မန္တလေးမြို့တွင် စီးပွားရေးနှင့် ဘဏ္ဍာရေးဆိုင်ရာသင်တန်း အခမဲ့ ဖွင့်လှစ်မည်

မန္တလေးမြို့တွင် စီးပွားရေးလုပ်ငန်းရှင်များအတွက် ဘဏ္ဍာရေးနှင့်စီးပွားရေးဆိုင်ရာ အခမဲ့သင်တန်းကိုလာမည့် ၂၀၁၉ ခုနှစ် ဇန်နဝါရီလအတွင်း ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း (MRCCI) ထံမှ သိရသည်။

 

အဆိုပါ သင်တန်းမှာ ဗြိတိသျှကောင်စီ နှင့် Standard Chartered   ဘဏ်တို့၏ စီးပွားရေးလုပ်ငန်းရှင်များအတွက် ပညာရေးအစီအစဉ် Education for Entrepreneurs (E4E) ၏ ဘဏ္ဍာရေးနှင့်စီးပွားရေး ဆိုင်ရာ သင်တန်းတစ်ခုဖြစ်ပြီး သင်တန်းကို မန္တလေးမြို့ MRCCI အသင်းတွင် ဇန်နဝါရီ ၂၁-၂၃ရက်၊ နံနက် ၉ နာရီမှ ညနေ ၅နာရီထိ အခမဲ့ဖွင့်လှစ်သင် ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

သင်တန်းကို အသေးစားနှင့်အလတ်စား SME စီးပွားရေးလုပ်ငန်းတစ်ခု ဦးဆောင်လုပ်ကိုင်နေသူများ၊ ဘဏ္ဍာရေးနှင့် စီးပွားရေးဆိုင်ရာ ဗဟုသုတ တိုးပွားလိုသူများ၊ မိမိစီးပွားရေးလုပ်ငန်းတွင် ကြုံတွေ့နေရသည့် ဘဏ္ဍာရေးဆိုင်ရာ စိန်ခေါ်မှုဖြေရှင်းလိုသူများ တက်ရောက်သင့်ပြီး မြန်မာဘာသာဖြင့်သင်ကြားပို့ချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ 

 

ဗြိတိသျှကောင်စီနှင့် Standard Chartered ဘဏ်တို့က မြန်မာနိုင်ငံတွင် ၂၀၁၄ ခုနှစ်မှ၂၀၁၈ခုနှစ်အတွင်း မန္တလေး၊ မော်လမြိုင်၊ တောင်ကြီး၊ မုံရွာ၊ ပဲခူး၊ ပုသိမ်၊ ကျိုင်းတုံ၊ ပခုက္ကူ၊ မကွေး၊ ဖျာပုံ၊ ပြည်၊ ရန်ကုန်၊ ထားဝယ်မြို့ရှိ SME လုပ်ငန်းပေါင်း ၁၆၇၇ ခုကို Education for Entrepreneurs (E4E) အစီအစဉ်ဖြင့် သင်တန်းများပို့ချပေးခဲ့ပြီးဖြစ်သည်။

 

မန္တလေးမြို့တွင် ဖွင့်လှစ်မည့်သင်တန်းကို တက်ရောက်လိုသူများအနေဖြင့် ဇန်နဝါရီ ၄ရက်နောက်ဆုံးထား၍ MRCCI အသင်းတွင် လာရောက်လျှောက်ထားနိုင်ကြောင်း သိရသည်။

 

သူရိန်လင်း