ဒယ်လ်တာကိုဗစ်ကူးစက်ပျံ့နှံ့မှုနှင့်အတူ ထိုင်းနိုင်ငံ၌ နေ့စဉ် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု စံချိန်တင်

ဘန်ကောက် ဩဂုတ် ၁

ကူးစက်မြန်ပြင်းထန်ဒယ်လ်တာ အသွင်ပြောင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုကို ရင်ဆိုင်ဖြေရှင်းနေချိန်တွင် ထိုင်းနိုင်ငံ၏နေ့စဉ် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသေဆုံးနှုန်းသည် ဇူလိုင် ၃၁ ရက်က စံချိန်တင်ဖြစ်ပွားခဲ့သည်။

ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနမှရရှိသော အချက်အလက်များအရ ထိုင်းနိုင်ငံ၏ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုသည် လွန်ခဲ့သော ၂၄ နာရီက ၁၈၉၁၂ ဦးတိုးလာမှုနှင့်အတူ စုစုပေါင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ၆၉၇၂၈၇ ဦးအထိ ရှိလာခဲ့သည်။ ကိုဗစ်-၁၉ ကြောင့် ၁၇၈ ဦး ထပ်မံသေဆုံးမှုနှင့်အတူ စုစုပေါင်း သေဆုံးသူ ၄၈၅၇ ဦး ရှိလာခဲ့သည်။

ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုများသည့် ဒေသများတွင် ညမထွက်ရအမိန့်နှင့် တစ်စိတ်တစ်ပိုင်း အလုံပိတ် ကန့်သတ်ပိတ်ဆို့ခြင်းအပါအဝင် တင်းကျပ်သည့် ကန့်သတ်ပိတ်ဆို့မှုများ ချမှတ်ကျင့်သုံးနေသည့်တိုင် ထိုင်းနိုင်ငံ၌ နေ့စဉ် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု ဇူလိုင်လတွင် ရုတ်တရက် မြင့်တက်လာခဲ့သည်။

ထို့အပြင် ကိုဗစ်-၁၉ ပြင်းထန်အခြေအနေ ခံစားနေရသောလူနာ အရေအတွက်သည် ၄၆၉၁ ဦးရှိပြီး အသက်ရှူ အထောက်အကူပြု ကိရိယာလိုအပ်သူအရေအတွက်သည် ၁၀၃၂ ဦးရှိကြောင်း သိရသည်။ မြို့တော် ဘန်ကောက်ကဲ့သို့သော ကိုဗစ်-၁၉ ကူးစက်မှုများသည့်နေရာများရှိ ဆေးဘက်ဆိုင်ရာစနစ်များလည်း ဝန်ပိလျက်ရှိကြောင်း သိရသည်။

ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုမြင့်လာခြင်းက သက်ဆိုင်ရာအာဏာပိုင်များကို နောက်ထပ်တင်းကျပ်သည့် ကန့်သတ်ပိတ်ဆို့မှုများကို သီတင်းပတ်နှစ်ပတ်ကြာ ထပ်မံပြုလုပ်မည်လားဆိုသည့်အပေါ် စဉ်းစားစရာ ဖြစ်ခဲ့သည်။

ထိုင်းနိုင်ငံတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးထားသူ ၅ ဒသမ ၅ ရာခိုင်နှုန်းသာရှိပြီး ကာကွယ်ဆေးထိုးနှုန်းမှာ သိသိသာသာ နည်းလျက်ရှိသောကြောင့် ကာကွယ်ဆေးထိုးလုပ်ငန်းများကို အရှိန်အဟုန်မြင့် လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည်။

ဆင်ဟွာ