နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်း သယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှု ဗဟိုကော်မတီ (တတိယအကြိမ်) အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

 

 

နေပြည်တော်  အောက်တိုဘာ  ၃

 

နိုင်ငံအဆင့်ပင်လယ်ကမ်းရိုးတန်း သယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှု ဗဟိုကော်မတီ၏ တတိယအကြိမ်အစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာန အင်ကြင်းခန်းမ၌ ကျင်းပရာ နိုင်ငံအဆင့်ပင်လယ် ကမ်းရိုးတန်း သယံဇာတစီမံအုပ်ချုပ် လုပ်ကိုင်မှုဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်အမှာစကား ပြောကြားသည်။

 

အစည်းအဝေးသို့ ဗဟိုကော်မတီဝင် ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ရေ)မှ တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များနှင့် တာဝန်ရှိသူများက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။ အစည်းအဝေးတွင် ဗဟို ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က အမှာစကား ပြောကြားရာတွင် ယနေ့ကျင်းပသည့် အစည်းအဝေး ကို “နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်းသယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှုဗဟိုကော်မတီ” ၏ တတိယ အကြိမ်အစည်းအဝေးတွင် ဗဟိုကော်မတီပထမအကြိမ်နှင့် ဒုတိယအကြိမ် အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်မှုများ ရှင်းလင်းတင်ပြပေးနိုင်ရေးနှင့် ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်များ ဆက်လက်အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရန် ကျင်းပခြင်းဖြစ်ကြောင်း။ ဗဟိုကော်မတီအစည်းအဝေးများ ကျင်းပ ဆောင်ရွက်ပြီး ပင်လယ်ကမ်းရိုးတန်း သယံဇာတ စီမံအုပ်ချုပ်မှုဆိုင်ရာ လုပ်ငန်းကဏ္ဍများအကြား ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်နိုင်ခဲ့သည့် ရလဒ်များအဖြစ် နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်းသယံဇာတ ဘက်စုံစီမံအုပ်ချုပ်လုပ်ကိုင်မှုအစီအစဉ် (Integrated Coastal Management-ICM) ဖော်ထုတ် နိုင်ခဲ့မှု၊ မြန်မာနိုင်ငံ ကမ်းခြေစောင့်တပ်ဖွဲ့ ဖွဲ့စည်းနိုင်ခဲ့မှု၊ ပင်လယ်ပြင်ညစ်ညမ်းမှု ထိန်းချုပ်ရေးဥပဒေ အပြီးသတ်ရေးသားနိုင်ခဲ့မှု၊ အဏ္ဏဝါဂေဟစနစ် တန်ဖိုးမြင့်မားပြီး ဇီဝမျိုးစုံမျိုးကွဲကြွယ်ဝသည့်နေရာများကို ငါးမဖမ်းရနယ်မြေများ သတ်မှတ်နိုင်ခဲ့မှု၊ ပင်လယ်ကမ်းရိုးတန်းဒေသတိုင်းဒေသကြီး၊ ပြည်နယ်များ၌ ဒီရေတောများ၊ ကြိုးဝိုင်း - ကြိုးပြင်ကာကွယ်တောများ တိုးချဲ့ဖွဲ့စည်းနိုင်ခဲ့မှု၊ ကိုကိုးကျွန်းအပါအဝင် ကမ်းရိုးတန်းမြို့နယ် ၆၀ ၌ ဒီရေတောနှင့် အရိပ်ရပင် တစ်အုပ်တစ်မစိုက်ခင်းများ တည်ထောင်စိုက်ပျိုးနိုင်ခဲ့မှု၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ရေ) ၏ ဦးဆောင်ကြီးကြပ်မှုနှင့် ပင်လယ်ပြင်ဥပဒေစိုးမိုးရေး မြှင့်တင်ဆောင်ရွက်နိုင်ခဲ့မှု စသည်တို့ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့သည်ကိုတွေ့ရကြောင်း။

 

ဖော်ထုတ်ဆောင်ရွက်

 

