အစဉ်အလေးထားရမည့် ပြည်ထောင်စုနေ့

ဖေဖော်ဝါရီ၊ ၁၂

 

ယနေ့သည် ၂၀၂၁ ခုနှစ် (၇၄) နှစ်မြောက် ပြည်ထောင်စုနေ့ဖြစ်သည်။ ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီး တစည်းတလုံးတည်း လွတ်လပ်သော နိုင်ငံအဖြစ်သို့ ရောက်ရှိစေရန်အတွက် တောင်တန်း-ပြည်မ မခွဲခြားဘဲ တိုင်းရင်းသားလူထုအားလုံး တညီတညွတ်တည်း၊ တစ်သွေးတစ်သားတည်း စည်းလုံးညီညွတ်မှုကို သက်သေထူ ပြသနိုင်ခဲ့သောနေ့ဖြစ်သည်။

 

နယ်ချဲ့ ဗြိတိသျှတို့က လွတ်လပ်ရေးမပေးလို၍ တောင်တန်း-မြေပြန့်ကို မည်သို့ပင်သွေးခွဲစေကာမူ သွေးမကွဲခဲ့ကြောင်းကို ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ တောင်တန်းဒေသ တိုင်းရင်းသားကိုယ်စားလှယ်များ သွေးစည်းမှုကို လက်တွေ့ပြ၍ စည်းလုံးညီညွတ်မှုကို အခိုင်အမာ စိုက်ထူခဲ့သောနေ့သည် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ဖြစ်သည်။ ထိုနေ့တွင် ပင်လုံစာချုပ်ကို အားလုံးသဘောတူ လက်မှတ်ရေးထိုးခဲ့သဖြင့် ထိုနေ့မှစ၍ လွတ်လပ်ရေးကို တစ်နှစ်အတွင်းတွင် လက်ဝယ်ပိုင်ပိုင် ရရှိခဲ့ပေသည်။

 

ပင်လုံစာချုပ် ချုပ်ဆိုခဲ့သောနေ့သည် ပြည်ထောင်စုအတွင်းရှိ တိုင်းရင်းသားပြည်သူအားလုံး တပေါင်းတစည်းတည်း ဖြစ်ကြောင်း ညွှန်းဆိုခဲ့သည့် ပြည်ထောင်စုကြီး တစုတစည်းတည်း ဖြစ်သောနေ့အဖြစ် နှစ်စဉ်မမေ့မလျော့ အသိအမှတ်ပြု၍ အထူးတလည် ဂုဏ်ပြုကြရပေမည်။ ပြည်ထောင်စုသားအားလုံး စည်းလုံးညီညွတ်သောကြောင့် ရရှိခဲ့သောလွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကို အဓွန့်ရှည်ကြာစွာ တည်တံ့ခိုင်မြဲရေးအတွက် တိုင်းရင်းသားပြည်သူလူထု ပြည်သူအားလုံးတို့က ဆက်လက်ထိန်းသိမ်း စောင့်ရှောက်ကြရမည်ဖြစ်သည်။

 

တိုင်းရင်းသားပြည်သူအားလုံးသည် ပြည်ထောင်စုကြီးကို အစဉ်အမြဲ ထိန်းသိမ်းကာကွယ် စောင့်ရှောက်ကြရမည်ဖြစ်သည်။ ပြည်ထောင်စုကြီးကို အစဉ်အမြဲ ထိန်းသိမ်းကာကွယ် စောင့်ရှောက်သွားရမည့်တာဝန်များကို နှစ်စဉ် ပြည်ထောင်စုနေ့ အခါသမယသို့ ရောက်လာသည့် အချိန်ကာလတိုင်း အသိပေးချပြလေ့ရှိသော ပြည်ထောင်စုနေ့ အမျိုးသားရေးဦးတည်ချက်များ ပါအတိုင်း အလေးထား လိုက်နာဆောင်ရွက်သွားကြရေးပင်ဖြစ်သည်။ ယခုနှစ် ၂၀၂၁ ခုနှစ် (၇၄) နှစ်မြောက် ပြည်ထောင်စုနေ့အတွက် ချမှတ်ထားသော အမျိုးသားရေး ဦးတည်ချက်များမှာ -

