အကြမ်းဖက်သမားတို့၏ အသုံးချခံ

နေပြည်တော် အောက်တိုဘာ ၂

ဖေဖော်ဝါရီလ ၁ ရက်နေ့ နောက်ပိုင်းမှစကာ ဖြစ်ပေါ်လာခဲ့သည့် ဆန္ဒပြပွဲများ၊ ရုန်းရင်းဆန်ခတ် အဓိကရုဏ်းများ စသည်တို့တွင် အရွယ်မရောက်သေးသူ ကလေးငယ်များ ပါဝင်ခဲ့ကြသည်ကို လူမှုကွန်ရက်များတွင် မကြာခဏ တွေ့ခဲ့ရသည်။ နိုင်ငံရေးအပါ အဝင် လူ့လောက လူ့အရေးတို့ကို သိနားလည်မှုမရှိသေးသည့် ကလေးများကို နိုင်ငံရေး အသွေးအရောင်ခြယ်၍ အသုံးချအမြတ် ထုတ်ခဲ့ကြရာတွင် နောက်မှမြှောက်ပင့်ပေးသူများ၊ သွေးထိုး လှုံ့ဆော်သူများနှင့်တကွ ကလေးသူငယ်တို့၏ မိဘအုပ်ထိန်းသူ များမှာလည်း တာဝန်ရှိသည်။ ကလေးသူငယ် ဥမမည် စာမမြောက် ကလေးများကို စီတန်းလှည့်လည်စေခြင်း၊ အော်ဟစ်ကြွေးကြော် စေခြင်းတို့မှအစပြုကာ အဓိကရုဏ်းများ အရှိန်မြင့်တက်လာချိန် တွင် အကြမ်းဖက်တိုက်ခိုက်ဖျက်ဆီးမှုများအထိ အသက်မပြည့် သေးသည့် ကလေးများကို ပါဝင်စေခဲ့ကြသည်။

စက်တင်ဘာ ၂၀ ရက်က ဖမ်းဆီးရမိခဲ့သည့် အကြမ်းဖက် အုပ်စုတစ်စုတွင် အသက်ငယ်ရွယ်သူများဖြစ်သည့် အသက် ၁၆ နှစ်၊ ၁၇ နှစ်အရွယ်များ ပါဝင်ခဲ့ပြီး အသက်အငယ်ဆုံးအဖြစ် အသက် ၁၄ နှစ်အရွယ် မိန်းကလေးတစ်ဦးလည်း ပါဝင်သည်။ သို့ရာတွင် သူတို့ကျူးလွန်ခဲ့သည့် ပြစ်မှုတို့က အသက်အရွယ်နှင့် မမျှအောင် ကြီးလေးလွန်းလှသည်။ အကယ်၍သာ နောက်ကွယ် မှ ဆရာကြီးတို့၏ အမှောင့်ပယောဂတို့ မကပ်ငြိခဲ့ပါလျှင် ၎င်း အရွယ်တို့မှာ အခြေခံပညာအလယ်တန်း၊ အထက်တန်းကျောင်း တို့တွင် ပညာသင်ကြားနေကြရမည့်အရွယ်များ၊ ၎င်းတို့၏ အနာဂတ်၊ နိုင်ငံ တော်အနာဂတ်အတွက် ကြိုးပမ်းပြင်ဆင်နေကြရ မည့်အရွယ်များဖြစ်သည်။ ယခုမူ နိုင်ငံခြားတွင် ဘေးကင်းရန်ကင်း | နေထိုင်သူများက နုနယ်သည့် ကလေးငယ်တို့၏ ဦးနှောက်နှင့် နှလုံးသားတို့တွင် ဝါဒမှိုင်းများ ကျပ်ခိုးစွဲစေကာ ကလေးငယ်တို့၏ လက်များကိုလည်း သွေးစွန်းစေခဲ့သည်။ F.F.F (Freedom Fighter Force) အမည်ဖြင့် အကြမ်းဖက်အဖွဲ့ ဖွဲ့စည်းကာ ဖောက်ခွဲမှုနှင့် လူသတ်မှု အနည်းဆုံးသုံးမှုကို ကျူးလွန်စေခဲ့သည်။ ၎င်းတို့ကို စည်းရုံးစဉ်က ဆေးသင်တန်းတက်ရမည်ဟု စည်းရုံးခဲ့ ခြင်းဖြစ်သည်ဟု ဆိုသည်။ လှိုင်တက္ကသိုလ်၊ အုန်းတောဆောင် အနီးတွင် ၎င်းတို့အဖွဲ့အား သင်တန်းပေးသည့်အခါ အကြမ်းဖက် နှင့် ဖောက်ခွဲရေးသင်တန်းပေးခဲ့ခြင်း ဖြစ်သည်။

