၁၀ နှစ်အတွင်း ရေထွက်ကုန်ပစ္စည်းပြည်ပတင်ပို့မှု ကုန်ချိန်အများဆုံးနှင့် ဝင်ငွေအများဆုံးနှစ်အဖြစ် စံချိန်တင်

mdn

ဖျာပုံ  ၂၀  မတ် 

 

စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန လက်အောက်ရှိ ငါးလုပ်ငန်းဦးစီးဌာနသည် ၁၀ စုနှစ်ကာလအတွင်း ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ရေထွက်ကုန်ပစ္စည်းများ ပြည်ပတင်ပို့မှုဖြင့် ဝင်ငွေအများဆုံး ရရှိသောနှစ်အဖြစ် စံချိန်တင်နိုင်ကြောင်း သိရသည်။

 

လွန်ခဲ့သည့် ၂၀၀၇-၂၀၀၈ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ရေထွက်ကုန်ပစ္စည်း ၃၅၁၆၅၂ ဒသမ ၀၅ မက်ထရစ်တန် တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၅၆၁ ဒသမ ၀၂ သန်း၊  ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် ၃၈၆၉၈၁ ဒသမ ၃၂ မက်ထရစ်တန် တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၆၅၃ ဒသမ ၈၅ သန်း ရရှိခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ ထုတ်ပြန်သည့် သတင်းမှတ်တမ်းများအရ သိရသည်။

 

ယခု ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ သန်း ၆၅၀ ရရှိရေး လျာထားဆောင်ရွက်ခဲ့ရာ မတ် ၁၁ ရက်အထိ ရေထွက်ကုန်ပစ္စည်း ၅၂၂၃၀၀ ဒသမ ၂၆၁ မက်ထရစ်တန် တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ သန်းပေါင်း ၆၆၂ ဒသမ ၉၇၃ ရရှိပြီးဖြစ်၍ ဘဏ္ဍာနှစ်မကုန်မီမှာပင် လျာထားငွေထက် ကျော်လွန်ရရှိနေပြီဖြစ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

 

ထိုသို့ ပြည်ပဝင်ငွေ တိုးမြှင့်ရရှိခြင်းမှာ လွန်ခဲ့သည့် ၁၀ နှစ်ကျော် ကာလက ရေထွက်ကုန်ပစ္စည်း ပြည်ပတင်ပို့သည့် နိုင်ငံပေါင်း ၃၀ သာ ရှိခဲ့ရာမှ နောက်ပိုင်းကာလများတွင် ထုပ်ပိုးစနစ်များ အဆင့်မီပြုပြင်ခြင်း၊ ကုန်ပစ္စည်းများ၏ အရည်အသွေးမြှင့်တင်ခြင်းနှင့် ဈေးကွက်တ်ုးချဲ့ ရှာဖွေရာမှ ယခုအခါ EU နိုင်ငံများအပါအဝင် နိုင်ငံပေါင်း ၄၀ ကျော်အထိ တင်ပို့နိုင်သည့်အတွက် ဖြစ်ကြောင်းသိရသည်။

 

ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် သက်ဆိုင်ရာ အသင်းအဖွဲ့များ၊ လုပ်ငန်းရှင်များနှင့် ပေါင်းစပ်ညှိနှိုင်းမှုဖြင့် ဘဏ္ဍာနှစ် မကုန်မီမှာပင် လျာထားငွေထက် ကျော်လွန်ရရှိနေသော်လည်း အမေရိကန်ဒေါ်လာ သန်းခုနှစ်ရာရရှိရေး ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမည်ဟု သိရသည်။

 

အောင်ဝင်း(ဖျာပုံ)