ကိုချင်း
မြန်မာနှင့် အိန္ဒိယနှစ်နိုင်ငံအကြား တည်ရှိခဲ့သော ဆက်ဆံရေးသမိုင်းကြောင်းသည် သာမန်ချစ်ကြည်ရေးအဆင့်ထက် ကျော်လွန်ပြီး ပိုမိုနက်ရှိုင်းလှပါသည်။ ရှေးယခင်ကတည်းက တည်ရှိလာခဲ့သော သမိုင်းဝင်ရင်းနှီးမှု၊ ယဉ်ကျေးမှုချင်း ဆက်နွှယ်မှု၊ နယ်နိမိတ်ချင်း ဆက်စပ်နေမှုနှင့် စီးပွားရေးအရ အပြန်အလှန် အမှီသဟဲပြုမှုတို့က နှစ်နိုင်ငံဆက်ဆံရေး၏ ခိုင်မာသော အခြေခံအုတ်မြစ်များ ဖြစ်ကြပါသည်။
၂၀၂၆ ခုနှစ် မေလ ၃၀ ရက်မှ ဇွန်လ ၃ ရက်နေ့အထိ သွားရောက်ခဲ့သည့် နိုင်ငံတော်သမ္မတကြီး ဦးမင်းအောင်လှိုင်၏ အိန္ဒိယသမ္မတနိုင်ငံ တရားဝင်ခရီးစဉ်သည် ယင်းအခြေခံအုတ်မြစ်များကို ပိုမို ခိုင်မာတောင့်တင်းစေခဲ့သည့် အရေးကြီးသော နိုင်ငံတကာခရီးစဉ်တစ်ရပ် ဖြစ်ခဲ့ပါသည်။
ပြည်ပရေးရာဝန်ကြီးနှင့် တွေ့ဆုံမှု - ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးချက်များ
ခရီးစဉ်၏အစ ပထမဆုံးနေ့ဖြစ်သည့် ၂၀၂၆ ခုနှစ် မေလ ၃၀ ရက်နေ့တွင် နိုင်ငံတော်သမ္မတ ထံသို့ အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီး H.E. Dr. Subrahmanyam Jaishankar က လာရောက် ဂါရဝပြု တွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံအကြား ချစ်ကြည် ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးတက် ကောင်းမွန်လျက်ရှိသည့် အခြေအနေများကို ဆွေးနွေးသုံးသပ်ခဲ့ကြပြီး နှစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက် ရေးစီမံကိန်းများ ဆက်လက်အကောင်အထည်ဖော်ရေး၊ ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုမြှင့်တင်ရေး၊ ကာကွယ်ရေး၊ လုံခြုံရေးနှင့် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ ယဉ်ကျေးမှုနှင့် ပညာရေးကဏ္ဍ မြှင့်တင်ရေးဆိုင်ရာ အရေးကြီးကဏ္ဍများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။ ယခုဆွေးနွေးမှုသည် နှစ်နိုင်ငံအစိုးရအကြား လက်တွေ့ကျကျ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည့် လမ်းပြမြေပုံကို ပိုမိုပီပြင်စေခဲ့ပါသည်။
ပြည်ပရောက် မိသားစုများနှင့် ပညာတော်သင်များအား လမ်းညွှန်မှုပြုခြင်း
ထိုနေ့တွင်ပင် နိုင်ငံတော်သမ္မတက အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ စစ်သံရုံးမိသားစုများနှင့် ပညာတော်သင် သင်တန်းသားများအား ရင်းရင်းနှီးနှီး တွေ့ဆုံကာ မိန့်ခွန်းပြောကြားခဲ့ပါသည်။