အကြမ်းဖက်သင်တန်းဆင်းထားသည့် အသက်မပြည့်သေးသူ များ၊ မူးယစ်ဆေးဝါး၊ လူသတ်လက်နက်များနှင့် နောက်ကွယ်မှထောက်ပံ့သူ၊ညွှန်ကြားသူတို့၏စေခိုင်းမှုများ ပေါင်းစပ်လိုက်သည့် အခါ အကြမ်းဖက်အဖွဲ့ဝင်ကလေးများမှာ ဤလူကို သတ်ဟု ဆိုလျှင် သတ်လိုက်ကြသည်။ သည့်ထက်ပို၍ ဘာမှမသိ။ ဤတွင် မိဘများ၏ အခန်းကဏ္ဍမှာ အဓိကျသည်။ မိမိတို့၏ သားသမီး များ ဤသို့သောအခြေအနေသို့ ရောက်ရှိသွားရခြင်းတွင် မိဘ များတွင် တာဝန်ရှိနေသည်။ အကြမ်းဖက်သမားတို့က မည်သို့ပင် သွေးထိုးမြှောက်ပင့်စည်းရုံးကြစေကာမူ မိဘတို့က မိမိတို့၏ သားသမီးတို့ကို ဘေးအန္တရာယ်မကျရောက်အောင် ကာကွယ် ထိန်းသိမ်းကြမည်ဆိုပါက ယခုကဲ့သို့ အခြေအနေမျိုး ကျရောက် သွားမည်မဟုတ်။ အကြမ်းဖက်သမားတို့၏ အသုံးချခံအဖြစ်နှင့် မိုင်းထောင်၊ လူသတ်အကြမ်းဖက်ဘဝသို့ ကျရောက်သွားနိုင်မည် မဟုတ်ပေ။ အွန်လိုင်းပေါ်မှ မြှောက်ပေးခဲ့ကြသူများ၊ နောက်ကွယ် မှထောက်ပံ့စေခိုင်းခဲ့ကြသူများမှာ ကလေးသူငယ်များ၏ အကြမ်း ဖက်မှုများ ပေါ်ပေါက်ဖမ်းဆီးခံရချိန်တွင်မူ မသိချင်ယောင်ဆောင် နေကြမည်သာဖြစ်သည်။

ကလေးများဆိုသည်မှာ ရုပ်ပိုင်းအရရော စိတ်ပိုင်းအရပါ ဖွံ့ဖြိုးနေဆဲ၊ တည်ဆောက်နေဆဲ၊ မပြည့်စုံသေးသည့်အရွယ်ဖြစ် သည်။ မိမိဘာသာ ရပ်တည်နိုင်ခြင်းမရှိသေးသည့်အလျောက် မိဘနှင့် အုပ်ထိန်းသူများ၏ စောင့်ရှောက်မှုအောက်တွင် ရှင်သန် ကြီးပြင်းကြရသည်။ အားနည်းချက်များစွာရှိနေသည့်အတွက် ကလေးသူငယ်များ၏အခွင့်အရေးကိုဥပဒေပြဋ္ဌာန်းကာစောင့်ရှောက် ပေးနေရပြီး ကလေးများအပေါ် နည်းမျိုးစုံဖြင့် အမြတ်ထုတ်မှု မရှိစေရန် ကာကွယ်ပေးနေရသည်။ ကလေးများကိုကျိုးကြောင်းပြ နည်းပေးလမ်းညွှန်ဆုံးမရန် မိဘ၊ အုပ်ထိန်းသူနှင့် ဆရာ ဆရာမ များတွင် တာဝန်ရှိကြောင်း ဥပဒေတွင်ပါရှိသည်။ လက်နက်ကိုင် ပဋိပက္ခများတွင်ပင် ကလေးသူငယ်များကို စုဆောင်းခြင်းနှင့် အသုံးပြုခြင်းတို့က ပြစ်မှုကျူးလွန်ရာရောက်သည်။ ယခုကဲ့သို့ အကြမ်းဖက်ဖောက်ခွဲ၊ လူသတ်ရန်ခိုင်းစေခြင်းသည်ကား ကလေး တို့အပေါ် အစွမ်းကုန်ရက်စက်မှုကို ကျူးလွန်ခြင်းသာဖြစ်သည်ဟု ရှုမြင်ပါကြောင်း။ ။

မြန်မာ့အလင်း