ဥရောပသမဂ္ဂသို့ အထည်အလိပ်ပို့ကုန် မနှစ်ကထက် ၆၂ ရာခိုင်နှုန်းမြင့်တက်လာ

mdn

နေပြည်တော် ၂၆ မေ 

 

“အားကျဖွယ်  တိုးတက်မှုတွေနဲ့ အလုပ်အကိုင်နေရာများစွာ ဖန်တီးပေးနိုင်ခြင်းတို့အတွက် အထည်အလိပ်လုပ်ငန်းဟာ မြန်မာနိုင်ငံရဲ့ စီးပွားရေးကဏ္ဍမှာ အကောင်းဆုံး စွမ်းဆောင်နိုင်တဲ့ ကဏ္ဍတစ်ရပ်အဖြစ် ပေါ်ထွက်လာခဲ့ပါပြီ။ ယခုလို အကောင်းဆုံး စွမ်းဆောင်နိုင်ခြင်းဟာ ကုန်စည်တင်ပို့မှုကြောင့် အများဆုံးဖြစ်ပြီး  ဥရောပသမဂ္ဂဟာ မြန်မာ့ အထည်အလိပ်တွေအတွက် အလျင်အမြန် ဖွံ့ဖြိုးတိုးတက်ဆုံးနဲ့ အကြီးမားဆုံး ပို့ကုန်ဈေးကွက်ကြီးတစ်ခု ဖြစ်လို့နေပါပြီ။၂၀၁၇ခုနှစ်အတွင်းမှာ ဥရောပ သမဂ္ဂအနေနဲ့ ယူရို ၁ ဒသမ ၁ ဘီလီယံ တန်ဖိုးရှိတဲ့ အဝတ်အထည်တွေကို မြန်မာနိုင်ငံကနေ တင်သွင်းခဲ့တယ်”ဟု မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ သံအမတ် Mr. Kristian Schmidt က ယနေ့ ရန်ကုန်မြို့ စီဒိုးနားဟိုတယ်၌ ကျင်းပသည့် Myanmar Buyer’s Forum တွင် ပြောကြားလိုက်သည်။

 

 

 

ပြီးခဲ့သည့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်နှင့် နှိုင်းယှဉ်ပါက ၆၂ရာခိုင်နှုန်းခန့် တိုးတက်လာပြီး မြန်မာနိုင်ငံ သားများအတွက် အကျိုးကျေးဇူးများ ရရှိစေမည်ဖြစ်ကြောင်း၊ အလုပ်ကိုင်ပေါင်း လေးသိန်းသည် ဥရောပသမဂ္ဂသို့ အဝတ်အထည်များ တင်ပို့နေသည့် မြန်မာစက်ရုံ အလုပ်ရုံလုပ်ငန်းများတွင် လုပ်ကိုင် နေကြပြီး နှစ်စဉ်ပို့ကုန်များ တိုးပွားလာသည့်နည်းတူ ဝန်ထမ်းများလည်း ပိုမိုခန့်အပ်လာနိုင်မည် ဖြစ်ကြောင်း Mr. Kristian Schmidt က ဆက်လက်ပြောကြားသည်။

 

အဝတ်အထည်စက်ရုံ၊ အထည်အလိပ်စက်ရုံနှင့် ဖိနပ်စက်ရုံများအတွက် ပထမဆုံးအကြိမ် ကျင်းပပြု လုပ်သည့် “Myanmar Buyers’ Forum”ကို ယနေ့ ရန်ကုန်မြို့တွင် ကျင်းပခဲ့ပြီး ထုတ်ကုန်ဆိုင်နှင့် ဝန်ဆောင်မှု အရင်းအမြစ်များအား ရယူခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အတူ ကုန်ပစ္စည်းထုတ် လုပ်မှုဖြစ်စဉ် ကွင်းဆက်များအကြောင်းကိုသာမက လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စံနှုန်း များကိုပါ ထည့်သွင်းစဉ်းစားရန် လိုအပ်ကြောင်းကို အဓိက ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

ဥရောပအပါအဝင် နိုင်ငံတကာရှိ လက်လီရောင်းချရေး နာမည်ကြီးကုန်အမှတ်တံဆိပ် ၁၇ ခုမှ ကိုယ် စားလှယ်အယောက် ၃၀အပြင် မြန်မာနိုင်ငံ အဝတ်အထည်လုပ်ငန်း နယ်ပယ်မှ ကိုယ်စားလှယ် အယောက် ၁၀ဝ ကျော်က ဖိုရမ်သို့ တက်ရောက်ခဲ့ကြသည်။

