အေတီမက်အနေဖြင့် ဆဲလ်တာဗီဂိုကို အနိုင်ယူကာ အမှတ်ဆက်လက်ဖြတ်ထားနိုင်မလား

mdn

၈ ဖေဖော်ဝါရီ

 

စပိန်လာလီဂါပွဲစဉ် (၂) မှ အက်သလက်တီကို မက်ဒရစ်အသင်းနှင့် ဆဲလ်တာဗီဂိုအသင်းတို့ပွဲစဉ်ကို ဖေဖော်ဝါရီ ၉ ရက် နံနက် ၂ နာရီခွဲတွင် အက်သလက်တီကို မက်ဒရစ်အသင်းအိမ်ကွင်း၌ ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။ လာလီဂါပွဲစဉ် (၂၁) ယှဉ်ပြိုင်ကစားအပြီးတွင် အမှတ်ပေး ဇယားကို အက်သလက်တီကိုမက်ဒရစ်အသင်းက ရမှတ် ၅၀ ဖြင့် ဦးဆောင်ထားသည်။

 

ရီးရဲကို အမှတ်ဖြတ်ထား

 

အက်သလက်တီကို မက်ဒရစ်အသင်းသည် ယခုနှစ် ရာသီယှဉ်ပြိုင်ကစားခဲ့သည့် လာလီဂါအိမ်ကွင်း ၁၀ ပွဲတွင်ကိုးပွဲအထိ နိုင်ပွဲရရှိအောင် စွမ်းဆောင်ထားနိုင်ပြီး တစ်ပွဲ သရေကျကာ ရှုံးပွဲကြုံတွေ့ထားခြင်းမရှိသေးပေ။ ထို့အပြင် အက်သလက်တီကို မက်ဒရစ်အသင်းသည် ဒုတိယနေရာမှ ဖိအားပေးနေသည့် ရီးရဲမက်ဒရစ်အသင်းကို ခုနစ်မှတ်အထိ ဖြတ်ထားနိုင်သည့်အတွက် ယခုပွဲစဉ်တွင်လည်း အမှတ် ဆက်လက်ဖြတ်ထားနိုင်ရန် နိုင်ပွဲရရှိ အောင် အားစိုက်ကစား လာဖွယ်ရှိနေသည်။

 

ဆဲလ်တာဗီဂိုအသင်းက လာလီဂါ အမှတ်ပေးဇယား တွင် ၂၁ ပွဲကစားပြီး ရမှတ် ၂၅ မှတ်ဖြင့် အဆင့် ၁၀ နေရာ တွင် ရပ်တည်နေသည်။ ထို့အပြင် ဆဲလ်တာဗီဂိုအသင်း၏ ယခုနှစ်ရာသီ လာလီဂါအဝေးကွင်း စွမ်းဆောင်ရည် ၁၁ ပွဲကိုကြည့်လျှင် တစ်ပွဲသာလျှင် နိုင်ပွဲရရှိအောင် စွမ်းဆောင် ထားနိုင်ပြီး ခြောက်ပွဲသရေကျကာ လေးပွဲအထိရှုံးနိမ့်ထားသည်။ ထို့ကြောင့် ယခု ယှဉ်ပြိုင်ကစားရမည်မှာလည်း အဝေးကွင်းဖြစ်နေသည့်အတွက် ဆဲလ်တာဗီဂိုအသင်း အနေဖြင့် ဦးဆောင်သူ အက်သလက်တီကို မက်ဒရစ် အသင်းကို အနိုင်ရရှိသွားနိုင်မလား စိတ်ဝင်စားဖွယ်ရာပင်။

 

အက်သလက်တီကို မက်ဒရစ်အသင်း၏ နောက်ဆုံး ယှဉ်ပြိုင် ကစားခဲ့သည့် ငါးပွဲကိုကြည့်လျှင် ကိုပါဒယ် ရေးဖလားပြိုင်ပွဲတွင် ကော်နယ်လာအသင်းကိုသာလျှင် တစ်ဂိုး-ဂိုးမရှိဖြင့် ရှုံးနိမ့်ထားပြီး ဆီဗီလာအသင်းကို နှစ်ဂိုးဂိုးမရှိ၊ အီဘာအသင်းကို နှစ်ဂိုး-တစ်ဂိုး၊ ဗလင်စီယာအသင်း ကို သုံးဂိုးတစ်ဂိုး၊ ကာဒစ်အသင်းကို လေးဂိုး-နှစ်ဂိုးစသည် ဖြင့် အနိုင်ရရှိအောင် စွမ်းဆောင်ထားနိုင်သည်။