နိုင်ငံတော်သမ္မတက မိန့်ခွန်းပြောကြားရာတွင် အိန္ဒိယနှင့် မြန်မာသည် နယ်နိမိတ်ချင်း ဆက်စပ် နေသည့် အိမ်နီးချင်းကောင်းများ ဖြစ်ကြသကဲ့သို့ သမိုင်းကြောင်း၊ ယဉ်ကျေးမှုနှင့် ဘာသာရေးအရပါ အလွန်တရာ နီးစပ်မှုရှိပုံကို ထည့်သွင်းပြောကြားခဲ့ပါသည်။ ထို့ပြင် ပြည်ပတွင် တာဝန်ထမ်းဆောင်နေကြသည့် သံတမန်များနှင့် ပညာတော်သင်များအတွက် အရေးကြီးသော အောက်ပါလမ်းညွှန်ချက်များကို ယခုကဲ့သို့ တိုက်တွန်းခဲ့ပါသည်-
“ပြည်ပတွင် တာဝန်ထမ်းဆောင်နေကြသူများအနေဖြင့် မိမိတို့နိုင်ငံ၏ အကျိုးစီးပွားအတွက် စည်းလုံးညီညွတ်စွာ ဆောင်ရွက်ကြရန် လိုအပ်ပါသည်။ မိမိတို့၏ အားလပ်ချိန်များကို အကျိုးရှိစွာ အသုံးချပြီး အင်္ဂလိပ်စာနှင့် ကွန်ပျူတာနည်းပညာများကို ဆက်လက်လေ့လာ ဆည်းပူးကြရပါမည်။ ထိုသို့ကြိုးပမ်းခြင်းဖြင့် အနာဂတ်တွင် မိမိတို့နိုင်ငံတော်အတွက် အားကိုးအားထားပြုရသည့် တိုင်းပြည်အတွက် အမှန်တကယ်စွမ်းဆောင်နိုင်သူများ ဖြစ်လာစေရန် ကြိုးပမ်းကြစေလိုကြောင်း တိုက်တွန်းခဲ့ပါသည်။”
၇၈ နှစ်တာ သံတမန်ခရီးနှင့် အခြေခံအုတ်မြစ်ခိုင်မာမှု
၂၀၂၆ ခုနှစ် မေလ ၃၁ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် “မြန်မာ–အိန္ဒိယ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆွေးနွေးပွဲ”သည် နှစ်နိုင်ငံအကြား စီးပွားရေးအခွင့်အလမ်းအသစ်များကို ဖော်ဆောင်ပေးနိုင်ခဲ့သည့် အရေးပါသော မှတ်တိုင်တစ်ခု ဖြစ်ခဲ့ပါသည်။
အဆိုပါ ဆွေးနွေးပွဲတွင် နိုင်ငံတော်သမ္မတက တက်ရောက်၍ အဖွင့်မိန့်ခွန်းကို ဂုဏ်ပြုပြောကြား ခဲ့ပါသည်။ နိုင်ငံတော်သမ္မတက မြန်မာနှင့် အိန္ဒိယသည် ကုန်းမြေရော ပင်လယ်ပြင်ပါ နယ်နိမိတ်ချင်း ထိစပ်နေသည့် “အိမ်နီးချင်းကောင်း” နိုင်ငံများ ဖြစ်ကြသကဲ့သို့ ဗုဒ္ဓဘာသာနှင့် ယဉ်ကျေးမှုအရ နက်ရှိုင်းစွာ ဆက်နွှယ်နေမှုသည် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများအတွက် ခိုင်မာလှသော အခြေခံ အုတ်မြစ်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့ပါသည်။
ယခုအခါ မြန်မာ–အိန္ဒိယ သံတမန်ဆက်ဆံရေး သည် ၇၈ နှစ်တိုင်တိုင် သက်တမ်းရှည်ကြာ ခိုင်မြဲခဲ့ ပြီဖြစ်ပါသည်။ ထို့ပြင် အိန္ဒိယနိုင်ငံ၏ အဓိက နိုင်ငံခြားရေးမူဝါဒများဖြစ်သော အရှေ့မျှော်မူဝါဒ (Act East Policy) နှင့် အိမ်နီးချင်းဦးစားပေးမူဝါဒ (Neighbourhood First Policy) တို့သည် မြန်မာ နိုင်ငံ၏ ဒေသတွင်းစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အရှိန်အဟုန်မြှင့်တင်ရေး မဟာဗျူဟာများနှင့် ကောင်းစွာကိုက်ညီ အထောက်အကူပြုလျက်ရှိပါကြောင်း လေးနက်စွာ ထောက်ပြခဲ့ပါသည်။
