အာရှဖလား တတိယအဆင့် ခြေစစ်ပွဲကျင်းပမည့် ပုံစံအသစ်ကြောင့် မြန်မာအသင်း တိုက်ရိုက်ကစားခွင့်ရရှိ

ရန်ကုန် ၊ ၁၇ ဇွန်

 

အာရှဘောလုံးအဖွဲ့ချုပ်သည် ၂၀၂၃ အာရှဖလား တတိယအဆင့် ခြေစစ်ပွဲကျင်းပမည့်ပုံစံကို အပြောင်းအလဲပြုလုပ်ခဲ့သောကြောင့် မြန်မာအသင်းသည် Play-off ပွဲစဉ်ကစားရန်မလိုဘဲ တိုက်ရိုက် ကစားခွင့်ရရှိခဲ့သည်။ အာရှဘောလုံးအဖွဲ့ချုပ်သည် အာရှဖလား တတိယအဆင့် ခြေစစ်ပွဲကျင်းပမည့်ပုံစံအသစ်ကို ဇွန် ၁၆ ရက်က အတည်ပြုထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး မြန်မာအသင်းအတွက် အခွင့်အရေး တစ်ရပ်ဖြစ်ခဲ့သည်။

 

မြန်မာအသင်းသည် ဒုတိယအဆင့် ခြေစစ်ပွဲ အပြီးတွင် အုပ်စုအောက်ဆုံးနေရာတွင် ရပ်တည်ခဲ့ သဖြင့် ယခင်ကျင်းပမည့်ပုံစံအရဆိုပါက အာရှ ဖလားတတိယအဆင့် ခြေစစ်ပွဲ ကစားခွင့်ရရန် Play-off ပွဲစဉ် ထပ်မံကစားရမည်ဖြစ်သည်။ အာရှဘောလုံးအဖွဲ့ချုပ်သည် အာရှဖလားတတိယအဆင့် ခြေစစ်ပွဲဝင်ခွင့်ရအသင်းများကိုသာ ပြောင်းလဲခဲ့ခြင်း ဖြစ်ပြီး ယခင်က စတုတ္ထနေရာရ အသင်းများအနက် အဆင့် ၅ မှ ၈ အတွင်းရပ်တည်သည့် လေးသင်းနှင့် အုပ်စု အောက်ဆုံးရပ်တည်သည့် ခုနစ်သင်းကို Playoff ပွဲစဉ် ထပ်မံကစားရန် စီစဉ်ထားသော်လည်း ပုံစံ အသစ်ကြောင့် စတုတ္ထနေရာရ ရှစ်သင်းစလုံး တတိယအဆင့်ခြေစစ်ပွဲသို့ တက်ရောက်ခွင့်ရခဲ့သလို အုပ်စုအောက်ဆုံး ရပ်တည်မှုအရ ခုနစ်သင်းတွင် အကောင်းဆုံးသုံးသင်းမှာ တိုက်ရိုက်ကစားခွင့်ရကာ ကျန်လေးသင်းသာ Play-off ပွဲစဉ်ထပ်မံကစားရမည် ဖြစ်သည်။

