အညာဒေသရှိ မြန်မာ့ထန်းသီးဆံများ ပြည်ပသို့ ပထမဦးဆုံးအကြိမ် တင်ပို့သွားမည်

mdn

၁၁  ဇူလိုင်

 

အညာဒေသတွင် အများဆုံးထွက်ရှိသည့် ထန်းပင်မှ ထန်းသီးဆံများကို အေးခဲသိုလှောင်ရောင်းချမည့် Green Momentum Company Limited မှ နိုင်ငံခြားသို့ တင်ပို့ရောင်းချရန် ထန်းသီးဆံများကို ဝယ်ယူလျက်ရှိကြောင်း သိရသည်။

 

 

ယခင်က ထန်းပိုင်ရှင်များအနေဖြင့် ထန်းသီးများကိုခုတ်၍ အဆံများကို စားသုံးမှုရှိသော်လည်း အခွံများကို နွားစာအဖြစ် အသုံးပြုမှုများပြားခဲ့ပြီး ယခုအခါ ထန်းသီးဆံများမှ မိသားစု စားဝတ်နေရေးအတွက် ငွေရသည့်လုပ်ငန်းတစ်ခု ဖြစ်လာခဲ့သည်။ ထန်းပင်တစ်ပင်သည် တစ်နှစ်လျှင် ထန်းသီး (၃၀ဝ) လုံးခန့်ရသဖြင့် ငွေကြေးအနေဖြင့် အလုံးလိုက်ရောင်းလျှင် အနည်းဆုံးကျပ် (၁၃၅၀ဝ) ရရှိမည်ဖြစ်ပြီး၊ အဆံထုတ်ရောင်းလျှင် အနည်းဆုံးကျပ် (၂၂၅၀ဝ) ရရှိမည်ဖြစ်သဖြင့် ထန်းပိုင်ရှင်များ အနေဖြင့် ထန်းသီးသည့်အချိန်တိုင်း ဝင်ငွေရရှိနေမည် ဖြစ်သည်။

 

 

“အညာဒေသမှာ ထန်းတက်ဖို့ လူရှားသွားသလို ထန်းလျက်ဈေးလည်း မကောင်းဘူး။ ဒါပေမယ့် ထန်းပင်တော့ပေါတယ်။ ထန်းသီးလည်းပေါတယ်။ ထန်းသီးကို အရင်တည်းက နွားစာကျွေးကြတာ။ ထန်းပင်ကအညာဒေသရဲ့ အသက်သွေးကြောပဲ။ သစ်ပင်ရှားလာလို့ ထန်းပင်ခုတ်ပြီး မီးဆိုက်တယ်။ အခြားကဏ္ဍတွေနဲ့ အုတ်ဖုတ်တဲ့နေရာမှာလည်း သုံးကြတယ်။ တစ်ချိန်အညာမှာ ထန်းပင်ပျောက်ပြီး  ကန္တာရကြီးဖြစ်သွားနိုင်တယ်။ ဈေးမကိုက်တော့ ထန်းတောင်သူလည်း ရှားသွားတာပေါ့။ ကျွန်တော်လည်း အညာသားဖြစ်တော့ ထန်းတောင်သူတွေအတွက် ဘာလုပ်ပေးနိုင်မလည်း စဉ်းစားတယ်။ ထန်းလျက်လည်း အဆင်မပြေဘူး။ ထန်းသီးဆံတွေ အရမ်းပေါတယ်။ နွားကျွေးရအောင်လည်း နွားတွေနေရာမှာ ထော်လာဂျီတွေက နေရာယူထားကြပြီ။ ကျွန်တော်တရုတ်ကိုရောက်တော့ ထန်းသီးဆံစည်သွပ်ဗူးတွေ ရောင်းတာတွေ့တယ်။ ဈေးကြီးတယ်။ တရုတ်ပြည်ရောက်တော့ မင်တို့ဘာလို့ ထန်းသီးဆံ မတင်ပို့တာလည်းလို့မေးတော့ ငါတို့မှာ နည်းပညာမရှိဘူးလို့ပြောရင်း ချိတ်ဆက်မိတယ်။ သူတို့ကနည်းပညာနဲ့ ဝယ်လိုအားပေးတာနဲ့ ကျွန်တော့ရဲ့ အိပ်မက်လို့ဆိုတာထက် အညာဒေသတောင်သူတွေရဲ့ အိမ်မက်ကို စတင်အကောင်အထည်ဖော်ခွင့် ရခဲ့တာပါ”ဟု Green Momentum Company Limited အသီးအဆံ အေးခဲစက်ရုံပိုင်ရှင် ဦးသက်ဇော်က ပြောကြားသည်။