 

(၁) ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ “(၂၁) ရာစုပင်လုံ” မှသည် ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အောင်မြင်သည်အထိ အကောင်အထည်ဖော်ဆောင်ရွက်ရေး။

 

(၂) တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး။

 

(၃) ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုနှင့်လျော်ညီသည့် ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ်ပေါ်ပေါက်ရေး။

 

(၄) ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ကို တိုင်းရင်းသားအားလုံး ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေး။

 

(၅) အရည်အချင်းမြင့်မား၍ ပြည်ထောင်စုစိတ်ဓာတ်ခိုင်မာသော မျိုးဆက်သစ်များ ပြုစုပျိုးထောင်ရေးတို့ဖြစ်သည်။

 

ဤအမျိုးသားရေး ဦးတည်ချက် (၅) ရပ်သည် မျက်မှောက်ကာလ တိုင်းရင်းသားပြည်သူများအနေဖြင့် ပြည်ထောင်စုကြီး အဓွန့်ရှည်တည်တံ့ ခိုင်မြဲရေး၊ အေးချမ်းသာယာဖွံ့ ဖြိုးတိုးတက်ရေးအတွက် မမှိတ်မသုန် အလေးအနက်ထားပြီး ဝိုင်းဝန်းအကောင်အထည်ဖော်ရမည့် လမ်းညွှန်ချက်များပင် ဖြစ်သည်။ ထိုအမျိုးသားရေးဦးတည်ချက် (၅) ချက်တွင် အစဉ်အမြဲ ဦးထိပ်ပန်ဆင်ထားရမည့်အချက်မှာ ဦးတည်ချက်အမှတ် (၄) ဖြစ်သည့် ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတည်းဟူသော ဒို့တာဝန်အရေး သုံးပါးဖြစ်သည်။

 

ကျန်ဦးတည်ချက်လေးရပ်သည် မိမိတို့နိုင်ငံ၏ ပစ္စုပ္ပန်ကာလတွင် ပြည်ထောင်စု၏ ပကတိလိုအပ်ချက်လည်းဖြစ်၊ လက်ငင်းအကောင်အထည်ဖော်ရမည့် လုပ်ငန်းတာဝန်များလည်း ဖြစ်ပါသည်။ ဒို့တာဝန်အရေးသုံးပါး သည် ပြည်ထောင်စုကြီး ထာဝစဉ် တည်တံ့ခိုင်မြဲရေးအတွက် တိုင်းပြည်တွင် ထာဝစဉ်လိုအပ်နေသော အရေးအကြီးဆုံး အရေးသုံးပါးဖြစ်သည်။ ထိုသုံးပါး တွင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးသည် အရေးတကာအရေးများတွင် အရေးအကြီးဆုံးအရေးဖြစ်ပြီး ထိုအရေးပျက်ပြားပါက ပြည်ထောင်စုကြီး နှင့်တကွ တိုင်းပြည်၏ အချုပ်အခြာအာဏာပါ ဆုံးရှုံးသွားနိုင်ပါသည်။

 

သို့ဖြစ်ရာ ၂၀၂၁ ခုနှစ် (၇၄) နှစ်မြောက် ပြည်ထောင်စုနေ့အတွက် ချမှတ်ထားသော အမျိုးသားရေး ဦးတည်ချက်များသည် ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီး၏ ပစ္စုပ္ပန်ကာလအတွက် လက်ငင်းပကတိ လိုအပ်ချက်များဖြစ်သည့်အပြင် အသက်တမျှအရေးကြီးသော ဒို့တာဝန်အရေးသုံးပါး ကို တိုင်းရင်းသားပြည်သူ လူထုအားလုံးတို့က စည်းလုံးညီညွတ်မှုဖြင့် ဝိုင်းဝန်းထိန်းသိမ်း ကာကွယ်စောင့်ရှောက်ကြပါရန် တိုက်တွန်းအပ်ပါ ကြောင်း။ ။

 

ကြေးမုံ