မြန်မာအသင်းယှဉ်ပြိုင်မည့် အာရှဖလား အမျိုးသမီးခြေစစ်ပွဲကို စက်တင်ဘာတွင် ကျင်းပမည်

၃၁ ဇန်နဝါရီ

မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း ဝင်ရောက်ယှဉ်ပြိုင်မည့် ၂၀၂၂ အာရှဖလား အမျိုးသမီးခြေစစ်ပွဲကို ၂၀၂၁ ခုနှစ် စက်တင်ဘာတွင် ကျင်းပမည်ဖြစ်သည်။

အာရှဘောလုံးအဖွဲ့ချုပ်သည် ခြေစစ်ပွဲကို စက်တင်ဘာ ၁၃ ရက်မှ ၂၅ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း အတည်ပြုထုတ်ပြန်ခဲ့ပြီး အသင်းပေါင်း ၃၅ သင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ အာရှဘောလုံးအဖွဲ့ချုပ်သည် ကိုဗစ်-၁၉ ရောဂါအခြေအနေကြောင့် နောက်ဆုံးအဆင့်နှင့် ခြေစစ်ပွဲကျင်းပမည့်ရက်များကို ပြီးခဲ့သည့်ရက်ပိုင်းက အတည်ပြုခဲ့ခြင်းဖြစ်ပြီး နောက်ဆုံးအဆင့်ကို ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၀ ရက်မှ ဖေဖော်ဝါရီ ၆ ရက်အထိ ကျင်းပမည်ဖြစ်သည်။

မြန်မာအသင်းသည် နောက်ဆုံးကျင်းပခဲ့သည့် ၂၀၁၈ ပြိုင်ပွဲတွင် ခြေစစ်ပွဲမအောင်ခဲ့သောကြောင့် လာမည့်ပြိုင်ပွဲတွင် ခြေစစ်ပွဲအောင်မြင်ရန် ကြိုးပမ်းသွားမည်ဖြစ်ပြီး ပြင်ဆင်မှုများစွာ ပြုလုပ်သွားမည်ဖြစ်သည်။ မြန်မာအမျိုးသမီး အသင်းသည် သက်ဆိုင်ရာမှခွင့်ပြုချက်ရရှိပါက ဖေဖော်ဝါရီလအတွင်း စတင်လေ့ကျင့်နိုင်ရန် ဆောင်ရွက်လျက်ရှိပြီး ယခုနှစ်အတွင်း အဓိကနိုင်ငံတကာပြိုင်ပွဲသုံးခု ယှဉ်ပြိုင်ရမည်ဖြစ်သည်။

မြန်မာအမျိုးသမီးအသင်းသည် ယခုနှစ်တွင် အာရှဖလားခြေစစ်ပွဲအပြင် အာဆီယံအမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲနှင့် ၃၁ ကြိမ်မြောက် ဗီယက်နမ်ဆီးဂိမ်းပြိုင်ပွဲလည်း ယှဉ်ပြိုင်ရမည်ဖြစ်သည်။

မြန်မာအမျိုးသမီးအသင်းသည် အာရှဖလားပြိုင်ပွဲ နောက်ဆုံးအဆင့်သို့ လေးကြိမ်တက်ရောက်ခဲ့ဖူးပြီး ၂၀၀၃၊ ၂၀၀၆၊ ၂၀၁၀၊ ၂၀၁၄ ခုနှစ်တို့တွင် ယှဉ်ပြိုင်ခွင့်ရရှိခဲ့ခြင်းဖြစ်သည်။ အာရှဘောလုံးအဖွဲ့ချုပ်သည် ၂၀၂၂ အာရှဖလား အမျိုးသမီးဘောလုံးပြိုင်ပွဲကို ပုံမှန်အရ ပြိုင်ပွဲဝင်ရှစ်သင်းဖြင့်သာ ကျင်းပလေ့ရှိသော်လည်း လာမည့်ပြိုင်ပွဲမှ စတင်ကာ ၁၂ သင်းဖြင့် ကျင်းပမည်ဖြစ်သည်။

ထို့ပြင် ၂၀၂၃ အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲကိုလည်း ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က ပြိုင်ပွဲဝင်အသင်းတိုးမြင့်ထားပြီး အာရှနိုင်ငံများက ဝင်ခွင့်အရေအတွက်ပိုရမည်ဖြစ်ရာ မြန်မာအသင်းအနေဖြင့် ပထမဆုံးအကြိမ် အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲ၀င်ခွင့်ရရန်အတွက်ပါ ရည်ရွယ်ပြင်ဆင်သွားမည် ဖြစ်သည်။

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-စိုးညွန့်