နှစ်နိုင်ငံကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ပကတိအခြေအနေ
ဆွေးနွေးပွဲတွင် နှစ်နိုင်ငံအကြား လက်ရှိဖြစ်ပေါ် တိုးတက်နေသော စီးပွားရေးအခြေအနေများနှင့် စပ်လျဉ်း၍ အပြုသဘောဆောင်သော ဆွေးနွေးမှုများကို ပြုလုပ်ခဲ့ကြပါသည်။ လက်ရှိတွင် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံကုန်သွယ်မှုပမာဏသည် နှစ်စဉ်ပျမ်းမျှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံခန့် ရှိနေပြီ ဖြစ်ပါသည်။
အိန္ဒိယနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများသည် မြန်မာနိုင်ငံအတွက် အဓိကကျသော ကဏ္ဍကြီးများတွင် ပါဝင်လျက်ရှိပြီး စက်မှုကဏ္ဍ၊ ရေနံနှင့်သဘာဝ ဓာတ်ငွေ့ကဏ္ဍ၊ ပို့ဆောင်ရေးနှင့် ဝန်ဆောင်မှုကဏ္ဍ၊ စိုက်ပျိုးမွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍ စသည့် ကဏ္ဍစုံတွင် ပါဝင်လျက်ရှိပါသည်။
ရှေ့ဆက်ဦးစားပေးအကောင်အထည်ဖော်မည့် အနာဂတ်စီမံကိန်းများနှင့် အခွင့်အလမ်းများ
ယခုဆွေးနွေးပွဲ၏ ထူးခြားချက်မှာ အနာဂတ်တွင် နှစ်နိုင်ငံလုံး နှစ်ဦးနှစ်ဖက်အကျိုးရှိ (Win-Win) စေရန် အဓိကကဏ္ဍများ တိုးမြှင့်ခြင်း၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (MSME) နှင့် စက်မှုဇုန်များ မြှင့်တင်ခြင်း၊ စွမ်းဆောင်ရည် မြှင့်တင်ခြင်း၊ မဟာဗျူဟာမြောက် ချိတ်ဆက်မှု စီမံကိန်းများ၊ စီးပွားရေးဇုန်များ ဖွံ့ဖြိုးရေး စသည့် ဦးစားပေး အကောင်အထည်ဖော်မည့် စီမံကိန်းများ နှင့် စီးပွားရေးအခွင့်အလမ်းများကို အလေးထား ဆွေးနွေးနိုင်ခဲ့ခြင်း ဖြစ်ပါသည်။
မြန်မာ–အိန္ဒိယ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆွေးနွေးပွဲသည် နှစ်နိုင်ငံအကြား တည်ရှိပြီး သား နှောင်ကြိုးကို အခြေခံကာ ခေတ်ကာလနှင့်အညီ ကုန်သွယ်ရေး၊ အခြေခံအဆောက်အအုံနှင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတို့အထိ လက်တွေ့ကျကျ ပူးပေါင်းဆောင်ရွက်နိုင်ခဲ့သည့် အလွန်အောင်မြင်သော စီးပွားရေးသံတမန်ရေးရာ မှတ်တိုင်သစ်တစ်ခုဖြစ်ပါသည်။
ခရီးစဉ်၏ အရေးပါဆုံး အစိတ်အပိုင်းနှင့် အိန္ဒိယဝန်ကြီးချုပ်၏ လှိုက်လှဲသော ကြိုဆိုမှု
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် အိန္ဒိယနိုင်ငံဝန်ကြီးချုပ် H.E. Shri Narendra Modi တို့၏ ၂၀၂၆ ခုနှစ် ဇွန်လ ၁ ရက်နေ့ တွေ့ဆုံဆွေးနွေးမှုသည် ယခုခရီးစဉ်တစ်ခုလုံး၏ အရေးပါဆုံးနှင့် အဓိက အကျဆုံး အစိတ်အပိုင်းတစ်ရပ် ဖြစ်ခဲ့ပါသည်။
