုပညာကို လည်း အမြတ်တနိုးတန်ဖိုးထား သေချာကျနစွာ လေ့လာ ခဲ့သည်။ ပတ္တလားပညာကို မြန်မာ့ဂီတပညာရှင် ဆရာကြီး ဦးဘကလေးထံ၌ လေ့လာသင်ယူခဲ့၏။ မန္တလေးပန်တျာ ကျောင်း ဆရာဦးသန်းအောင်ထံမှ မဟာဂီတပညာကို စနစ်တကျသင်ယူခဲ့သည်ဟု ဆိုပါသည်။ အမ်အေဒေါ်အုန်း သည် သီချင်းကြီး၊ သီချင်းခန့်အပုဒ် ၃၀ ခန့်ကို သေချာ ကျနစွာ သီဆိုတီးမှုတ်နိုင်ပြီး နံ့သာနီတောင်နှင့် ရှိစုံ ရွက်ကြာ ပတ်ပျိုးများကို အနှစ်သက်ဆုံးဖြစ်သည်ဟု ဆိုကြပါသည်။

ဂီတစာဆိုရွှေတိုင်ညွန့်သည် အငြိမ့်မင်းသမီး မဟုတ် သော ဒေါ်အုန်းအတွက် ကကွက်ကောင်းသည့် တေးသီချင်းတစ်ပုဒ်ကို စပ်ဆိုပေးခဲ့သည်။ ယင်းတေး သီချင်းတွင် ရတနာပုံ မန်းရွှေမြို့သူ၊ သဘောကောင်း နှင့်စေတနာဖြူ၊ ဘာစီတီ နာမည်ယူ၊ ကျောင်းကြီး ကောလိပ်သူ၊ အဟုတ်ကိုပင်သဘောဖြူ၊ တကယ့်ကိုပင် မနောဖြူ’’စသည့် တေးစာသားများ ပါဝင်သည်။


ပြည်ပလှုပ်ရှားမှုများ
၁၉၅၂ ခုနှစ်တွင် တရုတ်နိုင်ငံ၏ ယဉ်ကျေးမှုဖလှယ် ရေးဖိတ်ကြားချက်အရ ယဉ်ကျေးမှုဝန်ကြီး ဦးထွန်းဖေ ခေါင်းဆောင်သော တရုတ်ပြည်သွား ပထမဆုံးမြန်မာ ချစ်ကြည်ရေးအဖွဲ့တွင် ပထမဆုံးအမျိုးသမီးကိုယ်စားလှယ်အဖြစ် လိုက်ပါသွားခဲ့သည်။ ဧပြီလမှ မေလတိုင် တရုတ်ပြည်အနှံ့အပြား လေ့လာခဲ့သည်။ ထို့နောက် အမေရိကန်အစိုးရ၏ ကျွမ်းကျင်သူလဲလှယ်ရေးအစီအစဉ် အရ ၁၉၅၂ ခုနှစ် ဩဂုတ်လမှ ၁၉၅၃ ခုနှစ် မေလအထိ အမေရိကတိုက်နယ်တစ်ခွင် အနှံ့အပြား လှည့်လည် လေ့လာခဲ့သည်။ ရောက်ရှိရာတက္ကသိုလ်များ၌ ယုဝတီ အသင်းများ၏ ဖိတ်ကြားချက်အရ မြန်မာအမျိုးသမီး များအကြောင်း ဟောပြောခဲ့ရသည်။ ထိုသို့လေ့လာနေစဉ် အမေရိကန်အစိုးရ၏အစီအစဉ်ကို ခေတ္တရပ်နား၍ ၁၃-၃-၁၉၅၃ မှ ၄-၄-၁၉၅၃ အထိ မြန်မာနိုင်ငံအစိုးရ၏ တာဝန်ပေးချက်အရ ကုလသမဂ္ဂ လူမှုရေးနှင့်လုံခြုံရေး ကောင်စီလက်အောက်ခံအမျိုးသမီးများ အခွင့်အရေး ကော်မရှင်တွင် ရက်သတ္တသုံးပတ်တိုင်တိုင် မြန်မာနိုင်ငံ အစိုးရ မြန်မာအမျိုးသမီး ကိုယ်စားလှယ်အဖြစ် တက်ရောက်ဆွေးနွေးခဲ့သည်။ ထို့ပြင် အင်္ဂလန်နိုင်ငံ စကော့တလန်တက္ကသိုလ်တွင် ဗြိတိသျှကောင်စီ၏ ဧည့်သည်တော်အဖြစ် တစ်လခန့် လေ့လာခွင့်ရရှိခဲ့၏။

 

