မူဆယ် ၁၁ စက်တင်ဘာ
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၌ အသားထုတ်လုပ်ရောင်းချခွင့်လက်မှတ်စိစစ်ချခြင်းနှင့် လုပ်ငန်းလိုင်စင်များ သက်တမ်းတိုး/ဈေးပြိုင်စနစ်ဖြင့် စိစစ်ရောင်းချခြင်းအခမ်းအနားကို ကျန်းမာရေး ဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ယနေ့ နံနက်(၉)နာရီက မူဆယ်မြို့၊ မြို့တော်ခန်းမ၌ ပြုလုပ်ကျင်းပသည်။
မူဆယ်မြို့နယ်၊ စည်ပင်သာယာရေးကော်မတီ၏ ကွပ်ကဲမှုအောက်ရှိသည့် မုံးကိုးမြို့နှင့် မန့်ဟီးရိုးမြို့ စည်ပင်သာယာရေးကော်မတီ(ခွဲ)တို့တွင် (၂၀၂၀-၂၀၂၁)ခုနှစ်၊ ဘဏ္ဍာရေးနှစ်အတွက် သားသတ် လုပ်ငန်းများကို ပထမအကြိမ်စိစစ်ချထားခဲ့ရာ မူဆယ်မြို့၊ မြို့ပေါ်/ ကျေးလက်အသားသတ် လုပ်ငန်းစုစုပေါင်း (၂၁)ခုရှိသည့်အနက် လုပ်ငန်း(၁၃)ခုကို လုပ်ငန်းရှင်(၃၂)ဦးတို့က အာမခံငွေ စုစုပေါင်း ကျပ်ငွေသိန်း (၂၂၂၀) ဖြင့် စိစစ်ရောင်းချသည်။
အလားတူ မူဆယ်ခရိုင်၊ မုံးကိုးမြို့၊ စည်ပင်သာယာရေးကော်မတီ(ခွဲ)မှ သားသတ်စက်ရုံစုစုပေါင်း (၈)ခုရှိသည့်အနက် အမဲသားသတ်လုပ်ငန်း(၅)ခုနှင့် ဝက်သားလုပ်ငန်း(၄)ခု စုစုပေါင်းလုပ်ငန်း(၉)ခုတို့ကို လုပ်ငန်းရှင် (၆)ဦး တို့က အာမခံငွေကျပ်(၁၀၇)သိန်းဖြင့် စိစစ်ရောင်းချပြီး မန့်ဟီးရိုးမြို့၊ စည်ပင်သာယာရေး ကော်မတီ(ခွဲ)မှ သားသတ်လုပ်ငန်းစုစုပေါင်း(၇)ခုရှိသည့်အနက် အမဲသားသတ် လုပ်ငန်း(၁)ခုနှင့် ဝက်သားသတ်လုပ်ငန်း(၁)ခု စုစုပေါင်း(၂)ခုတို့ကို လုပ်ငန်းရှင်(၂)ဦးက အာမခံငွေကျပ် (၃၅)သိန်းဖြင့် အသီးသီးစိစစ်ရောင်းချသည်။
ဆက်လက်ပြီး မူဆယ်မြို့၊ စည်ပင်သာယာရေးကော်မတီ၏ (၂၀၂၀-၂၀၂၁)ခုနှစ်၊ ဘဏ္ဍာရေးနှစ်အတွက် သက်တမ်းတိုးလုပ်ငန်းလိုင်စင်(၁၈)ခုကို ကျပ်ငွေ(၄၇၈)သိန်းကျော်ဖြင့်လည်းကောင်း၊ ဈေးပြိုင်စနစ်ဖြင့် လုပ်ငန်းစင်(၁)ခုကို လိုင်စင်ကြေး(၆၄)သိန်းဖြင့် လည်းကောင်း၊ မန့်ဟီးရိုးမြို့ စည်ပင်သာယာရေး ကော်မတီ(ခွဲ)၏ သက်တမ်းတိုးလုပ်ငန်းလိုင်စင်(၇)ခုကို လိုင်စင်ဈေး(၃၇၇)သိန်းကျော်ဖြင့်လည်းကောင်း၊ ဈေးပြိုင်လုပ်ငန်း လိုင်စင်(၁)ခုကို (၈၃)သိန်းနှင့် မုံးကိုးမြို့၊ စည်ပင်သာယာရေးကော်မတီ(ခွဲ)၏ သက်တမ်းတိုး လုပ်ငန်းလိုင်စင်(၂)ခု တို့ကို လိုင်စင်ကြေး(၁၇)သိန်းကျော်ဖြင့် အသီးသီး လေလံရောင်းချသည်။
အခမ်းအနားတွင် မူဆယ်မြို့နယ်စည်ပင်သာယာရေးကော်မတီဉက္ကဌဦးစိုင်းလောင်(ဝ်)ဆိုင်က အမှာစကား ပြောကြားပြီး မူဆယ်မြို့၊ စည်ပင်သာယာရေးဌာန၊ အမှုဆောင်အရာရှိဦးကျော်မိုးထွန်းက သားသတ် လက်မှတ် စိစစ်ပေးအပ်ချထားခြင်း၊ အရပ်ရပ်အခွင့်အရေးလိုင်စင်များ စိစစ်ရောင်းချခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် အသားထုတ်လုပ် ရောင်းချခွင့်လက်မှတ် စိစစ်ချခြင်းနှင့် လုပ်ငန်းလိုင်စင်များ သက်တမ်းတိုး/ ဈေးပြိုင်စနစ်ဖြင့် စိစစ်ရောင်းချပြီး ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးကိန်မိုင်နှင့် သက်ဆိုင်ရာတာဝန်ရှိသူ များက သားသတ်လက်မှတ်များကို အသီးသီးစိစစ် ပေးအပ်သည်။
မူဆယ်မြို့နယ် စည်ပင်သာရေးကော်မတီ၊ မုံးကိုးမြို့နှင့် မန့်ဟီးရိုးမြို့၊ စည်ပင်သာယာရေး ကော်မတီ(ခွဲ)တို့တွင် ကျန်ရှိနေသေးသည့် အသားထုတ်လုပ်ရောင်းချခွင့်လက်မှတ်များနှင့် လုပ်ငန်းလိုင်စင်များ သက်တမ်းတိုး/ဈေးပြိုင် စနစ်ဖြင့် ဒုတိယအကြိမ်စိစစ်ရောင်းချခြင်းကို စက်တင်ဘာလ (၁၆)ရက်တွင် ထပ်မံစိစစ်ချထား ပေးမည်ဖြစ်ကြောင်းသိရသည်။
ဆလိုင်းဗန်ရိုးထန်(ပြန်/ဆက်