ထို့ကြောင့် ဒုတိယအဆင့် အုပ်စုပွဲစဉ်များ အပြီးတွင် အုပ်စုအောက်ဆုံး ရပ်တည်ခဲ့သည့် မြန်မာ အသင်းသည် ပဉ္စမနေရာရ အကောင်းဆုံးသုံးသင်း တွင်ပါဝင်ပြီး အာရှဖလား တတိယအဆင့်ခြေစစ်ပွဲ အား တိုက်ရိုက်ယှဉ်ပြိုင်ခွင့်ရခဲ့သည်။ ဒုတိယနေရာရ အသင်းများအနက် အဆင့် ၆ မှ ၈ အတွင်းရရှိသည့်တာဂျစ်ကစ္စတန်၊ ဥဇဘက်ကစ္စတန်၊ ကူဝိတ်။ အုပ်စု တတိယနေရာရရှိသည့် ဘာရိန်း၊ တာ့ခ်မင်နစ္စတန်၊ ဂျော်ဒန်၊ ပါလက်စတိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်၊ ကာဂျစ္စတန်၊ အိန္ဒိယ။ အုပ်စုစတုတ္ထနေရာရရှိသည့် ထိုင်း၊ စင်ကာပူ၊ မွန်ဂိုလီးယား၊ အာဖဂန်နစ္စတန်၊ ဟောင်ကောင်၊ မော်လ်ဒိုက်၊ သီရိလင်္ကာ၊ နီပေါ။ ပဉ္စမ နေရာရအသင်းများအနက် အကောင်းဆုံးသုံးသင်း ဖြစ်သည့် မြန်မာ၊ ယီမင်နှင့် ဘင်္ဂလားဒေ့ရှ်အသင်း တို့မှာ အာရှဖလား တတိယအဆင့် ခြေစစ်ပွဲအားတိုက်ရိုက်ယှဉ်ပြိုင်ခွင့်ရရှိမည်ဖြစ်သည်။

အဆင့် ၅ နေရာရအသင်းများတွင် အဆင့် ၄ မှ ၇ အတွင်း ရရှိသည့်အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား၊ တရုတ်(တိုင်ပေ) နှင့် ဂူအမ်အသင်းတို့မှာ Play-off ထပ်မံကစားရမည် ဖြစ်ပြီး အနိုင်ရသည့်နှစ်သင်းမှာ တတိယအဆင့် ခြေစစ်ပွဲသို့ တက်ရောက်ကစားခွင့်ရမည်ဖြစ်သည်။ တတိယအဆင့်ခြေစစ်ပွဲ ကစားခွင့်ရသည့်အသင်း ၂၂ သင်းရှိလာပြီး နှစ်နေရာအတွက်သာ Play-off ပွဲစဉ် ကစားရမည်ဖြစ်သည်။ အာရှဖလား တတိယအဆင့် ခြေစစ်ပွဲကို အသင်းပေါင်း ၂၄ သင်းဖြင့် ကျင်းပမည် ဖြစ်ပြီး ကျင်းပမည့်ကာလကို ပြန်လည်ထုတ်ပြန် မည်ဖြစ်သည်။

 

ဒုတိယအဆင့်ခြေစစ်ပွဲအပြီးတွင် အုပ်စုပထမ နေရာရရှိသည့် ဆီးရီးယား၊ သြစတြေးလျ၊ အီရန်၊ဆော်ဒီအာရေဗျ၊ ဂျပန်၊ တောင်ကိုရီးယား၊ ယူအေအီး၊အကောင်းဆုံးအုပ်စု ဒုတိယနေရာရသည့် တရုတ်၊ အိုမန်၊ အီရတ်၊ ဗီယက်နမ်၊ လက်ဘနွန်အသင်းတို့မှာ ၂၀၂၂ ကမ္ဘာ့ဖလား တတိယအဆင့်ခြေစစ်ပွဲကစားခွင့် ရခဲ့ပြီး ၂၀၂၃ အာရှဖလား ခြေစစ်ပွဲအောင်မြင်ခဲ့သည်။ ၂၀၂၂ ကမ္ဘာ့ဖလား အိမ်ရှင်ကာတာအသင်းသည် အုပ်စုပထမနေရာရခဲ့သော်လည်း တတိယအဆင့် ခြေစစ်ပွဲ ဆက်လက်မယှဉ်ပြိုင်ရသဖြင့် ယင်းအသင်း အစားအကောင်းဆုံးအုပ်စု ဒုတိယနေရာတွက်ချက်ရာတွင် အဆင့် ၅ ရသည့် လက်ဘနွန်အသင်းက အစား ထိုးတက်ရောက်ခွင့်ရခဲ့ခြင်းဖြစ်သည်။

 

ရဲရင့်လွင်