စာပေရေးသားပြုစုခြင်း
ဒေါ်အုန်းသည် အမ်အေဘွဲ့ရရှိပြီးနောက် အမ်အေ မအုန်းကလောင်အမည်ဖြင့် မဂ္ဂဇင်းစာစောင်များတွင် ဆောင်းပါးများ ရေးသားခဲ့သည်။ အမ်အေဒေါ်အုန်း၏ ဆောင်းပါးများကို မြန်မာ့အလင်းသတင်းစာ၊ နဂါးနီ ဂျာနယ်၊ မြဝတီ၊ ရှုမဝမဂ္ဂဇင်းစသည်တို့တွင် တွေ့ရသည်။ အမ်အေဒေါ်အုန်းသည် စာရေးဆရာမတစ်ဦးအဖြစ် စာအုပ်စာပေများ ရေးသားပြုစုခဲ့ရာတွင် ဆိုဗီယက် လောက (၁၉၄၃)၊ မိန်းမကိစ္စ၊ မလောက(၁၉၄၄-၁၉၄၅) စသည့်လုံးချင်းစာအုပ်တို့ကို ရေးသားထုတ်ဝေခဲ့သည်။ ယုဝတီဂျာနယ်တွင်လည်း ဆောင်းပါးများရေးသားခဲ့ရာ၌ အဆင်မပြေသောအိမ်ထောင်ရေး (၁၆-၁-၁၉၄၈)၊ လွတ်လပ်သောမြန်မာပြည်နှင့် မိန်းမများ (၁၅-၂-၁၉၄၈)၊ မေတ္တာပို့သန့်စင်နည်း (၄-၄-၁၉၄၈)၊ ကိုယ့်ဒူး ကိုယ်ချွန် (၁၅-၆-၁၉၄၈)၊ ဇာတ်တူသား(၁၆-၅-၁၉၄၈)၊ လောက နိဗ္ဗာန် (၇-၉-၁၉၄၈)၊ ကမ္ဘာ့ငြိမ်းချမ်းရေးလမ်းစဉ် (၁၄-၉-၁၉၄၈)၊ လူရည်ချွန်၊ ခြတောင်ပို့၊ စိတ်စသည့် ဆောင်းပါးများကို ရေးသားခဲ့သည်။

 

ပညာရပ်ဆိုင်ရာကျမ်းစာအုပ်များ ရေးသားပြုစုခြင်း

ပါမောက္ခအမ်အေဒေါ်အုန်းသည် ဌာနသုံးပါဠိသဒ္ဒါ ကျမ်းများ၊ ဘာသာဗေဒကျမ်းများကိုလည်း ရေးသားပြုစု ခဲ့၏။ ထို့ပြင် ပါဠိစာပေသမိုင်း(၁၉၅၀)၊ ထေရီ၊ ထေရာ၊ ဓမ္မပဒ၊ စရိယာပိဋကတ် ကျမ်းစာအုပ်များကိုလည်း ရေးသားပြုစုခဲ့သည်။ အင်္ဂလန်နိုင်ငံပါဠိကျမ်းစာအဖွဲ့ (PTS) မှ ရိုက်နှိပ်ထုတ်ဝေရန်အတွက် ၁၉၅၆ ခုနှစ်တွင် စရိယပိဋက အဋ္ဌကထာကျမ်းကိုလည်း ပါဠိဘာသာမှ အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုပေးခဲ့သည်။
သမိုင်းအဆက်ဆက် မြန်မာအမျိုးသမီးတို့၏ စွမ်းဆောင်မှုသည် မြင့်မားကြပြီး လွတ်လပ်ရေးရရှိရန် တိုက်ပွဲဝင်ရာတွင်လည်း အမျိုးသားများနှင့်တန်းတူ ပါဝင်တိုက်ခိုက်ခဲ့ကြသည်။ ထို့အတူ အမ်အေဒေါ်အုန်း သည်လည်း မျိုးချစ်စိတ်ပြင်းထန်သော လွတ်လပ်ရေး တိုက်ပွဲဝင်စာရေးဆရာ၊ စာပေပညာရှင် ပါဠိပါမောက္ခ အဖြစ် မြန်မာ့သမိုင်းတွင် လွန်စွာထင်ရှားသည်။ ထို့ပြင် အမ်အေ ဒေါ်အုန်းသည် မန္တလေးယူနီဗာစီတီကောလိပ်အား သီးခြားတက္ကသိုလ်အဖြစ် ရပ်တည်လာနိုင်သည်အထိ အခက်အခဲပေါင်းစုံကို ကျော်ဖြတ်ကာ ဦးကိုလေးနှင့်အတူ လက်တွဲ၍ ဆောင်ရွက်ခဲ့သည်။ ခက်ခက်ခဲခဲတည်ထောင် ခဲ့ရသော မန္တလေးတက္ကသိုလ်နှင့် သူမ၏ဌာနတို့ကိုပစ်ပြီး မည်သည့်ဌာနသို့မျှ မပြောင်းဟု သန္နိဋ္ဌာန်ချထားပြီး ဖြစ်သည်။ အမ်အေဒေါ်အုန်းသည် မန္တလေးယူနီဗာစီတီ ကောလိပ်စတင်တည်ထောင်သည့် ၁၉၄၇ ခုနှစ် ဇွန်လမှ ၁၉၆၆ ခုနှစ် ပင်စင်ယူသည်အထိပါဠိ (အရှေ့တိုင်းပညာ ဌာန)၊ မန္တလေးတက္ကသိုလ်တွင်သာ တစ်ဆက်တည်း တာဝန်ထမ်းဆောင်ခဲ့သည်။ ထို့ကြောင့် အမ်အေဒေါ်အုန်း သည် မန္တလေးတက္ကသိုလ် တည်ထောင်သူသာမကပါဠိ (အရှေ့ တိုင်းပညာဌာန)၊ မန္တလေးတက္ကသိုလ်၏ မိခင်ကြီး ဖြစ်ကြောင်း မှတ်တမ်းတင်ဂုဏ်ပြုရေးသားတင်ပြလိုက် ရပေသည်။ ။