စည်းလုံးညီညွတ်ခြင်းဖြင့် ငြိမ်းချမ်းရေး

 

အတိတ်သမိုင်းကို ပြန်ကြည့်လျှင် ယနေ့ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဟူ၍ တည်ရှိနေသော ပိုင်နက်နယ်မြေ ပေါ်တွင် တိုင်းရင်းသား သွေးချင်းများ အတူတကွ နေထိုင် ခဲ့ကြသည်မှာ ငြင်း၍မရသော အမှန်တရားပင်ဖြစ်သည်။ မိမိတို့ တစ်နိုင်ငံတည်းသာမဟုတ်၊ အိမ်နီးချင်းနိုင်ငံများ ဖြစ်သည့် အိန္ဒိယ၊ တရုတ်၊ ထိုင်း စသည့်နိုင်ငံများသည်လည်း ဒေသအလိုက် တိုင်းရင်းသားစုံ ပဒေသရာဇ်စနစ်ဖြင့် ရပ်တည် ခဲ့ကြခြင်းဖြစ်သည်။

 

အနောက်တိုင်းမှ ကိုလိုနီနယ်ချဲ့အရင်းရှင်စနစ် အရှေ့တိုင်းနိုင်ငံများသို့ ကျူးကျော်ဝင်ရောက်လာခဲ့ပြီးသည့် နောက် အာရှ၏ ပဒေသရာဇ်နိုင်ငံများစွာ နယ်ချဲ့လက်အောက် ကျရောက်ခဲ့ရသည်။ စစ်အင်အားဖြင့် ဝင်ရောက်သိမ်းပိုက် ပြီးနောက် သိမ်းပိုက်ခံနိုင်ငံ၏ ရေ၊ မြေ၊ သဘာဝသယံဇာတ များကို ၎င်းတို့စိတ်ကြိုက် စီမံခန့်ခွဲခြယ်လှယ်ကာ ဒေသခံ လူမျိုးများကိုလည်း ၎င်းတို့၏ လက်အောက်ခံလူမျိုးများ အဖြစ် ဖိနှိပ်အုပ်ချုပ်ခဲ့ကြသည့်အပြင် အလွယ်တကူအုပ်ချုပ် နိုင်ရန်အတွက် လက်အောက်ခံလူမျိုးများအကြား သွေးခွဲ ရန်တိုက်ပေးမှုများကို စနစ်တကျ အစီအစဉ်ရှိရှိပြုလုပ်ခဲ့ ကြသည်။ အိန္ဒိယတွင် အစ္စလာမ်ဘာသာဝင်များနှင့် ဟိန္ဒူ ဘာသာဝင်များအကြား၊ သီရိလင်္ကာ (သီဟိုဠ်) တွင် ဆင်ဟာလီ (ဗုဒ္ဓဘာသာဝင်) များနှင့် တမီလ် (ဟိန္ဒူဘာသာဝင်) များအကြား၊ မြန်မာနိုင်ငံတွင် ချင်း၊ ကချင်၊ ရှမ်း၊ ကရင်နှင့် ဗမာ လူမျိုးများအကြား သွေးခွဲခဲ့ပြီး အခြားနိုင်ငံများတွင်လည်း ထိုနည်းလည်းကောင်းပင်ဖြစ်သည်။

 

