ပခုက္ကူမြို့နယ်ထွက် ကားတာယာဖြင့် ပြုလုပ်ထားသော ပစ္စည်းများ ရောင်းအားကျ

mdn

ပခုက္ကူ ၆ ဇူလိုင်

ယခုနှစ်အများအတွင်းတွင် ဖော့ဖိနပ်များ ၊ပလတ်စတစ်ဖိနပ်များ၊ သတ္တု၊သံ၊ ပလတ်စတစ် စသည့်ဖြင့်ပြုလုပ်ထားသော ပုံးအမျိုးမျိုးတို့ ပေါများလာသဖြင့် ကားတာယာဖြင့် ပြုလုပ်ထားသော ကားတာယာဖိနပ်များ ၊တာယာပုံးများ ရောင်းအားကျဆင်းလာလျက်ရှိသည်ဟု သိရသည်။

“ ကျွန်မက ကားတာယာ ဖိနပ်လုပ်ငန်းကို လုပ်လာတာကြာပြီ။ မိဘတွေလက်ထက်ကတည်းက လုပ်တာဆိုတော့ အနှစ် ၅၀ လောက်တော့ရှိပြီ အရင်ကတော့ ကားတာယာ ဖိနပ်က ရောင်းအားကောင်းတယ် ကားတာယာဖိနပ်ကို အဓိကထားလုပ်ရတာပေါ့ အခုနောက်ပိ်ုင်းတော့ ကားတာ ယာနဲ့ ပုံးအမျိုးမျိုးကိုလည်းလုပ်တယ် အခုခေတ်က ဖော့ဖိနပ်တွေလည်းပေါလာတယ် ပလတ် စတစ်နဲ့လုပ်ထားတဲ့ ဖိနပ်တွေကလည်းဈေးချိုတယ် ပလတ်စတစ်တို့ သံတို့နဲ့လုပ်ထားတဲ့ ပုံအမျိုးမျိုးကလည်းဈေးချိုလာတော့ ကျွန်မတို့ ကားတာယာနဲ့လုပ်ထားတဲ့ ဖိနပ်တွေ ပစ္စည်းတွေ ရောင်းအားကျလာတယ်” ဟု ပခုက္ကူမြို့နယ် ကန်တော်ကျေးရွာမှ ကားတာယာ ဖိနပ် နှင့် ပစ္စည်းများပြုလုပ် ရောင်းချသူ ဒေါ်မို့မို့ကြိုင်က ပြောသည်။

ကားတာယာဖိနပ်တစ်ရန်လျှင် ငွေကျပ် ၃၅၀ မှ ငွေကျပ် ၄၀ဝ အတွင်းရှိပြီး ကျားစီး၊ မစီး ကလေး စသဖြင့် ဖိနပ်ဆိုဒ် အမျိုးမျိုးကိုပြုလုပ်ရောင်းချလျက်ရှိသည်ဟုသိရသည်။ ယခုနှစ်များ အတွင်းတွင် ကားတာယာဖိနပ်မှာယူမှုနှုန်းမှာ ယခင်ထက် ၄ ဆခန့်လျော့နည်းကျဆင်းသွားသည်ဟု သိရသည်။

အရင်ကတော့ ပခုက္ကူက ဖိနပ်မှာပြီဆိုရင် ကျားစီး၊ မစီး ၊ ကလေးစီး တစ်မျိုးစီကို အရန် ၂၀ဝ စီပို့လောက်ပို့ရတယ် တစ်ခါတစ်ခါပို့ရင် အရံထောင်ချီပို့ရတာ အခုတော့ အဲ့လိုမဟုတ်တော့ဘူး ဖိနပ်အရန် ၁၀ဝ၊ ၂၀ဝ လောက်တောင်မှ မနည်းပို့နေရတယ် တစ်ပတ်တစ်ကြိမ်ပို့ရတာပေါ့ အရင်ကတော့ယောတို့ဆောတို့ ကျောက်ထုတို့ဘက်တွေရော ပို့ရတယ် အခုအဲ့ဒီမြို့တွေက ကားတာယာဖိနပ်မစီးကြတော့ဘူး မရောင်းရတော့ဘူးဟု ကန်တော်ကျေးရွာ ရွှေအားမာန် ကားတာယာဖိနပ်လုပ်ငန်းရှင် ကပြောပြသည်။

ကန်တော်ကျေးရွာမှ ကားတာယာဖိနပ်ပြုလုပ်သူများသည် ကားတာယာဖြင့်ပြုလုပ်ထားသော ပုံးအမျိုးမျိုး၊ကားဖိနပ်များ၊ဖိနပ်အောက်ခံများကိုပြုလုပ်ရောင်းချကြလျက်ရှိသည်ဟု သိရသည်။

ကျွန်မတို့က ကားတာယာနဲ့လုပ်ထားတဲ့ ရေပုံးတို့ တာယာပုံးတို့လည်း လုပ်ရောင်းတယ် ကားတာယာနဲ့လုပ်ထားတဲ့ပုံးတွေကို ပလတ်စတစ်တို့ ကော်နဲ့လုပ်ထားတဲ့ ပုံးတွေဈေးနဲ့တော့ မရောင်းနိုင်ဘူး ဈေးကျတော့ ထက်ဝက်လောက်ကွာသွားတာ ဖောက်သည်ဈေး ကားတာယာပုံး တစ်လုံးကို ငွေကျပ် ၁၃၀ဝ၊ ၁၄၀ဝ၊ ၁၅၀ဝ နဲ့ရောင်းတယ် လုပ်အားခပေးရတာနဲ့ ဆိုတော့ ဈေးချိုချိုနဲ့ မရောင်းနိုင်ဘူးလေ ကန်တော်ကျေးရွာမှ ကားတာယာ ပစ္စည်းများပြုလုပ်ရောင်းချသူ ဒေါ်မို့မို့ကြိုင် ကပြောသည်။

အိမွန်ဆွေ(ရေစကြို)