ဒိုက်ဦးမြို့နယ် ဗျက်ကလေးကျေးရွာ၌ ဆိုလာအသေးစား ဓာတ်အားလိုင်းစနစ် မီးလင်းရေးဖွင့်ပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့နယ် ဗျက်ကြီးကျေးရွာအုပ်စု ဗျက်ကလေးကျေးရွာတွင် အမျိုးသားလျှပ်စစ်ဓါတ်အားရရှိရေးစီမံကိန်း(NEP)၊ Solar Mini-Grid ဖြင့် ဆောင်ရွက်သော ဆိုလာအသေးစားဓာတ်အားလိုင်းစနစ် မီးလင်းရေးဖွင့်ပွဲကို ဒီဇင်ဘာ ၉ ရက် မွန်းလွဲ ၂ နာရီက အဆိုပါ ကျေးရွာ၌ ပြုလုပ်ခဲ့သည်။

 

 

ဖွင့်ပွဲတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး ဦးအောင်ဇော်နိုင်တို့က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်က NEP စီမံကိန်း၊  Solar Mini-Grid ဖြင့်ဆောင်ရွက်သော ကျေးလက်မီးလင်းရေး နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။ 

 

 

ဆက်လက်၍ ကမ္ဘာ့ဘဏ်နှင့် GIZ တို့မှ ကိုယ်စားလှယ်တို့က ရှင်းလင်းတင်ပြခဲ့ကြပြီး Talent & Technology ကုမ္ပဏီက ဗျက်ကလေးကျေးရွာ မီးလင်းရေး လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းပြောကြားခဲ့ကြသည်။ 

 

 

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ပဲခူးတိုင်းဒေသကြီးချုပ်နှင့် တာဝန်ရှိသူများက မင်္ဂလာမုခ်ဦးအား ဖဲကြိုးဖြတ် ဖွင့်လှစ်ကာ မီးလင်းရေး ဆိုင်းဘုတ်အား အမွှေးနံ့သာရည်များဖြင့် ပက်ဖြန်းပေးကြပြီး လုပ်ငန်းများ ကြည်ရှုစစ်ဆေးခဲ့သည်။

 

အဆိုပါ ဆိုလာအသေးစားဓာတ်အားလိုင်းစနစ် မီးလင်းရေး လုပ်ငန်းအား ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ  ၆၀ ရာခိုင်နှုန်း၊ ကျေးရွာနေပြည်သူများက ၂၀ ရာခိုင်နှုန်းနှင့် Tapent & Technology ကုမ္ပဏီမှ ၂၀ ရာခိုင်နှုန်းစုစုပေါင်း ငွေကျပ် ၂၁၆ ဒသမ ၇၅ သန်း ကုန်ကျခံကာ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး Solar Diesel Hybrid  ၃၀ ဒသမ ၇၂ ကီလိုဝပ်နှင့် အရန် ၂၄ ကီလိုဝပ် တပ်ဆင်ထားရှိကြောင်း သိရသည်။

 

အဆိုပါ ဆိုလာအသေးစားဓာတ်အားလိုင်းစနစ် မီးလင်းရေးလုပ်ငန်းမှ လျှပ်စစ်မီးအသုံးပြုနိုင်မှု မှာ ၂၄ နာရီအတွင်း မီးလုံး၊ မီးချောင်း၊ TV Sound Box၊ ရေခဲသေတ္တာ၊ ရေမော်တာနှင့် သံဂဟေ စသည်တို့ အသုံးပြုနိုင်မည်ဖြစ်သောကြောင့် ဗျက်ကလေးကျေးရွာရှိ ဘုန်းတော်ကြီး ကျောင်း၊ စာသင်ကျောင်းနှင့် အိမ်ခြေ ၉၀ ကျော်တို့မှ  ကျေးရွာသူ ကျေးရွာသားများ လျှပ်စစ်မီး အသုံးပြုနိုင်ကြမည်ဖြစ်ကြောင်း သိရသည်။

 

ဘိုဘို(မလှိုင်)