 လူမျိုးတစ်မျိုးနှင့် တစ်မျိုးကြား၊ ဒေသတစ်ခုနှင့် တစ်ခု အကြား ခွဲခြားအုပ်ချုပ်ခြင်း၊ ဖွံ့ဖြိုးမှု မတူညီစေခြင်း၊ လူများစု ကို ဖိနှိပ်ထားပြီး လူနည်းစုကို အခွင့်အရေး ပိုပေးခြင်း စသည့် နည်းလမ်းများဖြင့် လက်အောက်ခံ ကျွန်လူမျိုးများကြား အမုန်းတရားများ၊ အမြင်မကြည်လင်မှုများ၊ သံသယများ၊ အာဃာတများ ဖြစ်ပေါ်လာစေသည့်အပြင် ယင်းပြဿနာများ သည် နယ်ချဲ့အရှင်သခင်များ၏ ပယောဂမပါဘဲ ကျွန်လူမျိုးများ အချင်းချင်းကြား သူ့အလိုလို ဖြစ်ပေါ်လာသယောင် အထင်ရောက်အောင်လည်း ဖန်တီးခဲ့ကြခြင်းဖြစ်ရာလက်သည် မပေါ်အောင် ပညာသားပါပါ ကောက်ကျစ် ယုတ်မာစွာ ပြုလုပ် ခဲ့ကြခြင်းဖြစ်သည်။ ယင်းသို့ ပြုလုပ်ရာတွင် နယ်ချဲ့ဝါဒီ ပညာရှင်များ၊ နယ်ချဲ့ဝါဒီ သမိုင်းဆရာများ၊ နယ်ချဲ့ဝါဒီ သတင်းစာ ဆရာ၊ စာရေးဆရာများနှင့်တကွ လက်အောက်ခံ နိုင်ငံသားများထဲမှ နယ်ချဲ့အလိုတော်ရိများ၏ အခန်းကဏ္ဍက လည်း ကြီးမားလှသည်။ ၎င်းတို့က ကျူးကျော်သူနယ်ချဲ့တို့၏ ယုတ်မာရက်စက်မှု၊ ဖိနှိပ်ချုပ်ချယ်မှု၊ ကုပ်သွေးစုပ် အမြတ် ထုတ်ယူမှုတို့ကို မှိန်ပျောက်သွားအောင် ဖုံးကွယ်ပေးကြပြီး နယ်ချဲ့တို့ကြောင့် ကျွန်နိုင်ငံများ ဖွံ့ဖြိုးတိုးတက်သွားကြသည်။ ပညာတတ်မြောက်သွားကြသည်။ ယဉ်ကျေးမှုမြင့်မားသွားကြသည် စသည်ဖြင့် အထင်ရောက်အောင် လိမ်လည်ချဲ့ကား အမွှမ်းတင်ပေးကြသူများပင် ဖြစ်သည်။

 

လွန်ခဲ့သည့် နှစ်ပေါင်း ၇၆ နှစ်ကျော်ကာလက မိမိတို့၏ အဘိုးအဘွား၊ တောင်ပေါ်မြေပြန့်တိုင်းရင်းသားတို့သည် ပြည်ထောင်စုစိတ်ဓာတ်၊ မျိုးချစ်စိတ်ဓာတ်ဖြင့် စည်းလုံးညီ ညွတ်ကြလျက် နယ်ချဲ့၏ သွေးခွဲသပ်လျှိုမှုကို ကျော်လွှားကာ လွတ်လပ်ရေးကို အရယူခဲ့ကြသည်။ အချုပ်အခြာအာဏာပိုင် လွတ်လပ်သော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီးကို တည်ထောင်ခဲ့ကြသည်။ လွတ်လပ်ပြီးပါမှ အကင်းမသေသော သံသယတို့က တစ်ဖန်ပြန်လည် နိုးထကာ မငြိမ်းချမ်းသော ဘဝသို့ ရောက်ခဲ့ရသည်။ ကာလရှည်ကြာ တည်ရှိနေခဲ့သော တိုင်းရင်းသားပြည်သူလူထု တစ်ရပ်လုံး၏ အစစ်အမှန်ဆန္ဒမှာ ထာဝရငြိမ်းချမ်းရေးပင်ဖြစ်ရာ ပြည်ထောင်စုကြီးတစ်ခုလုံး အကြားအလပ်မရှိ ငြိမ်းချမ်းရေးအတွက် ခေတ်သမိုင်းကို ဖန်တီးနိုင်စွမ်းရှိသူတိုင်း၊ ပြည်သူတစ်ယောက်ချင်းစီတိုင်းက ဖန်တီးဖော်ဆောင် နိုင်ကြပါစေကြောင်း။

 

မြန်မာ့အလင်း