 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူး၊ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံအမတ် Mr. Kristian Schmidt တို့က အဖွင့်အမှာစကားနှင့် ကျင်းပရခြင်း၏ အဓိက ရည်ရွယ်ချက်ကို ပြောကြားခဲ့သည်။

 

"ဥရောပက ဝယ်ယူသုံးဆောင်သူတွေဟာ သူတို့ဝယ်လိုက်တဲ့ ထုတ်ကုန်တွေက အလုပ်သမား အခွင့် အရေးနဲ့ ပတ်ဝန်းကျင်အရေးတွေကို လေးစားလိုက်နာပြီးမှ ထုတ်လုပ်ထားတဲ့ ထုတ်ကုန်တွေဖြစ်ဖို့ မျှော်လင့်ကြပါတယ်။ ကျွန်တော့်အနေနဲ့ မြန်မာကုမ္ပဏီများကို တိုက်တွန်းလိုတာကတော့ ဥရောပ သမဂ္ဂဈေးကွက်ဟာ အလုပ်သမားများရဲ့ ကျွမ်းကျင်မှုများ၊ အရည်အသွေးစံနှုန်းများ၊ စီမံခန့်ခွဲမှု အလေ့ အကျင့်များကို မြှင့်တင်ပေးနိုင်ပြီး ခိုင်မာတဲ့ ပဏာမခြေလှမ်းတစ်ခု  မြင်နိုင်ဖို့ဖြစ်ပါတယ်။ ကျွန်တော့် အနေနဲ့ တာဝန်ရှိသူများနှင့် မိတ်ဖက်အဖွဲ့အစည်းများအား ထပ်မံတိုက်တွန်းလိုတာကတော့ အရေးကြီး သော ကိစ္စရပ်များ၊ ဥပမာ အလုပ်သမားအခွင့်အရေးနှင့် သဘာဝပတ်ဝန်းကျင် စည်းမျဉ်းစည်းကမ်း များအတွက် စည်းမျဉ်းမူဘောင်  တိုးတက်အောင် ဆက်လက်လုပ်ဆောင်စေရန်ပဲ ဖြစ်ပါတယ်”ဟု သံအမတ်ကြီးက ဆက်လက်ပြောကြားသည်။

 

အဆိုပါ ဖိုရမ်တွင် လက်လီရောင်းချရေးများနှင့် နာမည်ကြီး ကုန်အမှတ်တံဆိပ်များတွင် ဆွီဒင်ကုမ္ပဏီ H&M နှင့် Lindex တို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး ယင်းကုမ္ပဏီတို့သည် SMART Myanmar ပရောဂျက်၏ ပုဂ္ဂလိကကဏ္ဍတွင် တွဲဖက်လုပ်ဆောင်နေကြပြီး မေလ ၂၅ ရက်နေ့ ဆွေး နွေးပွဲတွင် ကုန်သွယ်စီးပွားဆိုင်ရာ ကိစ္စရပ်များနှင့်အတူ ပတ်ဝန်းကျင် ရေရှည်တည်တံ့ခိုင်မြဲရေး၊ လူ့စွမ်းအားအရင်းအမြစ် စီမံခန့်ခွဲရေး၊ ဝန်ထမ်းများ ကျွမ်းကျင်မှုမြှင့်တင်ရေးတို့နှင့် ပတ်သက်၍ ပါဝင် ဆွေးနွေးခဲ့ကြသည်။

 

နာမည်ကျော် အမှတ်တံဆိပ်များဖြစ်ကြသည့် H&M နှင့် Lindex တို့သည် ပြီးခဲ့သည့် နှစ်များအတွင်း မြန်မာနိုင်ငံမှ အဝတ်အထည်တို့ကို စတင်ဝယ်ယူတင်သွင်းခဲ့သည့် နိုင်ငံတကာ နာမည်ကြီး အမှတ်တံဆိပ်ပေါင်း ၁၀ဝ ကျော်တွင် ပါဝင်သည်ကို တွေ့ရှိရသည်။

 