နိုင်ငံတော်အစိုးရအနေဖြင့် မြန်မာ့ပင်လယ်ကမ်းရိုးတန်း သယံဇာတများသည် နိုင်ငံရေရှည်ဖွံ့ဖြိုး ရေးအတွက်အ လားအလာကောင်းများစွာ ဖန်တီးပေးနိုင်သည့် သဘာဝသယံဇာတများအဖြစ် ရှုမြင်ပြီး သားစဉ်မြေးဆက် ရေရှည်ထိန်းသိမ်းအသုံးပြုနိုင်အောင် စီမံအုပ်ချုပ်ရန် ရည်မှန်းထားရှိကြောင်း၊ ထိုသို့ စီမံအုပ်ချုပ်သည့်အခါ ကမ္ဘာ့နိုင်ငံများနှင့် ဒေသတွင်း မိတ်ဖက်နိုင်ငံများ ဖော်ထုတ်ဆောင်ရွက်နေသည့် စီးပွားရေးနှင့် ပတ်ဝန်းကျင်ရေးရာ လုပ်ငန်းနယ်ပယ်များ၏ ဖွံ့ဖြိုးရေးမူဝါဒများ၊ သဘောတရားများနှင့်လည်း ချိတ်ဆက် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်သွား ကြရမည်ဖြစ်ကြောင်း။

 

ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့က ၂၀၃၀ ပြည့်နှစ် ကုလသမဂ္ဂစဉ်ဆက်မပြတ်ဖွံ့ဖြိုးရေး ရည်မှန်းချက် ၁၇ ရပ် ချမှတ်အကောင်အထည်ဖော်လျက်ရှိရာ ကမ္ဘာ့နိုင်ငံများက အပြာရောင်စီးပွားရေး(Blue Economy) သဘောတရားများ ဖော်ထုတ်ဆောင်ရွက်လာခဲ့ပြီး ဒေသတွင်း မိတ်ဖက်နိုင်ငံများ၌လည်း အကောင်အထည်ဖော် ဆောင်ရွက်လာကြသည်ကို လေ့လာ တွေ့ရှိရကြောင်း။

 

အပြာရောင်စီးပွားရေး၏ဆိုလိုရင်းမှာ ရာသီဥတု ပြောင်းလဲမှုလျှော့ချရေးနှင့်အတူ ပင်လယ်၊ သမုဒ္ဒရာ သယံဇာတများကို အသုံးချရေးနှင့် ထိန်းသိမ်းရေးကို ဟန်ချက်ညီစွာ ဆောင်ရွက်ပေးပြီး လူမှုစီးပွားဖွံ့ဖြိုး တိုးတက်မှုနှင့် ကြွယ်ဝချမ်းသာမှုများရရှိရေးအတွက် ပြည်သူများ ပူးပေါင်းပါဝင်မှုဖြင့် စီမံအုပ်ချုပ်သည့် စနစ်တစ်ရပ်ဖြစ်ကြောင်း။

 

အပြာရောင်စီးပွားရေး၏ အခြေခံသဘောတရား နှစ်ရပ်မှာ သဘာဝသယံဇာတများကို ကာကွယ်ခြင်း၊ ပြန်လည်တည်ထောင်ခြင်းနှင့် ပင်လယ်၊ သမုဒ္ဒရာနှင့် ကမ်းရိုးတန်းများတွင် စဉ်ဆက်မပြတ်ဖွံ့ဖြိုးနိုင်သော စီးပွားရေးလုပ်ငန်းများ၊ အခွင့်အလမ်းများအားလုံးကို စနစ်တကျ အသုံးချခြင်းတို့ ရရှိအောင်ဆောင် ရွက်ခြင်းဖြစ်ကြောင်း။

 

အဏ္ဏဝါဂေဟစနစ်များ စုံလင်စွာတည်ရှိ

 

