မြင်စိုင်းနန်းဦးစေတီတွင် ရှေးဟောင်းဇာတ်တော် စဉ့်ကွင်းများနှင့် စဉ့်ကွင်းစာများကို ယနေ့တိုင်လေ့လာနိုင်

ကျောက်ဆည် ၂၇ စက်တင်ဘာ

မြန်မာနိုင်ငံတွင် သမိုင်းဝင်မြို့ဟောင်းများစွာ ရှိနေခြင်းကိုက မြန်မာဆိုသည် ရာဇဝင်သမိုင်း ခိုင်မာခဲ့သော လူမျိုးအဖြစ် ဂုဏ်ယူဖွယ်ပြသနေသလို ဖြစ်နေသည်။ လက်ရှိကာလတွင်လည်း ကမ္ဘာ့အမွေအနှစ်စာရင်းဝင် မြို့ဟောင်းများက နိုင်ငံအတွက် ဂုဏ်ယူစရာဖြစ်နေခဲ့သည်။ မန္တလေးမြို့နှင့် အနီးတွင် လက်ရှိ ခန့်ထည်စွာ တည်ရှိနေသော နန်းတော်မြို့ရိုးပြအိုး ကျုံးများနှင့်အတူ လေ့လာစရာ မြို့ဟောင်းများစွာ ရှိနေခဲ့သည်။ အင်းဝမြို့ဟောင်းနေရာ၊ ပင်းယမြို့ဟောင်းနေရာ၊ မက္ခရာမြို့ဟောင်းနေရာနှင့် မြင်စိုင်းမြို့ဟောင်းနေရာများပင် ဖြစ်သည်။ မြင်စိုင်းမြို့ဟောင်းရှိ မြင်စိုင်းနန်းဦးစေတီတွင် ရှေးဟောင်းဇာတ်တော် စဉ့်ကွင်းများနှင့် စဉ့်ကွင်းစာများကို ယနေ့တိုင် လေ့လာနိုင်သည်။

မြို့ဟောင်းနေရာကို တိကျစွာ ညွှန်းဆိုပေးနေသည့် နန်းဦးစေတီများသည် လက်ရှိကာလအထိ ရှိနေခြင်းမှာ ဂုဏ်ယူစရာပင်ဖြစ်သည်။ ပင်းယမြို့ဟောင်းနေရာတွင်လည်း နန်းဦးစေတီရှိနေသည်။ ယခုအခါ မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့ အရှေ့ဘက် လေးမိုင်အကွာ ကျောက်ဆည်မြို့နှင့် ဖျောက်ဆိပ်ပင်ရွာသွား ကားလမ်းမတောင်ဘက်ဘေးရှိ မြင်စိုင်းနန်းဦးစေတီကို ကြည်ညိုဖွယ် ဖူးတွေ့နိုင်သည်။ ရှေးမြင်စိုင်းမြို့ဟောင်းတွင်ရှိသော မြို့ရိုးသုံးခုအနက် အလယ်မြို့ရိုးအတွင်းတွင် တည်ရှိပြီး တူးဖော်တွေ့ရှိသော မြင်စိုင်းနန်းတော်အုတ်ခုံ၏ တောင်ဘက်ပေ ၅၀ အကွာတွင် တည်ရှိသည်။

မြင်စိုင်းနန်းဦးစေတီသည် မြေစိုက်စေတီဖြစ်ပြီး ပုဂံရွှေစည်းခုံစေတီကဲ့သို့ပင် လေးထောင်ပစ္စယံများခံပြီး တည်ဆောက်ထားသော စေတီတစ်ဆူဖြစ်သည်။ လေးဘက်လေးတန် ပစ္စယံများပေါ်တက်ရန် လမ်းလှေကားများပါရှိပြီး ပစ္စယံပတ်လည်တွင် ဇာတ်တော်စဉ့်ခွက်များပါရှိသည်။ ပစ္စယံသုံးဆင့်ပါရှိပြီး အောက်ခြေပစ္စယံအခြေမှာ တစ်ဘက်လျှင်  ၁၇၄ ပေ ပတ်လည်ရှိကာ စေတီဉာဏ်တော်မှာ ၁၇၄ ပေကျော်ရှိကြောင်း မှတ်တမ်းများအရ သိရသည်။ ကျောက်စာ အထောက်အထားများအရ မြင်စိုင်းနန်းဦးစေတီတော်ကို သက္ကရာဇ် ၆၆၂ ခုနှစ် (ခရစ်သက္ကရာဇ် ၁၃၀၁) ခုနှစ်တွင်  အသင်္ခယာမင်းသည် နန်းတော်နှင့် တစ်ပြိုင်တည်းတည်ထားခဲ့ပြီး သက္ကရာဇ် ၆၉၁ (ခရစ်သက္ကဇရ် ၁၃၃၀ တွင်)  ဥဇနာမင်းမှ မူလစေတီကိုငုံပြီး ဉာဏ်တော်မြှင့်တင် တည်ခဲ့ကြောင်း သိရသည်။

ယခုအခါ မြင်စိုင်းနန်းဦးစေတီတော်ပေါ်မှ အနီးအနားရှိ မြင်စိုင်းခေတ် တောင်ထိပ်စေတီဟောင်းများ၊ မြင်စိုင်းနန်းမြို့ရိုးများကို ကြည့်ရှုနိုင်သည်။ အဖိုးမဖြတ်နိုင်သော သမိုင်းတန်ဖိုးမြင့်မားသည့် နေရာများဖြစ်ပြီး ပြဌာန်းစာအုပ်များတွင် ပြဌာန်းထားသည့် မြင်စိုင်းရွှေပြည်ကဗျာများတွင် ဖော်ပြထားသော မြင်စိုင်းသားတို့၏ ရှေးဟောင်းမြို့တော်ကို လေ့လာနိုင်သည်။ မြင်စိုင်းနန်းဦးစေတီက မြင်စိုင်းမြို့ဟောင်းကို သက်သေထူလျက်ရှိပြီး မြင်စိုင်းရွှေပြည်ခေတ်က ဇာတ်တော်စဉ့်ကွင်းများနှင့် စဉ့်ကွင်းစာများကို ယနေ့တိုင် လေ့လာနိုင်သည်။      

တိမ်တမန်