 

ဆဲလ်တာဗီဂိုအသင်းက ရာသီအစပွဲစဉ်များတွင် ပုံစံကောင်းများ ပြသကာ နိုင်ပွဲများ ရယူထားနိုင်သော်လည်း နောက်ဆုံး ယှဉ်ပြိုင်ကစားထားသည့် ငါးပွဲတွင် သုံးပွဲရှုံးကာ၊ နှစ်ပွဲသရေကျထားသည့်အတွက် နိုင်ပွဲပျောက်ဆုံးနေသည့် အသင်းဖြစ်သည်။

 

စောင့်ကြည့်ရမည့် ကစားသမားများ

 

ယနေ့ပွဲတွင် စောင့်ကြည့်ရမည့်တိုက်စစ်ကစာသမား များအဖြစ် အက်သလက်တီကို မက်ဒရစ်အသင်းမှ လူးဝစ်ဆွာရက်ဇ်နှင့် ဆဲလ်တာဗီဂိုအသင်းမှ တိုက်စစ် ကစားသမား အက်စ်ပက်စ်တို့ရှိနေသည်။ အက်သလက်တီ ကို မက်ဒရစ်အသင်းမှ လူးဝစ်ဆွာရက်ဇ်သည် လာလီဂါ ၁၆ ပွဲတွင် ၁၄ ဂိုးအထိ သွင်းယူပေးထားနိုင်ကာ ဂိုးရရှိအောင် နှစ်ကြိမ်ထောက်ပံ့ပေးထားနိုင်သည်။ ဆဲလ်တာ ဗီဂိုအသင်းမှ တိုက်စစ်ကစားသမား အက်စ်ပတ်စ်သည် လာလီဂါ ၁၈ ပွဲတွင် ကိုးဂိုးသွင်းယူပေးထားနိုင်ပြီး ဂိုးရရှိအောင် ခြောက်ကြိမ် ဖန်တီးပေးထားနိုင်သည်။

 

အဆိုပါနှစ်သင်းမှ ဂိုးသမားနှစ်ဦး၏ စွမ်းဆောင်ရည်ကို နှိုင်းယှဉ်ကြည့်လျှင် အက်သလက်တီကို မက်ဒရစ်အသင်းမှ အော့ဘလက်က ၁၉ပွဲကစားပြီး ၁၁ပွဲအထိဂိုးမပေးရအောင် စွမ်းဆောင်ထားကာ ဂိုးပေါက်ကာကွယ်မှု ၅၂ ကြိမ်အထိ ပြုလုပ်ထားနိုင်သည်ကို တွေ့ရသည်။ ဆဲလ်တာဗီဂိုအသင်းမှ ဂိုးသမား ဖြစ်သူဘလန်ကိုက ၁၄ ပွဲတွင် ဂိုးမပေးရအောင် လေးပွဲ စွမ်းဆောင်ထားနိုင်ပြီး ဂိုးပေါက်ကာကွယ်မှု ၃၁ ကြိမ် ပြုလုပ်ထားနိုင်သည်ကို တွေ့ရသည်။

 

အနိုင်ရရှိရန် ကြိုးပမ်းဖွယ်

 

အက်သလက်တီကို မက်ဒရစ်အသင်းသည် ယခုပွဲစဉ် ပြီးလျှင် ဂရန်နာဒါ လီဗန်တေးအသင်းတို့နှင့် ယှဉ်ပြိုင် ကစားသွားရမည်ဖြစ်သည်။ သို့သော်လည်း အက်သလက်တီကို မက်ဒရစ်အသင်းသည် ဒုတိယနေရာမှ ရီးရဲမက်ဒရစ် အသင်းကို အမှတ်ဆက်လက်ဖြတ်ထားနိုင်ရန်အတွက် ယခုပွဲစဉ်ကို အနိုင်ရရှိရန် ကြိုးပမ်းလာဖွယ် ရှိနေသည်။ ဆဲလ်တာဗီဂိုအသင်းကလည်း နောက်ဆုံးယှဉ်ပြိုင်ကစားခဲ့ သည့်ငါးပွဲတွင် နိုင်ပွဲပျောက်ဆုံးနေမှုကို ယခုပွဲစဉ်တွင် အဆုံးသတ်ရန်အတွက် အသင်းကို အကောင်းဆုံးပြင်ဆင်ကာ အက်သလက်တီကို မက်ဒရစ် အသင်းကို ရင်ဆိုင်လာ ဖွယ်ရှိနေသည်။

 

အောင်ဇော်