တရုတ်-အမေရိကန် သဘောတူညီချက်အပြီးမှာ အာရှငွေကြေးဈေးကွက် အနည်းငယ်ပြေလျော့လာ

၃ ဒီဇင်ဘာ

 

အမေရိကန်နိုင်ငံက တရုတ်နိုင်ငံအပေါ် အခွန်တိုးမြှင့်ကောက်မှု သုံးလ ရပ်ဆိုင်းလိုက်ပြီဆိုတဲ့ သဘောတူညီချက် ရရှိပြီးနောက်  ဟောင်ကောင်နဲ့ ရှန်ဟိုင်း ငွေကြေးဈေးကွက်မှာ ဒီကနေ့ (တနင်္လာနေ့)ဈေးအဖွင့် ငွေကြေးဈေးကွက် အနည်းငယ် ခိုင်မာလာတာကို တွေ့ရပါတယ်။ 

 

ပြီးခဲ့တဲ့ ရုံးပိတ်ရက်အတွင်းက ကျင်းပခဲ့တဲ့ ကမ္ဘာ့စီးပွားရေး ထိပ်သီးနိုင်ငံများ ဆွေးနွေးပွဲ (G20)မှာ အမေရိကန်သမ္မတနဲ့ တရုတ်သမ္မတတို့ကြား သူတစ်ပြန်ကိုယ်တစ်ပြန် အခွန်တိုးကောက်နေခြင်းကို ခေတ္တရပ်ဆိုင်းလိုက်ကြောင်း သဘောတူညီမှု ရရှိလိုက်ပါတယ်။ 

 

ဒီရပ်ဆိုင်းမှုဟာ ဇန်နဝါရီလ ၁ ရက်ကနေ ရက်ပေါင်း ၉၀ ဖြစ်ပါတယ်။ ဒီရက် ၉၀ အတွင်းမှာ တရုတ်က အမေရိကန်ဆီကနေ ကုန်ပစ္စည်းတွေ ပိုဝယ်ရမှာဖြစ်ပါတယ်။ သဘောတူညီချက် ပျက်ပြားပါက အခွန်တိုးကောက်မှုကို လက်ရှိ ၁၀ ရာခိုင်နှုန်းကနေ ၂၅ ရာခိုင်နှုန်းအထိ တိုးသွားမယ်လို့ သိရပါတယ်။ 

 

ကမ္ဘာ့စီးပွားရေး အင်အားကြီးနှစ်နိုင်ငံကြား သဘောတူညီချက် ရရှိအပြီး အာရှငွေကြေးဈေးကွက်မှာ ၁.၄ ရာခိုင်နှုန်းကနေ ၂ ရာခိုင်နှုန်းအထိ တက်သွားကြောင်းသိရပါတယ်။ 

 

MDN
ကိုးကား- AFP