(၁၉)ကြိမ်မြောက် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ- UPDJC အစည်းအဝေး ကျင်းပပြီးစီးမှုနှင့် စပ်လျဉ်း၍ မီဒီယာများအား ရှင်းလင်းပြောကြား

နေပြည်တော်  ၁၇  ဩဂုတ်

နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး၊ မွန်ပြည်သစ်ပါတီ (NMSP) ဗဟိုကော်မတီဝင် နိုင်အောင်မငေးနှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (SNLD) မှ တွဲဖက်အထွေထွေအတွင်းရေးမှူး စိုင်းကျော်ညွန့်တို့သည် ယနေ့ ညနေပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၁ ၌ သတင်းမီဒီယာများနှင့် တွေ့ဆုံ၍ (၁၉) ကြိမ်မြောက် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ - UPDJC အစည်းအဝေး ကျင်းပပြီးစီးမှု အခြေအနေများကို ရှင်းလင်းပြောကြားသည်။

ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ယနေ့ (၁၉) ကြိမ်မြောက် UPDJC အစည်းအဝေးတွင် သဘောတူဆုံးဖြတ်ချက် (၉) ချက်နှင့်မှတ်တမ်း (၁) ချက် ရရှိပါကြောင်း၊ အထူးသဖြင့် ညီလာခံ ကျင်းပမည့်ရက်များ၊ ညီလာခံတက်ရောက်မည့် ကိုယ်စားလှယ်များ၊ UPDJC ၏ လုပ်ထုံးလုပ်နည်းများအရ အဖွဲ့ဝင်များအား အစအဆုံးတာဝန်ပေးမှုအပြင် (၉) ကြိမ်မြောက် JICM ဆုံးဖြတ်ချက်များကို UPDJC တွင် မှတ်တမ်းတင်ခဲ့ပါကြောင်း၊ ချုပ်ဆိုမည့် ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း (၃) ၏ အပိုင်း (၁)၊ အပိုင်း (၂)၊ အပိုင်း (၃) တို့ကိုလည်း ညီလာခံသို့ တင်သွင်းရေး ကိစ္စများကို ဆွေးနွေးခဲ့ပါကြောင်း၊ ပြည်ထောင်စု သဘောတူစာချုပ်၏ အပိုင်း (၃) အပိုင်း (၁) တွင်ပါဝင်သည့် UPDJC နှင့် သက်ဆိုင်သည့် အပိုင်းတွင် နိုင်ငံရေးပါတီများက ဆောင်ရွက်မည့် အခန်းကဏ္ဍနှင့် ပတ်သက်၍လည်း သဘောတူညီချက်ရခဲ့ပါကြောင်း၊ ညီလာခံတွင် UPDJC နှင့် JMC အစီရင်ခံစာ တင်သွင်းမည့် ကိစ္စများကိုလည်း သဘောတူ ဆုံးဖြတ်ခဲ့ပါကြောင်း၊ ထို့ပြင် ညီလာခံတွင် တာဝန်ယူမည့် သဘာပတိအဖွဲ့ဝင်များကိုလည်း အတည်ပြုနိုင်ပါကြောင်း၊ ညီလာခံနှင့်ပတ်သက်၍ လုပ်ငန်းတာဝန်ခွဲဝေမှုများအပြင် ညီလာခံတွင် ညီလာခံကိုယ်စား လှယ်များလိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများကို လည်း UPDJC က အတည်ပြုပေးခဲ့ ပါကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် NMSP ဗဟိုကော်မတီဝင် နိုင်အောင်မငေးက ယနေ့ကျင်းပသည့် UPDJC အစည်းအဝေးတွင် လာမည့်ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ၌ မည်သည့် အစီအစဉ်များ ချမှတ်မည်၊ ပြည်ထောင်စု သဘောတူစာချုပ်တွင် မည်သည့်အချက်များကို ထည့်သွင်း ချုပ်ဆိုသွားမည်ဆိုသည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါကြောင်း၊   ထို့ပြင် UPDJC တွင် EAO အစုအဖွဲ့ကိုယ်စားလှယ်များ အစားထိုးပြောင်းလဲ တာဝန်ပေးမှု၊ ညီလာခံတွင် မည်သည့်အစီအစဉ်များ လုပ်ဆောင်မည်၊ မည်သည့်ပုံစံများဖြင့် လုပ်ဆောင်မည်ဆိုသည်ကို လုပ်ငန်းတာဝန်များ ခွဲဝေခဲ့ကြပါကြောင်း၊ ယခုအစည်းအဝေးတွင် ဆုံးဖြတ်ချက် (၉) ချက်နှင့် မှတ်တမ်း (၁)ချက် ရရှိခဲ့ပါကြောင်း ရှင်းလင်း ပြောကြားသည်။

