လျှပ်စစ်ပစ္စည်းများအပေါ် အိန္ဒိယက သွင်းကုန်ခွန် တိုးမြှင့်ကောက်ခံခြင်းကို အမေရိကန်၊ အီးယူနှင့် ဂျပန်တို့ ကန့်ကွက်

mdn

နေပြည်တော် ၂၂ ဖေဖော်ဝါရီ

 

မိုဘိုင်းလ်ဖုန်း၊  တီဗီနှင့် ပရိုဂျက်တာများအပေါ်  အိန္ဒိယအစိုးရက သွင်းကုန်ခွန်  တိုးမြှင့်ကောက်ခံခြင်းကို အီးယူ ဂျပန်နှင့် အမေရိကန်တို့က ကန့်ကွက်လိုက်သည်။ သတင်းအချက်အလက်နှင့် နည်းပညာ သဘောတူညီချက် Information Technology Agreement (ITA)  ကို လက်မှတ်ရေးထိုး ထားသူများသည် မိုဘိုင်းလ်ဖုန်းများ အပါအဝင် အိုင်တီပစ္စည်း အမြောက်အမြားအပေါ် သွင်းကုန်ခွန် စည်းကြပ်နိုင်ခွင့် မရှိခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။

 

အိန္ဒိယအစိုးရသည် ပြည်တွင်းထုတ်လုပ်မှုကို မြှင့်တင်ရန်အတွက်  မိုဘိုင်းလ်ဖုန်း၊ တယ်လီဗေးရှင်း၊ ဒစ်ဂျစ် တယ်ကင်မရာ၊ မိုက်ခရိုဝေ့ဖ်မီးဖို၊ မီးသီးနှင့်  အခြားလျှပ်စစ် ပစ္စည်းများ၏ သွင်းကုန်ခွန်များကို ပြီးခဲ့သည့်လက  တိုးမြှင့်လိုက်ပြီး ITA  ကော်မတီ၌ ရှင်းလင်းမှု ပြုလုပ်ရန် အီးယူ၊ ဂျပန်နှင့် အမေရိကန်တို့က အိန္ဒိယအား တိုက်တွန်းထားသည်။

 

အစောပိုင်းတွင် WTO  ၏ ITA နှင့် စပ်လျဉ်းသော ကတိကဝတ်များ လိုက်နာရန် အိန္ဒိယနှင့် တရုတ် နှစ်နိုင်ငံစလုံးအား နိုင်ငံအတော်များများက ဝေဖန်ပြစ်တင် ပြောဆိုထားပြီး အိန္ဒိယသည် ၂၀၁၇ ခုနှစ် ဇူလိုင် ၁ ရက်မှစ၍ မိုဘိုင်းလ် ဖုန်းများအပေါ် သွင်းကုန်ခွန် စတင်စည်းကြပ် ကောက်ခံခဲ့ကာ ၁၅ ရာခိုင်နှုန်းသို့ ထပ်မံတိုးမြှင့် ကောက်ခံခဲ့ကြောင်း၊ ထိုမျှသာမက တီဗီနှင့် မီးအိမ်များ တင်သွင်းမှုအပေါ် သွင်းကုန်ခွန် ၂၀ ရာခိုင်နှုန်း စည်းကြပ်ရန်ကိုလည်း မကြာသေးမီက သတ်မှတ်လိုက်ကြောင်း သိရှိရသည်။

 

တရုတ်နိုင်ငံသည် အိန္ဒိယသို့ လျှပ်စစ်ပစ္စည်း အများဆုံး တင်ပို့နေသည့် နိုင်ငံဖြစ်သော်လည်း ယင်းကိစ္စနှင့် စပ်လျဉ်း၍ အိန္ဒိယအစိုးရ၏ လုပ်ဆောင်ချက်အပေါ် ကန့်ကွက်ထားခြင်း မရှိကြောင်း တွေ့ရသည်။ တရုတ်ကုမ္ပဏီများသည် လျှပ်စစ်ပစ္စည်းများအား အိန္ဒိယနိုင်ငံအတွင်းသို့ အစိတ်အပိုင်းများ အနေဖြင့် တင်သွင်းလာကြပြီး ပြည်တွင်း၌ တပ်ဆင်ထုတ်လုပ်ခြင်းကို ပြုလုပ်နေကြသည့်အတွက်  ၎င်းတို့အနေဖြင့် အခွန်ကို ကျော်လွှားနေသည့်  အနေအထားများလည်း ရှိသည်ဟု Jawaharlal Nehru University   မှ ပါမောက္ခဖြစ်သူ Biswajit Dhar က ပြောကြားထားကြောင်း သိရှိရသည်။

 

အိန္ဒိယနိုင်ငံ၏ ရှင်းလင်းချက်အား မကျေနပ်ပါက အဆိုပါ နိုင်ငံများ အနေဖြင့် WTO ခုံရုံး၌ ဖြေရှင်းရန် ကြိုးစားလာနိုင်ဖွယ်ရှိရာ  အိန္ဒိယအနေဖြင့် မည်သို့သော အငြင်းပွားမှုမျိုး အတွက်ကိုမဆို ပြင်ဆင်ထားပြီး ဖြစ်သည်ဟုလည်း ထုတ်ပြန် ကြေညာခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

 

MDN