ယခုနှစ်တွင် ထွက်ရှိသော ပဲသီးနှံများအနက် ဂျပန်နှမ်းမှာ အမြင့်ဆုံးဈေးဖြင့် မန္တလေးပဲဈေးကွက်တွင် ရပ်တည်နေ

mdn

မန္တလေး ၉ ဇူလိုင်   

        

ယခုနှစ် ဝါတွင်းကာလ မတိုင်ခင် ထွက်ရှိသော ပဲသီးနှံများအနက် ဂျပန်နှမ်းမှာ အမြင့်ဆုံးနှုန်းဖြင့် မန္တလေး ပဲဈေးကွက်တွင် ရပ်တည်နေကြောင်း မန္တလေးမြို့မှ ဦးစိုးဝင်းမြင့်(စိုးဝင်းမြင့်ပွဲရုံ)က ပြောပြ၍ သိရသည်။

 

ယခင် ၂၀၁၇ ခုနှစ်က ယခုကဲ့သို့ ဝါတွင်းကာလမတိုင်ခင် ထွက်ရှိသော ပဲသီးနှံများအနက် ပဲကြီးမှာ အမြင့်ဆုံး ဈေးအဖြစ် သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၁၆၀,၀၀၀ နှုန်းဖြင့် ရပ်တည်နိုင်ခဲ့ပြီး ယခုနှစ်တွင် ဂျပန်နှမ်းမှာ သုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၁၆၅,၀၀၀ နှုန်းဖြင့် စံချိန်တင် ရပ်တည်နေကြောင်း  သိ ရသည်။

 

 

“အထွက်နှုန်းကလည်း အရင်နှစ်တွေလိုပဲ ပုံမှန်ထွက်ပါတယ်။ အရင်နှစ်တွေက နှမ်းအနက်ဈေးက ဦးဆောင်နေပေမယ့် ဒီနှစ်မှာတော့ ဂျပန်နှမ်းနဲ့ နှမ်းဖြူဈေးနှုန်းတွေက ဦးဆောင်နေတယ်။ နှမ်းသီးနှံက မြေပဲ၊ ကုလားပဲတို့ထက် စိုက်ပျိုးစရိတ် တစ်ဝက်သက်သာတဲ့အပြင် အခုလို ဈေးကောင်းတော့ တောင်သူတွေအတွက် ဝမ်းသာစရာပေါ့ဗျာ။ လက်ရှိအချိန်မှာ ဝယ်လိုအားနဲ့ မိုးလေဝသ ညီညွတ်နေပုံကို ကြည့်ပြီး သုံးသပ်ရရင် လှိုင်လှိုင်ပေါ်ချိန်ဖြစ်တဲ့ သြဂုတ်လမှာတော့ တောင်သူတွေ အလှူအတန်းပြုနိုင်မယ့် အနေအထားကို ရောက်လာမှာပါ။” ဟု ၎င်းက ပြောပြသည်။

 

အဆိုပါ ဂျပန်နှမ်းမှာ ပေါ်ဦးပေါ်ဖျားကာလ ဇွန်လဆန်းက မိတ္ထီလာ၊ သဲတော၊ ဝမ်းတွင်း၊ ကျောက်ဆည်၊ စဉ့်ကိုင် စသည့်ဒေသများမှ စတင်ထွက်ရှိလာပြီး သုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၁၄၃,၀၀၀ နှုန်းဖြင့် အဖွင့်ဈေးစခဲ့ရာမှ တရုတ်ဝယ်လိုအားကြောင့် ဇူလိုင်ပထမပတ်တွင် ကျပ် ၁၆၅၀၀၀ နှုန်းအထိ ငွေကျပ် နှစ်သောင်းကျော် ခုန်တက်သွားကြောင်း သိရသည်။

 

မကြာမီ အခြားနှမ်းသီးနှံများ လှိုင်လှိုင်ပေါ်ချိန် ရောက်ရှိလာတော့မည့် သြဂုတ်လတွင် မြန်မာနိုင်ငံ၏ ဆီအိုးကြီးဟု တင်စားသည့် မကွေးတိုင်းဒေသကြီး တစ်ဝိုက်မှာ ထွက်ရှိလာတော့မည်ဖြစ်ကြောင်းနှင့် ပြည်တွင်းစားသုံးမှု နည်းပါးသဖြင့် မြန်မာပြည်မှ ထွက်ရှိသည့် နှမ်းသီးနှံ၏ ၉၀ ရာခိုင်နှုန်းကို တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချကြောင်း သိရှိရသည်။

 

မင်းထက်အောင်(မန်းကိုယ်ပွား)