ရန်ကုန် ဇွန် ၈
ရန်ကုန်မြို့ လှိုင်မြို့နယ်ရှိ သီရိမင်္ဂလာဈေး၌ ယနေ့တွင် ဒူးရင်းသီးများ လက်လီ၊ လက်ကား ရောင်းချလျက်ရှိရာ ဝယ်ယူစားသုံးမှုများသည့်အတွက် ဒူးရင်းသီးများ အရောင်းသွက်နေကြောင်း အဆိုပါဈေးမှ သိရသည်။
“စားသုံးသူများတဲ့အတွက် ဒီနှစ်လည်း ရောင်းအားကောင်းတယ်။ မြန်မာမျိုး၊ ထိုင်းမျိုး ရှိပေမယ့် စားသုံးသူက သူ့အကြိုက်နဲ့သူမို့ အကုန်ရောင်းရပါတယ်။ နယ်တွေက အမှာတွေကို အများဆုံး တင်ပို့ရောင်းချနေ ရပါတယ်” ဟု သီရိမင်္ဂလာဈေး ဒူးရင်းသီးဒိုင်မှ ဦးမောင်ထွန်းက ပြောသည်။ မြန်မာနိုင်ငံတွင် ဒူးရင်းသီးကို မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့မှ အဓိကစိုက်ပျိုးထွက်ရှိပြီး စားသုံးသူဈေးကွက်တွင် မြန်မာ့ဒူးရင်းအပြင် ထိုင်းဒူးရင်းသီးများကိုလည်း ဝယ်ယူ စားသုံးကြသည်။
ရန်ကုန်တိုင်းဒေသကြီးရှိ လှည်းကူး၊ မှော်ဘီ၊ ကော့မှူး၊ တွံတေး တို့တွင် ဒူးရင်းသီးစိုက်ပျိုးမှုရှိပြီး ဝယ်လိုအားများသော စီးပွားဖြစ်နှစ်ရှည်သီးနှံဖြစ်သည့်အတွက် ယခုမိုးရာသီတွင် တိုက်ကြီးမြို့နယ် ဥက္ကံတွင် တိုးချဲ့စိုက်ပျိုးမှုရှိကြောင်း ရန်ကုန်မြို့ ဒူးရင်းအစုအဖွဲ့မှ သိရသည်။ ဒူးရင်းသီးသည် အပူဓာတ်များသည့် အသီးအနှံဖြစ်သည့်အတွက် ဒူးရင်းသီးနှင့် မင်းဂွတ်သီးကို တွဲဖက်စားသုံးခြင်းဖြင့် အပူကြောင့်ဖြစ်ပေါ်နိုင်သည့် ဘေးထွက်ဆိုးကျိုးကို ကာကွယ်ကြကြောင်း သိရသည်။
သစ္စာ(mna)၊ ဓာတ်ပုံ - ဇွဲမာန်