မြန်မာနိုင်ငံ၏ အပြာရောင်စီးပွားရေး ဖော်ထုတ်နိုင်မည့် အလားအလာကို သုံးသပ်ရလျှင် နိုင်ငံ၏ ကမ်းရိုးတန်းသည် ကီလိုမီတာ ၂၈၀၀ ကျော် ရှည်လျားပြီး ဘင်္ဂလားပင်လယ်အော် ဒေသဂေဟ စနစ်တစ်ခုလုံး၏ ငါးပုံတစ်ပုံကို ပိုင်ဆိုင်ထားခြင်း၊ သဲသောင်ကမ်းခြေ ဂေဟစနစ်၊ ဒီရေတောဂေဟစနစ်၊ သန္တာကျောက်တန်းဂေဟစနစ်၊ ပင်လယ်မြက်ခင်း ဂေဟစနစ် စသည့် ကမ်းရိုးတန်းနှင့် အဏ္ဏဝါဂေဟစနစ်များ စုံလင်စွာတည်ရှိခြင်း၊ ရေထွက်ကုန်အမျိုးမျိုးနှင့် ပတ်ဝန်းကျင်ဆိုင်ရာဝန်ဆောင်မှု အမျိုးမျိုးထုတ်ယူအသုံးပြုနိုင်သည့် အခြေအနေရှိခြင်း၊ ကမ်းနီးကမ်းဝေးငါးဖမ်းလုပ်ငန်းများ ဆောင်ရွက်နိုင်ခြင်း၊ ပုလဲထုတ်ယူခြင်းနှင့် မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ခြင်း၊ ကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့များ ရေရှည်ထုတ်ယူနိုင်မည့် အလားအလာကောင်းများရှိခြင်း၊ ကမ္ဘာ့ကုန်သွယ် ရေလမ်းကြောင်းအတွက် အချက်အချာကျပြီး နိုင်ငံတကာအဆင့်မီဆိပ်ကမ်းများနှင့် အထူး စီးပွားရေးဇုန်များ ဖွံ့ဖြိုးနိုင်ခြေရှိခြင်း၊ လေစွမ်းအင်ကဲ့သို့ ကမ်းရိုးတန်း အခြေပြု ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးနိုင်ခြင်း၊ ဒီရေတောနှင့် ပင်လယ်သမုဒ္ဒရာက ထိန်းသိမ်းထားသည့် အပြာရောင်ကာဗွန် သိုလှောင်နိုင်မှုရှိခြင်း၊ သဘာဝအတိုင်းတည်ရှိနေ သည့် ကမ်းခြေနှင့်ကျွန်းများရှိပြီး ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးနိုင်ခြင်း၊ ကမ်းရိုးတန်းနေ တိုင်းရင်းသားများ၏ စုံလင်သည့် ရိုးရာယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်း ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ခြင်း စသည့် သဘာဝတရား၏ အခွင့်အလမ်းများစွာကို စနစ်တကျနှင့် ဖော်ထုတ်အသုံးပြုသွားကြရမည်ဖြစ်ကြောင်း။

 

အပြာရောင်စီးပွားရေးသည် အခွင့်အလမ်းများစွာ ရှိသကဲ့သို့ စိန်ခေါ်မှုများအနေဖြင့် မြန်မာနိုင်ငံ၏ အဏ္ဏဝါဇီဝမျိုးစုံမျိုးကွဲများ၊ သန္တာကျောက်တန်းများ၊ ဒီရေတောများ၊ ပင်လယ်မြက်ခင်းများ၊ ငါးပုစွန် ရေထွက်သယံဇာတများ ပျက်စီးဆုံးရှုံးမှုများ ကြုံတွေ့နေရသည့်အပေါ် ဖြေရှင်းဆောင်ရွက်ရန်၊ ၎င်းတို့၏ အကျိုးဆက်အနေဖြင့် အစားအစာလုံခြုံစိတ်ချမှုများ လျော့ပါးလာခြင်းနှင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ လျော့နည်းလာခြင်းကို ဖြေရှင်းဆောင်ရွက်ရန်၊ ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝဘေးအန္တရာယ် များ ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ စိန်ခေါ်မှုများကို လျှော့ချနိုင်ရန်၊ ပင်လယ် အတွင်း ပလတ်စတစ်အမှိုက်များ၊ e-waste များ၊ စိုက်ပျိုးရေးစွန့်ပစ်ပစ္စည်းများစသည့် အမှိုက်စွန့်ပစ်မှုများ ထိန်းချုပ်ရန်စသည့် လက်ရှိစိန်ခေါ်မှုများကို ထိထိရောက်ရောက် အလေးထားဖြေရှင်း ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။

 