SMART Myanmar အဖွဲ့ခေါင်းဆောင် Mr. Jacob Clere က “အခုပွဲကို ကျင်းပရတာ လက်လီ ရောင်းချရေး နာမည်ကြီး ကုန်အမှတ်တံဆိပ်တွေကို ရန်ကုန်မှာ တွေ့နိုင်မယ့် အခွင့်အရေးတစ်ခုကို ဖော်ဆောင်ပေးချင်တဲ့အတွက်ပါ။ အထူးသဖြင့် ထုတ်ကုန်နဲ့ ဝန်ဆောင်မှုတွေကို အပြင်ကနေ ရယူတဲ့ အခါ လိုက်နာရမယ့် တာဝန်တွေနဲ့အတူ ကုန်ပစ္စည်း ထုတ်လုပ်ပေးသွင်းမှု ကွင်းဆက်နဲ့ ပတ်သက်လို့ လုပ်ရည်ကိုင်ရည် မြှင့်တင်တဲ့ ကိစ္စရပ်တွေမှာ ပိုမိုပြီး ပူးပေါင်းဆောင်ရွက်နိုင်ဖို့ အတွက်ပါ။ သူတို့တွေ ရဲ့လုပ်ထုံးလုပ်နည်းတွေကို မျှဝေပေးနိုင်မှာ ဖြစ်သလို ပြီးခဲ့တဲ့ နှစ်တွေအတွင်း ဒီလုပ်ငန်းနယ်ပယ်မှာ ဖြစ်ပေါ်လာတဲ့ တိုးတက်ပြောင်းလဲမှုတွေကို သူတို့ကို အသိပေးနိုင်မှာ ဖြစ်ပါတယ်။ အထည်အလိပ် လုပ်ငန်းနယ်ပယ်ရဲ့ လူမှုရေးအပိုင်းနဲ့ လုပ်ငန်းခွင် ဘေးကင်းရှင်းရေး အပိုင်းတွေမှာ တိုးတက်မှုတွေ အများကြီး ရှိခဲ့ပေမယ့် ဆေးဆိုးပန်းရိုက်ကိစ္စနဲ့ လေထုညစ်ညမ်းမှု လျှော့ချရေးတို့လို ပတ်ဝန်းကျင် အရေးတွေမှာတော့ စိန်ခေါ်မှုတွေ ရှိနေဆဲပါ။ ဒါ့အပြင် ဒေသခံတွေ ပိုင်ဆိုင်တဲ့ လုပ်ငန်းတွေအနေနဲ့ နိုင်ငံတကာ ကုန်ပစ္စည်း ထုတ်လုပ်ပေးသွင်းမှု ကွင်းဆက်တွေမှာ အခုထက် ပိုမိုပါဝင်လာဖို့ လိုအပ်နေ ပါသေးတယ်။ ဒါမှသာ ဒေသခံလုပ်ငန်းတွေအနေနဲ့ လုပ်ငန်းကြီးထွားလာမှုရဲ့ အသီးအပွင့်ကို ခံစား ကြရမှာပါ”ဟု ပြောကြားသည်။

 

၂၀၁၇ ခုနှစ်အတွင်း မြန်မာနိုင်ငံ၏ အဝတ်အထည်နှင့် ဖိနပ်ကုန်ပစ္စည်း နှစ်ခုပေါင်းတင်ပို့မှုသည် အမေရိကန်ဒေါ်လာ ၃ ဘီလီယံကျော်အထိ ရှိသည်။ ယခုလုပ်ငန်းနယ်ပယ်သည် ပြီးခဲ့သည့် ၄နှစ် အတွင်း ပို့ကုန်တင်ပို့မှု၊ စက်ရုံအလုပ်ရုံ ထူထောင်မှုတို့နှင့် ပတ်သက်၍ ပျမ်းမျှအားဖြင့် နှစ်စဉ် ၂၅% တိုးတက်လျက်ရှိသည်။ ထိုသို့ လုပ်ငန်းအလျင်အမြန် ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အညီ အလတ်တန်း အုပ်ချုပ်ရေးပိုင်းနှင့် နည်းပညာရှင် အပိုင်းတို့တွင်သာမက စည်းကမ်း ထိန်းသိမ်းရေးပိုင်းဆိုင်ရာနှင့် အစိုးရအဖွဲ့အစည်းတို့တွင်ပါ စွမ်းဆောင်ရည် မြင့်မားလာရန် ထပ်လောင်း တောင်းဆိုလျက်ရှိသည်။ 

