ရေနံစိမ်းများတရားမဝင်သယ်ဆောင်မှု နှင့် အခွန်ဘဏ္ဍာလျော့နည်းမှုမရှိစေရေး ဆောင်ရွက်နေ

mdn

မကွေး ၂၅    ဇူလိုင် 

 

မကွေးတိုင်းဒေသကြီးအတွင်း ရေနံလက်ယက်တွင်းများမှထွက်ရှိသော ရေနံစိမ်းများအား တရားမဝင်သယ် ဆောင်မှုမရှိစေရေး နှင့်အခွန်ဘဏ္ဍာလျော့နည်းမှုမရှိစေရေးအတွက် တိုင်းအစိုးရအဖွဲ့မှ ကြီးကြပ်လုပ်ဆောင်နေကြောင်း သယံဇာတ၊ သဘာဝပတ် ဝန်းကျင် ၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော်ထံမှ သိရသည်။

 

မြိုင်မြို့တွင် စစ်ဆေးရေးဂိတ်ထားရှိ၍ မုံရွာမြို့သို့ သယ်ဆောင်သော ရေနံစိမ်းယာဉ်များအား အထွေထွေအုပ် ချုပ်ရေးနှင့် ရဲတပ် ဖွဲ့မှ စစ်ဆေးကြောင်း ၊ တန်ပိုသယ်ဆောင်မှုမရှိစေရန် မြိုင်မြို့ ၊ သံမြေကျင်းရှိ “ မြတ်နိုးသူ ” တိုးဂိတ်တွင် စစ်ဆေးခံစေပြီး သယ် ဆောင်ခွင့်ပြုကြောင်း ၊ ဧရာဝတီတိုင်းသို့သယ်ဆောင်သွားသည့် ရေနံစိမ်းယာဉ်များအား မင်းတုန်းမြို့တွင် စစ်ဆေးရေးဂိတ်ဖွင့်၍ အထွေထွေအုပ်ချုပ်ရေး နှင့် ရဲတပ်ဖွဲ့မှ စစ်ဆေးကြောင်း ဝန်ကြီးက ပြောသည်။

 

“ မျောတစ်စောင်တည်းနဲ့ ကားအများအပြားသယ်ယူနေတာ မဖြစ်အောင် ဌာနဆိုင်ရာများ ၊ လွှတ်တော် ကိုယ် စားလှယ်များရဲ့ ပူးပေါင်းမှု ၊ သတင်းပို့ရမယ့်နေရာမှာမပို့ရင် ကားကိုတစ်လပိတ်သိမ်း ၊လုပ်ကွက်ကို ထုတ်လုပ်ခွင့်ရပ်နားမှု ၊ မြိုင်နဲ့ မကွေးမြို့ များမှာ တရားစွဲဆိုဆောင်ရွက်ထားသည်အထိ အရေးယူမှုတွေကြောင့် တရားမဝင်သွားလာမှုမရှိသလောက်ပါပဲ ”ဟု ဝန်ကြီး ဦးမြင့်ဇော်က သူ၏အမြင်ကို ပြောဆိုသည်။ 

 

 

 

လျှပ်စစ် နှင့် စွမ်းအင်ဝန်ကြီးဌာနမှ တရားဝင်ခွင့်ပြုထားသော ရေနံလုပ်ကွက်များမှ ထွက်ရှိသည့် ရေနံစိမ်းများကို တိုင်းပြင်ပ သို့သယ်ဆောင်လျှင် ဂါလန်(၅၀)ဆံ့ ရေနံတစ်စည်လျှင် ဝန်ဆောင်ခ(၃၀ဝ၀)ကျပ်ကောက်ခံ၍ မြန်မာ့စီးပွားရေး ဘဏ်၊ တိုင်း အစိုးရအဖွဲ့ငွေစာရင်းအမှတ် MD-021907 သို့ ပေးသွင်းစေကြောင်း ၊ တရားဝင်မှတ်တမ်းတင်ထားသော ဝန်ဆောင်ခအခွန် ရငွေများကို တိုင်းအစိုးရအဖွဲ့၏ ထောက်ပံ့အသုံးစရိတ်အဖြစ် ဘတ်ဂျက်တွင်ထည့်သွင်းလျာထားပြီး မြို့နယ်အသီးသီးတွင် လိုအပ်နေသော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင် စနစ်တကျသုံးစွဲကြောင်း အစိုးရအဖွဲ့မှ သိရသည်။

 

ကောက်ခံရရှိသောအခွန်ငွေများကို ဥပဒေနှင့်အညီ စနစ်တကျသုံးစွဲမှုရှိ၊မရှိ နှင့် နိုင်ငံတော်အခွန်ဘဏ္ဍာငွေများ လျော့နည်း မှုမရှိအောင် စနစ်တကျ ဥပဒေနှင့်အညီကောက်ခံမှုရှိ၊မရှိနှင့်စပ်လျဉ်း၍ မကွေးတိုင်းလွှတ်တော်တွင် မေးမြန်းမှုများ ရှိ နေပြီး ၂-၆-၂၀၁၆ မှ ၃၀-၆-၂၀၁၈ထိ ဝန်ဆောင်ခရငွေမှာ (၅၈၆၄၇၁၅၀ဝ၀) ကျပ် ဖြစ်ကြောင်း ၊ ရေနံရှာဖွေခွင့်အတွက် သက်တမ်းတိုး လုပ်ကွက်(၂၀) နှင့် လုပ်ကွက်သစ်(၁၃)ကို လုပ်ကိုင်ခွင့်ပြုထားကြောင်း ဝန်ကြီးဦးမြင့်ဇော်ထံမှ သိရှိရသည်။

 

  ဇေယျတု(မကွေး)