မြစ်ကြီးနား ဖေဖော်ဝါရီ ၁၉
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့် အတူ ယနေ့နံနက်ပိုင်းက မြစ်ကြီးနားမြို့ပေါ်ရှိ အခြေခံပညာ အထက်တန်းကျောင်းများ၌ Grade-12 အောင်ချက်မြင့်မားရေး Face To Face သင်ကြားပို့ချနေမှုကို ကြည့်ရှုအားပေးသည်။
ဦးစွာ မြစ်ကြီးနားမြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း အေးမြသီတာ ခန်းမ၊ အမှတ်(၉) အခြေခံပညာအထက်တန်းကျောင်း ရွှေသွေးခန်းမနှင့် ပမ္မတီးရပ်ကွက်ရှိ အမှတ်(၄) အခြေခံပညာ အထက်တန်းကျောင်းခန်းမတို့၌ မြို့နယ် အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများနှင့် ပုဂ္ဂလိကပိုင် အထက်တန်းကျောင်းများမှ ကျောင်းသား ကျောင်းသူများအား မြစ်ကြီးနားတက္ကသိုလ်မှ ပါမောက္ခ ဌာနမှူးများနှင့် ဆရာ ဆရာမများက သင်ကြားပို့ချနေမှုကို ကြည့်ရှုစစ်ဆေးပြီး ကျောင်းသား ကျောင်းသူများကို အားပေးစကား ပြောကြား၍ ဆရာဆရာမများ အတွက် ချီးမြှင့်ငွေများ ပေးအပ်သည်။
ယမန်နေ့ ညနေပိုင်းကလည်း ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခ ခန်းမ၌ကျင်းပသည့် ကချင်ပြည်နယ် လူငယ်ငြိမ်းချမ်းရေး ဖိုရမ် (၂၀၂၆) အောင်မြင်စွာ ကျင်းပနိုင်ရေး ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကား ပြောကြားသည်။
ထို့နောက် ပြည်နယ်လူမှုရေးရာဝန်ကြီးက လူငယ်ငြိမ်းချမ်းရေး ဖိုရမ်ကို မြစ်ကြီးနားတက္ကသိုလ်၌ ကျင်းပရန် စီစဉ်ဆောင်ရွက်ထားရှိမှုနှင့် လူငယ်ကိုယ်စားလှယ်များ ဖိတ်ခေါ်ထားရှိမှုကို ရှင်းလင်းတင်ပြပြီး ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာန ပြည်နယ်ဦးစီးမှူးက လူငယ်ငြိမ်းချမ်းရေး ဖိုရမ်ကျင်းပမည့် အသေးစိတ် အစီအမံများနှင့် လုပ်ငန်းကော်မတီ အဖွဲ့ဝင်များက ကဏ္ဍအလိုက် ကြိုတင်ပြင်ဆင်ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ယင်းနောက် မြန်မာနိုင်ငံ လီဆူစာပေနှင့်ယဉ်ကျေးမှု ဗဟိုကော်မတီကကြီးမှူး၍ လီဆူရိုးရာ ယဉ်ကျေးမှု ကွင်းအတွင်း ကျင်းပသည့် ၂၀၂၆ ခုနှစ် လီဆူခေါ့ရှိ နှစ်သစ်ကူး အထိမ်းအမှတ်ဂုဏ်ပြု ပွဲအခမ်းအနားသို့ တက်ရောက်သည်။
အခမ်းအနားတွင် မြန်မာနိုင်ငံ လီဆူစာပေနှင့်ယဉ်ကျေးမှု ဗဟိုကော်မတီဥက္ကဋ္ဌက လီဆူခေါ့ရှိ နှစ်သစ်ကူးပွဲတော် ကျင်းပရခြင်းကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က အမှာစကား ပြောကြားကာ လီဆူခေါ့ရှိ နှစ်သစ်ကူးပွဲတော်အတွက် ထောက်ပံ့ငွေကျပ် သိန်း ၅၀ ကို ဗဟိုကော်မတီဥက္ကဋ္ဌထံ ပေးအပ်သည်။
ဆက်လက်၍ လီဆူတိုင်းရင်းသားများ၏ တေးသီချင်း၊ ရိုးရာ ယဉ်ကျေးမှု အကအလှများဖြင့် သီဆိုဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုအားပေးပြီး ပွဲတော်ကာလ အတွင်း ကျင်းပပြုလုပ်ခဲ့သော လီဆူတိုင်းရင်းသားမျိုးနွယ်စုတို့၏ ဒူးလေးပစ်ပြိုင်ပွဲ၊ ဖူဆယ် ဘောလုံးပြိုင်ပွဲ၊ ဘော်လီဘော ပြိုင်ပွဲ၊ အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် ဂေါက်သီးရိုက်ပြိုင်ပွဲ တို့တွင် ဆုရရှိသူများနှင့် အသင်းများကို ဂုဏ်ပြုဆုတံဆိပ်နှင့် ချီးမြှင့်ငွေများပေးအပ်ကာ လီဆူရိုးရာ ယဉ်ကျေးမှုအဖွဲ့များ၊ ဒေသခံ တိုင်းရင်းသားများနှင့်အတူ ပွဲတော်ကို တပျော်တပါး စုပေါင်းဆင်နွှဲခဲ့ကြကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)