 

 

တရုတ်နိုင်ငံမှ အညာဒေသရှိ ထွက်ရှိသော ထန်းသီးဆံမှန်သမျှကို ဝယ်ယူမည်ဟု ကတိစာချုပ်ရရှိခဲ့ပြီး ထန်းသီးဆံအနုကို တရုတ်ပြည်သို့ တင်ပို့နိုင်ရန် အေးခဲခြင်းနည်းပညာကိုရရှိခဲ့ကာ ရန်ကုန်ဆိပ်ကမ်းမှ သင်္ဘောဖြင့် တရုတ်ပြည်သို့ တင်ပို့ခြင်း ဖြစ်ကြောင်း သိရသည်။ 

 

ထန်းသီးဆံအနုကို ထိခိုက်မှုမရှိစေရန်ထုတ်ယူပြီး (၃)နာရီအကြာတွင် အချဉ်ပေါက်တတ်သည့်အတွက် အမှုန်အမွှား ကင်းစေရန် ဂရုစိုက်ရကာ ရေအေးတွင်ဆေးကြောပြီး အနုတ်(၄၀)ဒီဂရီရှိ အအေးခန်းတွင် (၄)နာရီကြာ ထားရှိ၍ (၂၀)ကီလိုဂရမ်ရှိ အေးခဲထန်းသီးဆံများအား ကပ်ပုံးအတွင်း ပလတ်စတစ်အိတ်အတွင်း သွပ်သွင်းပြီး အနုတ်(၂၀)နှင့် (၂၈)ကြားရှိ အအေးခန်းတွင် ထိန်းသိမ်းထားရကြောင်း သိရသည်။

 

ထန်းသီးဆံများကို အမျိုးအစား (၃)မျိုးခွဲခြားထားကြောင်း သိရပြီး  A - အဆင့်တွင် ထန်းသီးဆံ အရည်ခမ်းဖြစ်ပြီး အကောင်းဆုံးဖြစ်ကြောင်း၊ B- အဆင့်မှာ အရည်ခမ်းကျော်ကျော် အဆံပျော့ပျော့ဖြစ်ပြီး၊ C - အဆင့်မှာ အဆံအနည်းငယ် မာကြောင်း၊ ထန်းပိုင်ရှင်များထံမှ ဝယ်ယူမှုရာတွင် အဆံထုတ်ပြီးသားနှင့် ထန်းသီးအလုံးလိုက် နှစ်မျိုးရှိသည်။ ထန်းသီးတစ်လုံးလျှင် (၃)ဆံပါရှိ၍ တစ်ဆံလျှင်အနည်းဆုံး (၁၅)ကျပ်မှ (၁၈)ကျပ် ပေးဝယ်ရကာ သတ်မှတ်ထားသည့် ထားသိုမှုများအတိုင်း ထားရှိမှသာလျှင် ဈေးပိုပေး၍ တစ်ဆံလျှင် (၂၅) ကျပ်မှ (၃၀) ကျပ်အထိ ဝယ်ယူကြောင်း Green Momentum Company Limited ဒါရိုက်တာများဖြစ်သော ဦးကျော်သူရလှိုင်နှင့် ဦးအောင်နိုင်ဝင်းတို့မှ ရှင်းလင်းပြောပြခဲ့သည်။

 

လက်ရှိအချိန်တွင် နည်းပညာနှင့် ကုန်ကြမ်းဝယ်ယူမှုသာရရှိပြီး ကုန်ချောမထုတ်လုပ်နိုင်သေးသဖြင့် အညာဒေသတွင် ဖြစ်စေ၊ တင်ပို့မှုလွယ်ကူသော ရန်ကုန်စက်မှုဇုန်တွင်ဖြစ်စေ ကုန်ချောထန်းသီးဆံ စည်သွပ်ဗူး ထုတ်လုပ်နိုင်ပါက အညာထန်းပင် ထန်းတောဒေသမှ ထန်းတောင်သူများ ရွှေရောင်တစ်ခေတ် လျင်မြန်စွာ ဆန်းသစ်လာမည်ဖြစ်ကြောင်း  မြင်းခြံမြို့ ထနောင်တိုင်ကျေးရွာမှ ထန်းတောင်သူတို့က အမြင်ရှိကြောင်း သိရသည်။

 

သန်းထိုက်၊ ဇော်မင်းနိုင်
ဓာတ်ပုံ-သန်းစိုး