အရေးပါသည့်နိုင်ငံအဖြစ် ရပ်တည်

 

မြန်မာနိုင်ငံအနေဖြင့် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ၏(Belt and Road Initiative) နိုင်ငံများ စာရင်းတွင်ပါဝင်ပြီး ၂၁ ရာစု ပင်လယ်ရေကြောင်း ပိုးလမ်းမနှင့် ပိုးလမ်းမ စီးပွားရေး ရပ်ဝန်းသစ်တွင် ပထဝီဝင် မဟာဗျူဟာအရလည်းကောင်း၊ ပထဝီဝင် စီးပွားရေးအရလည်းကောင်း အလွန်အရေးပါသည့် နိုင်ငံအဖြစ် ရပ်တည်လျက်ရှိကြောင်း၊ မိမိတို့နိုင်ငံသည် ပင်လယ်ရေကြောင်း ပိုးလမ်းမ၏အဓိက စီးပွားရေးစင်္ကြံ ခြောက်ခုအနက် ဘင်္ဂလားဒေ့ရှ် - တရုတ် - အိန္ဒိယ - မြန်မာ စီးပွားရေးစင်္ကြံအတွင်း ကျရောက်လျက်ရှိပြီး တောင်အာရှနှင့်အရှေ့တောင်အာရှ ဗဟိုဆုံချက်အဖြစ် တည်ရှိနေကြောင်း။

 

အိန္ဒိယသမုဒ္ဒရာနှင့် တရုတ်နိုင်ငံ၏ ကုန်းတွင်းပိတ် ပြည်နယ်များအကြား ပင်လယ်ထွက်ပေါက်အဖြစ် တည်ရှိခြင်း၊ ကျောက်ဖြူရေနက်ဆိပ်ကမ်းကို အသုံးပြုခြင်းဖြင့် တရုတ်နိုင်ငံမှ တောင်အာရှ - အနောက်အာရှ၊ အာဖရိကနှင့် ဥရောပနိုင်ငံများနှင့် ရေကြောင်း ဆက်သွယ်မှုအကွာအဝေး ကီလိုမီတာ ၅၀၀၀ ခန့် လျှော့ချပေးနိုင်ခြင်းတို့အပြင် အိန္ဒိယနိုင်ငံနှင့် ပင်လယ်ထွက်ကုန်အပါအဝင် ကုန်စည်ပို့ဆောင်ရေး အတွက်ပါ မြန်မာ့ကမ်းရိုးတန်းရှိ ဆိပ်ကမ်းများက အလွန်အရေးပါလျက်ရှိကြောင်း၊ ထို့ကြောင့် နိုင်ငံ၏ စီးပွားရေး အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပင်လယ်ကမ်းရိုးတန်း သယံဇာတများကို အမြော်အမြင်ကြီးစွာ စီမံအုပ်ချုပ်နိုင်ရေး သက်ဆိုင်ရာ လုပ်ငန်းကဏ္ဍများက ကြိုးပမ်း အားထုတ်သွားကြရ မည်ဖြစ်ကြောင်း။

 

အပြာရောင်စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးရေးဆိုင်ရာမူဝါဒများကို ဖော်ထုတ်ဆောင်ရွက်ရာတွင် စီးပွားရေးဆိုင်ရာ အခွင့်အလမ်းများကိုသာ ဦးတည်ခြင်းမျိုး မဟုတ်ဘဲ ဖြေရှင်းဆောင်ရွက်ရမည့် စိန်ခေါ်မှုများကို ထိထိရောက်ရောက် ဖြေရှင်းဆောင်ရွက်နိုင်မည့် မူဝါဒများပေါ် ထွက်လာစေရေး အလေးထားလေ့လာ ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။

 

မြန်မာနိုင်ငံ၏ ပင်လယ်ကမ်းရိုးတန်းအခြေပြု ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး အပြာရောင် စီးပွားရေးဆိုင်ရာ မူဝါဒများဖော်ထုတ်ချမှတ် ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည့် အခြေခံကောင်းများကို နိုင်ငံတော်အစိုးရအနေဖြင့် ကြိုးပမ်းတည်ထောင် လျက်ရှိကြောင်း။

 

