မင်းဘူး (စကု) မြို့နယ်တွင် မြေပဲနှင့် ပြောင်းဖူးပင်များ စိုက်ပျိုးအောင်မြင်

မင်းဘူး ဇူလိုင်  ၁၀

မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်၊ ဆားပွက်ချောင်းအတွင်း မြေပဲနှင့် ပြောင်းဖူးပင်များ ရောစပ်စိုက်ပျိုးရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း ဆားပွက်ချောင်းအတွင်း သီးနှံစိုက်ပျိုးသူများထံမှ သိရသည်။

ဆောင်းသီးနှံအဖြစ် စိုက်ပျိုးစဉ်က အောင်မြင်ဖြစ်ထွန်းပြီး ဈေးကောင်းရ၍ တွက်ခြေကိုက်သည့် အတွက်ကြောင့် မိုးသီးနှံအဖြစ်ထပ်မံ စိုက်ပျိုးခြင်းဖြစ်ကြောင်းလည်း သိရပြီး ပြောင်းဖူးတစ်ဖူးလျှင် ဖောက်သည်ဈေး ငွေကျပ် ၈၀၊ မြေပဲတစ်တင်းလျှင် ငွေကျပ် ၉၀၀၀/၁၀၀၀၀ ရောင်းရသောကြောင့် ကုန်ကျစရိတ်နုတ်ပြီး ငွေကျပ် ၈သိန်း ဝန်းကျင် အမြတ်ရကြောင်းလည်း သိရသည်။

ထိုသို့ မြေပဲများ စိုက်ပျိုးရာတွင် မြေပဲပင်များသည် အစိုဓာတ်ရှိ၍ အပင်ပေါက်ကောင်းပြီး ပိုးကျရောက်မှုကို လက်ဦးစွာ နှိမ်နင်းနိုင်ပါက တစ်ဧကကို တင်း ၈၀/၁၀၀ အထိ ထွက်ရှိနိုင်သည်။ မြေပဲ တစ်တင်းလျှင်ကျပ် ၁၀၀၀၀ ဈေးရောင်းရပြီး၊ ပဲဆီ တစ်ပိဿာကျပ် ၆၀၀၀ ဈေးရောင်းရသောကြောင့် ပဲများပေါ်သည့်အခါ ဈေးကျ မသွားဖို့သာ တောင်သူများက မျှော်လင့်နေကြသည်။

ထို့ကြောင် မိုးသီးနှံအဖြစ် စိုက်ပျိုးရာတွင် မြေပဲနှင့် ပြောင်းဖူးများကို အဓိကထား စိုက်ပျိုးပြီး အခြား သီးနှံများဖြစ်သာ မုံညှင်း၊ ကြက်သွန်နီ၊ နံနံပင်များလည်း စိုက်ပျိုး၍ သီးနှံမျိုးစုံ ၁၀ ဧကစိုက်ပျိုးထားကာ ဆားပွက်ချောင်းအတွင်းမှ ရေများဖြင့် စိုက်ပျိုးကြရပြီး ထွန်ခယက်ခ၊ စိုက်ခပျိုးခ၊ ပျိုးပင်ဖိုး၊ ဆေးဖိုး စရိတ်စက စုစုပေါင်း ၁၅ သိန်းကုန်ကျကြောင်း မိုးသီးနှံ စိုက်ပျိုးလုပ်ကိုင်သူ ရွှေတပင်ကျေးရွာ ဦးဝင်းနိုင်စိုးထံမှ သိရသည်။

ဇေယျာထက်(မင်းဘူး)

mdn