 

ယခုကျင်းပသည့် ဖိုရမ်ကို SMART Myanmarမှ အဓိကတာဝန်ယူ ဆောင်ရွက်ခြင်းဖြစ်ပြီး ၄င်းကို ဥရောပသမဂ္ဂမှ ရန်ပုံငွေထောက်ပံ့ထားသည်။ ဂျာမနီအစိုးရကလည်း (၂၀၁၃မှ၂၀၁၉အထိ) ငွေကြေး ပူးတွဲ ထောက်ပံ့ထားသည်။ SMART Myanmar၏ ဒေသခံ လက်တွဲဖော်မှာ မြန်မာအထည်ချုပ် လုပ်ငန်းရှင်များ အသင်းဖြစ်သည်။ မြန်မာနိုင်ငံရှိ အထည်ချုပ်လုပ်ငန်း၊ အထည်အလိပ်လုပ်ငန်းနှင့် ဖိနပ်ချုပ်လုပ်ငန်းတို့တွင် လုပ်ငန်းခွင် ကျန်းမာရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေး တိုးတက်စေရန်၊ လုပ်ငန်းခွင် စီမံခန့်ခွဲရေးစနစ်များ တိုးတက်စေရန်၊ သဘာဝပတ်ဝန်းကျင် မထိခိုက်စေသော အလေ့ အထများ ပေါ်ပေါက်စေရန်အတွက် SMART Myanmarမှ စက်ရုံ အကြံပေးလုပ်ငန်းများ၊ စွမ်းရည် မြှင့်တင်ရေး အစီအစဉ်များ လုပ်ဆောင်နေပေးလျက်ရှိသည်။

 

ဆွေးနွေးဟောပြောပွဲများ၊ ကွင်းဆင်းအကြံပေးရေး အစီအမံများမှတစ်ဆင့် SMART Myanmar သည် မြန်မာနိုင်ငံရှိ အထည်ချုပ်၊ အထည်အလိပ်နှင့် ဖိနပ်စက်ရုံပေါင်း ၂၇၀ကျော်နှင့် ထိတွေ့လုပ်ကိုင်နေပြီး မန်နေဂျာ၊ ဝန်ထမ်းများနှင့် အလုပ်သမား အရေအတွက်ပေါင်း ၉၀ဝ၀ အထက်ကို သင်တန်းပို့ချ ပေးခဲ့ပြီးဖြစ်သည်။ 

 

ယခုညှိနှိုင်းဆွေးနွေးပွဲကို SMART Myanmar၏ လုပ်ဖော်ကိုင်ဖက်များ ဖြစ်ကြသော MGMA, Sequa and the Foreign Trade Association of German Retaiers (AVE) တို့မှ စီစဉ်ခြင်းဖြစ်ပြီး Business Innovation Facilityသည် Londonမြို့ရှိ PWC အုပ်ချုပ်သော DFID UKမှ ငွေကြေးထောက်ပံ့မှု ပေးထားသည့် တစ်ကမ္ဘာလုံးဆိုင်ရာ အစီအစဉ်ဖြစ်သည်။ မြန်မာနိုင်ငံရှိ BIF သည် ရေရှည်တည်တံ့ သော ခရီးသွားလုပ်ငန်းများနှင့် ဝါးထုတ်လုပ်မှု စက်မှုလုပ်ငန်းများမြှင့်တင်ခြင်း၊ မြန်မာနိုင်ငံ အထည်ချုပ် အခန်းကဏ္ဍများတွင် ဖွံ့ဖြိုးတိုးတက်အောင် တာဝန်ယူဆောင်ရွက်ပေးခြင်းတို့ကို အလေးထား ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 
၂၀၁၄ ခုနှစ်နှင့် ၂၀၁၈ ခုနှစ်ကြားတွင် ကုန်ထုတ်စွမ်းအားနှင့် HR စီမံခန့်ခွဲမှုအတွက် တိုးတက်မှုများ မြှင့်တင်ရန်နှင့် အထည်ချုပ် စက်ရုံများအတွက် အထောက်အကူဖြစ်စေသော အစီအစဉ်များစွာကိုလည်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

 

ခင်ရတနာ၊ ဓာတ်ပုံ-Lynn