ပင်လယ်ကမ်းရိုးတန်း သယံဇာတစီမံအုပ်ချုပ်ရေး လုပ်ငန်းများတွင် အသုံးပြုသူများနှင့် တည်ထောင်သူများအကြား ထိထိရောက်ရောက် ညှိနှိုင်းပေါင်းစပ်ပြီး ရေရှည်ဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်နိုင်ရန် “နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်းသယံဇာတ စီမံ အုပ်ချုပ်လုပ်ကိုင်မှု ဗဟိုကော်မတီ” “လုပ်ငန်းကော်မတီ” “ပင်လယ်ကမ်းရိုးတန်းဒေသ တိုင်းဒေသကြီးနှင့် ပြည်နယ်ကော်မတီများ” နှင့် ခရိုင်အဆင့် ကော်မတီများကို ဖွဲ့စည်းပြီးဖြစ်၍ ညှိနှိုင်းပေါင်းစပ် ရေးဆိုင်ရာ မဟာဗျူဟာမြောက် အခြေခံကောင်းများ ရှိနေပြီဖြစ်ကြောင်း၊ အပြာရောင်စီးပွားရေးဖွံ့ဖြိုးအောင်ဆောင်ရွက်ရာတွင် ပင်လယ်ကမ်းရိုးတန်း သယံဇာတ ဘက်စုံစီမံအုပ်ချုပ်ခြင်း အစီအစဉ်ကို ဖော်ထုတ်ချမှတ် အကောင်အထည်ဖော်ဆောင်ရမည် ဖြစ်ကြောင်း။

 

ရေရှည်ဖွံ့ဖြိုးရေးမူများကို အခြေခံ

 

မြန်မာနိုင်ငံ၏ ICM အစီအစဉ်ကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက ရေးဆွဲလျက်ရှိပြီး အတည်ပြုရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း၊ ICM အစီ အစဉ်၏ အန္တိမရည်မှန်းချက်သည် “မြန်မာ့ ကမ်းရိုးတန်းနှင့် အဏ္ဏဝါ သယံဇာတများကိုနိုင်ငံ၏ သဘာဝအရင်းအမြစ်အဖြစ် တန်ဖိုးထားရမည်၊ အဆိုပါသယံဇာတများကို အကျိုးဆက်စပ် ပတ်သက် သူအားလုံး၏ ပူးပေါင်းပါဝင်မှုဖြင့် ထိန်းသိမ်းရေးနှင့် ဖွံ့ဖြိုးရေးရည်ရွယ်ချက်များ ဟန်ချက်ညီမျှရေးမူ၊ သဘာဝနှင့် လူသားတို့ကြောင့် ထိခိုက်နိုင်မှုအပေါ် တုံ့ပြန်ကာကွယ်နိုင်စွမ်းကို မြှင့်တင်ရေးမူ၊ အားလုံး ပါဝင်မှုဖြင့်လက်ရှိနှင့် အနာဂတ် မျိုးဆက်များအတွက် ရေရှည်ဖွံ့ဖြိုးရေးမူများကို အခြေခံ၍ အကျိုးရှိစွာ အသုံးချနိုင်ရေး” တို့ဖြစ်ကြောင်း။

 

လုပ်ငန်းစဉ်(၆)ရပ်အပေါ် အခြေပြု

 

မြန်မာ့ ICM ကို စီမံအုပ်ချုပ်လုပ်ကိုင်ခြင်း၊ အဖွဲ့ အစည်းနှင့် အုပ်ချုပ်မှုဆိုင်ရာစွမ်းဆောင် ရည်မြှင့်တင် ခြင်း၊ ပင်လယ်ကမ်းရိုးတန်းဂေဟစနစ်ကို ကာကွယ် ထိန်းသိမ်းခြင်းနှင့် ပြန်လည်ထူထောင်ခြင်း၊ သုတေသန နှင့် ကြီးကြပ်စစ်ဆေးခြင်း၊ အားလုံးပါဝင်သော စီမံ အုပ်ချုပ်ခြင်းနှင့် အကျိုးအမြတ်ခွဲဝေခံစားခြင်း၊ ပုဂ္ဂလိကအခန်းကဏ္ဍနှင့် တာဝန်သိ တာဝန်ခံသော စီးပွားရေးလုပ်ငန်းများချိတ်ဆက်၍ ဆောင်ရွက်ခြင်း စသည့် မဟာဗျူဟာ လုပ်ငန်းစဉ် (၆)ရပ်အပေါ် အခြေပြုဆောင်ရွက်ရန် ရေးသားထားပြီးကြောင်း။