ဆက်လက်၍ SNLD တွဲဖက် အထွေထွေအတွင်းရေးမှူး ဦးစိုင်းကျော်ညွန့်က ယနေ့အစည်းအဝေးတွင် နိုင်ငံရေးပါတီအစုအဖွဲ့အနေဖြင့် ထူးထူးခြားခြား လုပ်ဆောင်ချက် တစ်ချက်ရှိပါကြောင်း၊ ယခုညီလာခံတွင် တင်သွင်းမည့် ပြည်ထောင်စု သဘောတူစာချုပ်တွင် ပါဝင်မည့်သဘောတူညီချက်ကို NCA ရေးထုံးအရ နှစ်ဖက်ရေးသားရာတွင် နိုင်ငံရေးပါတီအစုအဖွဲ့ မပါသကဲ့သို့ ဖြစ်နေပါကြောင်း၊ ယင်းကိစ္စများအတွက် JICM ပြန်လည်ခေါ်ဆိုမည် ဆိုပါကလည်း အချိန်ကာလအရ အဆင်မပြေပါကြောင်း၊ ပြည်ထောင်စု သဘောတူစာချုပ်တွင်ပါမည့် နှစ်ဖက်စကားရပ်များသည် နောက်ပိုင်းတွင် ပုံစံတစ်မျိုး ဖြစ်လာနိုင်ပါကြောင်း၊ လောလောဆယ် သဘောတူချက်များ အကောင်အထည်ဖော်ရာတွင် UPDJC နှင့်သက်ဆိုင်သည့် ကိစ္စရပ်ဆိုလျှင် အစိုးရ၊ လွှတ်တော်၊ တပ်မတော်အစုအဖွဲ့၊ တိုင်းရင်းသားလက်နက်ကိုင် အစုအဖွဲ့နှင့် နိုင်ငံရေးပါတီအစုအဖွဲ့များ ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဆိုသည့်ပုံစံကို ယခု UPDJC အစည်းအဝေးတွင် ချမှတ်ခဲ့ပါကြောင်း၊ ကျန်ရှိသည့် အကြောင်းအရာများမှာ ညီလာခံဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြခြင်း ဖြစ်ပါကြောင်းရှင်းလင်း ပြောကြားသည်။

ထို့နောက် ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး၊ မွန်ပြည်သစ်ပါတီ (NMSP) ဗဟို ကော်မတီဝင် နိုင်အောင်မငေးနှင့် (NMSP) ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ပါတီ (SNLD)မှ တွဲဖက်အထွေထွေအတွင်းရေးမှူး စိုင်းကျော်ညွန့်တို့သည် သတင်း မီဒီယာများ မေးမြန်းသည့် မေးခွန်းများအပေါ် ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။

သတင်းစာရှင်းလင်းပွဲ အပြီးတွင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစု ပင်လုံ စတုတ္တအကြိမ် အစည်းအဝေးသို့ တက်ရောက်ကြမည့် လွှတ်တော်အစုအဖွဲ့မှ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့မှ ညီလာခံကိုယ်စားလှယ်များကို နေပြည်တော် စည်ပင်ဧည့်ရိပ်သာအမှတ် (၂) စားရိပ်သာဆောင်၌ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက စတုတ္ထအကြိမ် ညီလာခံတွင် ကျင်းပမည့် ညီလာခံအစီအစဉ်များ၊ ညီလာခံ ကိုယ်စားလှယ်များ လိုက်နာဆောင်ရွက်ရမည့် အချက်များနှင့် ပြည်ထောင်စုသဘောတူညီချက် အစိတ်အပိုင်း ဖြစ်ပေါ်လာပုံတို့ကိုလည်းကောင်း၊ ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ဝင် ဦးလှမောင်ရွှေက  ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစု ပင်လုံစတုတ္တအကြိမ် အစည်းအဝေး ရက်အလိုက် ကျင်းပမည့် အစီအစဉ်များကိုလည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့သည်။

သတင်း- မျိုးဟန်စိုး၊ ဓာတ်ပုံ-ထိုက်ကြီး