တွေ့ဆုံမှုအတွင်း ခေါင်းဆောင်နှစ်ဦးက နှစ်နိုင်ငံအကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေး၊ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အရှိန်မြှင့်တင်ရေးနှင့် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြပါသည်။
ထို့ပြင် ဒေသတွင်း စီးပွားရေးချိတ်ဆက်မှုကို အဓိကမောင်းနှင်မည့် မဟာဗျူဟာမြောက် စီမံကိန်းကြီးများဖြစ်သည့် “ကုလားတန်ဘက်စုံသုံး သယ်ယူပို့ဆောင်ရေးစီမံကိန်း (Kaladan Multi-Modal Transit Transport Project)” နှင့် “အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ အဝေးပြေးလမ်းမကြီး(India–Myanmar–Thailand Trilateral Highway)” များကို ဆက်လက်အကောင်အထည်ဖော်၍ ဒေသတွင်း စီးပွားရေးချိတ်ဆက်မှုများ ပိုမိုအားကောင်းလာစေ ရေးနှင့် မြန်မာနိုင်ငံတွင် အိန္ဒိယစီးပွားရေးလုပ်ငန်းရှင်များ၏ ရင်းနှီးမြှုပ်နှံမှုများ တိုးချဲ့ဆောင်ရွက် နိုင်ရေးတို့ကို အလေးထားဆွေးနွေးခဲ့ကြပါသည်။
ဆွေးနွေးပွဲအတွင်း နှစ်နိုင်ငံပြည်သူများအတွက် အကျိုးဖြစ်ထွန်းစေမည့် နှစ်ဦးနှစ်ဖက် အကျိုးရှိ (Win-Win)သည့် ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်သွားရန် အလေးထားခဲ့ကြပြီး နိုင်ငံတော် သမ္မတက မြန်မာနိုင်ငံ၏ စီးပွားရေးအရ အလား အလာ ကောင်းမွန်သောကဏ္ဍများဖြစ်သည့် စိုက်ပျိုး ရေး၊ မွေးမြူရေး၊ ဆေးဝါးထုတ်လုပ်ရေး၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (MSME)၊ ချည်မျှင်နှင့် အထည်အလိပ်လုပ်ငန်း၊ ဒီဂျစ် တယ်နည်းပညာနှင့် ဝန်ဆောင်မှုကဏ္ဍများတွင် အိန္ဒိယလုပ်ငန်းရှင်များ လာရောက်ရင်းနှီးမြှုပ်နှံကြ ရန် ဖိတ်ခေါ်ခဲ့ပါသည်။
ထိုသို့ ဖိတ်ခေါ်ရာတွင် အိန္ဒိယနိုင်ငံ၏ ခေတ်မီ နည်းပညာ၊ အရင်းအနှီးများနှင့် မြန်မာနိုင်ငံတွင် ရှိရင်းစွဲဖြစ်သော သဘာဝသယံဇာတ၊ ပထဝီဝင် အနေအထားအရ တည်နေရာ အားသာချက် များကို စနစ်တကျပေါင်းစပ်အသုံးချခြင်းဖြင့် နှစ်နိုင်ငံလုံး အချိုးကျအကျိုးတူ ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်နိုင်မည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။
ထို့ပြင် ဝန်ကြီးချုပ် မိုဒီက အိန္ဒိယနိုင်ငံ၏ အဓိကကျသော နိုင်ငံခြားရေးမူဝါဒကြီးများဖြစ်သည့် “Neighbourhood First” (အိမ်နီးချင်း ဦးစားပေး မူဝါဒ)၊ “Act East” (အရှေ့မျှော်မူဝါဒကို အကောင် အထည်ဖော်ရေး မူဝါဒ)နှင့်“Indo-Pacific”(အိန္ဒိယ- ပစိဖိတ်ဒေသဆိုင်ရာ မဟာဗျူဟာ)တို့တွင် မြန်မာနိုင်ငံသည် အလွန် အရေးပါသော မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံ ဖြစ်ကြောင်း အလေးပေးပြောကြားခဲ့ပြီး