(၂၅) ကြိမ်မြောက် မဲခေါင်မြစ်ကော်မရှင် ဆွေးနွေးဖက်နိုင်ငံများ အစည်းအဝေးကျင်းပ

နေပြည်တော် စက်တင်ဘာ ၁၉

 

(၂၅) ကြိမ်မြောက် မဲခေါင်မြစ်ကော်မရှင်၏ ဆွေးနွေးဖက်နိုင်ငံများ အစည်းအဝေးကို စက်တင်ဘာ ၁၇ ရက်၌ လာအိုနိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံ၍ Online စနစ်ဖြင့် ကျင်းပသည်။

 

အစည်းအဝေးသို့ မဲခေါင်မြစ်ကော်မရှင်အတွင်းရေးမှူးရုံးမှ ကိုယ်စားလှယ်များ၊ မဲခေါင်မြစ်ကော်မရှင် အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ကမ္ဘောဒီးယား၊ လာအို၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံများနှင့် ဆွေးနွေးဖက်နိုင်ငံများ ဖြစ်သည့် တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံမှ ကိုယ်စားလှယ် များပါဝင်တက်ရောက်သည်။

 

မြန်မာကိုယ်စားလှယ်အဖွဲ့တွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးလှမောင်သိန်း ဦးဆောင်၍ နိုင်ငံခြားရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ ပါဝင်တက်ရောက်ကြသည်။

 

အစည်းအဝေး၌ လာအိုနိုင်ငံမှ သဘာပတိအဖြစ်ဆောင်ရွက်ပြီး တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် မဲခေါင်မြစ်ကော်မရှင်၏ ဆွေးနွေးဖက်နိုင်ငံများအဖြစ် ၁၉၉၆ ခုနှစ်က ရပ်တည်လာခဲ့ပါကြောင်း၊ နှစ်စဉ် ဆွေးနွေးဖက်နိုင်ငံများ၏ အစည်းအဝေးများကို ကျင်းပနိုင်ခဲ့ကြောင်း၊ ယခုအစည်းအဝေးကို မဲခေါင်မြစ် ကော်မရှင် (Mekong River Commission- MRC) အဖွဲ့ဝင်နိုင်ငံများနှင့် ဆွေးနွေးဖက်နိုင်ငံများအကြား မဲခေါင်မြစ် ရေအရင်းအမြစ်စီမံအုပ်ချုပ်မှုဆိုင်ရာ ဆောင်ရွက်မှုများနှင့် အနာဂတ်ပူးပေါင်းဆောင်ရွက်နိုင်မှု ဆိုင်ရာကိစ္စများကို ဆွေးနွေးရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။

 

ယင်းနောက် မဲခေါင်မြစ်ကော်မရှင်ကိုယ်စားလှယ်က မဲခေါင်မြစ်ကော်မရှင်နှင့် လန်ချန်း မဲခေါင်ပူးပေါင်း ဆောင်ရွက်မှုတို့ကြား နားလည်မှု စာချွန်လွှာအရ ပူးပေါင်းဆောင်ရွက်ခြင်းများ၊ လန်ချန်း-မဲခေါင်မြစ်၏ ရေသယံဇာတဆိုင်ရာ သတင်းအချက် အလက်များ မျှဝေခြင်း၊ မဲခေါင်မြစ်ကော်မရှင်မှ ကြီးမှူး ကျင်းပသည့် အလုပ်ရုံဆွေးနွေးပွဲများ၊ သုတေသနလုပ်ငန်းများ၊ လူငယ်ရေပညာရှင်သင်တန်းများတွင် ပူးပေါင်းဆောင်ရွက် ခြင်းများ၊ မဲခေါင်မြစ်ဝှမ်းတွင် ရေကြီးခြင်းနှင့် မိုးခေါင်ခြင်းကြောင့် ရေခန်းခြောက်ခြင်းများကို စောင့်ကြည့် စစ်ဆေးနိုင်ရန်နှင့် ကြိုတင်ခန့်မှန်းခြင်းတို့ကို ပိုမိုတိကျစွာလုပ်ဆောင်နိုင်ရန်အတွက် မိုးလေဝသနှင့် ဇလဗေဒ ဆိုင်ရာ စောင့်ကြည့်ရေးစခန်းများကို တည်ဆောက်ခြင်း၊ မြန်မာနိုင်ငံနှင့် လာအိုနိုင်ငံနယ်နိမိတ်အကြား Xieng Kok စောင့်ကြည့်ရေးစခန်းတွင် တိုင်းတာရေးလုပ်ငန်းများအတွက် ပူးပေါင်းဆောင်ရွက်နိုင်မှုလုပ်ငန်း များကို ဆွေးနွေးခြင်း၊ တိုင်းတာရရှိလာသော သတင်းအချက်အလက်များကို ပြန်လည်မျှဝေခြင်း၊ မဲခေါင် မြစ်တစ်လျှောက် စောင့်ကြည့် လေ့လာရေးကွန်ယက်ကိုတည်ထောင်မည့် အစီအမံများနှင့် မြစ်ဝှမ်းဒေသတွင် ကြိုတင်ကာကွယ်ရေးစီမံချက် (Proactive Regional Planning) ရေးဆွဲထားမှုများကို ဆွေးနွေးခဲ့ကြသည်။

 

ဆက်လက်၍ တရုတ်နိုင်ငံကိုယ်စားလှယ်ကဆွေးနွေးပြီး မြန်မာနိုင်ငံကိုယ်စားလှယ်က မဲခေါင်မြစ်ဝှမ်းသည် ဒေသဆိုင်ရာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် လူနေမှုအဆင့်အတန်း တိုးတက်မှုအတွက်အရေးပါသော အခန်းကဏ္ဍဖြစ်ပါကြောင်း၊ မဲခေါင်မြစ်ဝှမ်းသည် ပတ်ဝန်းကျင်ဆိုင်ရာစိန်ခေါ်မှုများကို ရင်ဆိုင်နေရ ပါကြောင်း၊ အဆိုပါစိန်ခေါ်မှုများကို ဖြေရှင်းနိုင် ရန်အတွက် မြန်မာနိုင်ငံအနေဖြင့် ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက် မှုစီမံကိန်း၊ မြန်မာနိုင်ငံပတ်ဝန်းကျင်ရေးရာ မူဝါဒ၊ မြန်မာနိုင်ငံ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ မဟာဗျူဟာနှင့် ပင်မလုပ်ငန်းအစီအစဉ်နှင့် အမျိုးသားအဆင့်ရေမူဝါဒတို့ကို ချမှတ် ဆောင်ရွက်လျက်ရှိပါကြောင်း ဆွေးနွေးပြောကြားသည်။

(သတင်းစဉ်)