နှစ်နိုင်ငံ ဆက်ဆံရေးကဏ္ဍစုံကိုလည်း ဘက်စုံပြန်လည် သုံးသပ်ဆွေးနွေးခဲ့ကြပါသည်။ ဝန်ကြီးချုပ် မိုဒီက မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသတွင်း တည်ငြိမ်ရေးတို့အတွက် အိန္ဒိယနိုင်ငံအနေဖြင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ် ကြောင်း အလေးထားပြောကြားခဲ့ပြီး နှစ်နိုင်ငံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို ပိုမိုတိုးတက် ခိုင်မာစေရေး ဆက်လက်ဆောင်ရွက်သွားရန် သဘောတူညီခဲ့ကြပါသည်။
ဝန်ကြီးချုပ် မိုဒီ၏ အဆိုပါပြောကြားချက်များသည် မြန်မာနိုင်ငံ၏ မဟာဗျူဟာမြောက် အရေးပါမှု ကို ထင်ဟပ်စေသကဲ့သို့ မြန်မာ–အိန္ဒိယ ဆက်ဆံရေးသည် သာမန်ချစ်ကြည်ရေးအဆင့်ကို ကျော်လွန်၍ ဒေသတွင်းတည်ငြိမ်ရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးနှင့် အင်ဒို-ပစိဖိတ် ဒေသဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများအထိ ကျယ်ပြန့်လာနေကြောင်း ပြသနေပါသည်။
တွေ့ဆုံဆွေးနွေးမှုအပြီးတွင် ဝန်ကြီးချုပ် နာရန် ဒရာမိုဒီက နိုင်ငံတော်သမ္မတ၏ ပထမဆုံး ပြည်ပ ခရီးစဉ်နှင့်ပတ်သက်၍ သူ၏တရားဝင် “X” လူမှု ကွန်ရက်မှတစ်ဆင့် ၂၀၂၆ ခုနှစ် ဇွန်လ ၁ ရက်နေ့ တွင် ယခုကဲ့သို့ လှိုက်လှဲစွာ ထုတ်ဖော်ပြောကြားခဲ့ပါသည်-
“မြန်မာနိုင်ငံသမ္မတ ဦးမင်းအောင်လှိုင်နှင့် အောင်မြင်ဖြစ်ထွန်းသော တွေ့ဆုံဆွေးနွေးမှုတစ်ရပ် ပြုလုပ်ခဲ့ပါသည်။ နိုင်ငံတော်သမ္မတအဖြစ် တာဝန်ထမ်းဆောင်ပြီးနောက် ပထမဆုံးပြည်ပခရီးစဉ် အဖြစ် အိန္ဒိယနိုင်ငံကို ရွေးချယ်ခဲ့ခြင်းအတွက် ကျွန်ုပ်တို့ အိန္ဒိယနိုင်ငံအနေဖြင့် ဂုဏ်ယူဝမ်းမြောက် မိပါသည်။ ထို့အတူပင် ယခုခရီးစဉ်ကို ဗုဒ္ဓမြတ်စွာ ဘုရားပွင့်တော်မူရာ ဗုဒ္ဓဂယာမြို့မှ စတင်ခဲ့ခြင်းမှာ ဗုဒ္ဓ၏ ကောင်းချီးမင်္ဂလာဖြင့် စတင်ခြင်းဖြစ်၍ ပိုမိုအဓိပ္ပာယ်ရှိလှပါသည်။
ကျွန်ုပ်တို့သည် အိန္ဒိယ-မြန်မာ နှစ်နိုင်ငံဆက်ဆံ ရေးကဏ္ဍစုံကို ဘက်စုံပြန်လည်သုံးသပ်ဆွေးနွေး ခဲ့ကြပါသည်။ မြန်မာနိုင်ငံသည် အိန္ဒိယနိုင်ငံ၏ “Neighbourhood First” (အိမ်နီးချင်း ဦးစားပေး မူဝါဒ)၊ “Act East” (အရှေ့မျှော်မူဝါဒ) နှင့် “Indo-Pacific” (အိန္ဒိယ-ပစိဖိတ်ဒေသဆိုင်ရာ မဟာ ဗျူဟာ) မူဝါဒများအတွက် မရှိမဖြစ် အလွန်အရေးပါသောနိုင်ငံ ဖြစ်ပါသည်။”
နာရန်ဒရာမိုဒီ
ယင်းသို့ ထုတ်ဖော်ပြောကြားချက်သည် နှစ်နိုင်ငံအကြား တည်ရှိနေသည့် နက်ရှိုင်းသော ယဉ်ကျေးမှု နှင့် ဘာသာရေးဆိုင်ရာ နှောင်ကြိုးများကို ပိုမိုထင်ဟပ်ပေါ်လွင်စေခဲ့ပါသည်။
(ဆက်လက်ဖော်ပြပါမည်)