 

သစ်တောဦးစီးဌာနနှင့်ပူးပေါင်း၍ ICM အစီအစဉ် ရေးသားပေးနေသည့် အပြည်ပြည်ဆိုင်ရာ သဘာဝ အရင်းအမြစ်များ ထိန်းသိမ်းရေးအဖွဲ့ပညာရှင်က ICM ဆိုင်ရာ ဒေသတွင်းနိုင်ငံများ၏ နမူနာကောင်း များကို ၂၀၂၂ ခုနှစ် ဩဂုတ် ၂ ရက်တွင် ကျင်းပခဲ့သည့် လုပ်ငန်းကော်မတီ (ဒုတိယအကြိမ်)အစည်းအဝေးတွင် လေ့လာတင်ပြခဲ့ပြီးဖြစ်သကဲ့သို့ ICM အပေါ် ဗဟိုကော်မတီဝင်များနှင့် လုပ်ငန်းကော်မတီဝင်များက အကြံပြုထားသည့် အချက်များကို လေ့လာ ပြင်ဆင်နိုင်ရေးနှင့် အတည်ပြုရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက် ရှိသည့်အတွက် မကြာမီ ICM ကို အတည်ပြုနိုင်တော့မည် ဖြစ်ကြောင်း။

 

 

မြန်မာနိုင်ငံ၏ ICM အစီအစဉ် ပေါ်ထွက်လာ စေခြင်းဖြင့် ပင်လယ်ကမ်းရိုးတန်းနှင့် အဏ္ဏဝါသယံ ဇာတများ ဘက်စုံစီမံအုပ်ချုပ်ရန်နှင့် အပြာရောင် စီးပွားရေးဖွံ့ဖြိုးစေရန် လုပ်ငန်းကဏ္ဍများအလိုက် ဆောင်ရွက်မည့် အစီအမံများဆိုင်ရာ မဟာ ဗျူဟာမြောက် လမ်းညွှန်အဖြစ် ရည်ညွှန်းကိုးကား ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း။

 

မူဝါဒအသစ်များ ရေးဆွဲဖော်ထုတ်

 

မြန်မာနိုင်ငံတွင် ပင်လယ်ကမ်းရိုးတန်း သယံဇာတ များ စီမံအုပ်ချုပ်ခြင်းအတွက် တည်ဆဲဥပဒေ၊ နည်း ဥပဒေ၊ ညွှန်ကြားချက်များနှင့် လုပ်ထုံးလုပ်နည်းများ ကို သက်ဆိုင်ရာကဏ္ဍအလိုက် ပြဋ္ဌာန်းဆောင်ရွက်ပြီးဖြစ်သကဲ့သို့ ခေတ်ကာလအလိုက် လိုအပ်သည့် ဥပဒေ၊ မူဝါဒအသစ်များကို ရေးဆွဲဖော်ထုတ်လျက် ရှိကြောင်း။

 

ပင်လယ်ပြင်နှင့် ကမ်းရိုးတန်းဒေသ ဥပဒေ စိုးမိုးရေးလုပ်ငန်းများကို ကာကွယ်ရေးဦးစီးချုပ်ရုံး (ရေ)နှင့်အတူ သက်ဆိုင်ရာအဖွဲ့အစည်းများက ပူးပေါင်း ဆောင်ရွက်လျက်ရှိသကဲ့သို့ ခေတ်ကာလအရ နိုင်ငံတော်က တိုးမြှင့်ဆောင်ရွက်နိုင်သည့်အခြေ အနေနှင့်အညီ ကမ်းခြေစောင့်တပ်ဖွဲ့ကဲ့သို့ အဖွဲ့ အစည်းများတိုးချဲ့ဖွဲ့စည်းပေးပြီး ဥပဒေစိုးမိုးရေး လုပ်ငန်းများ မြှင့်တင်ဆောင်ရွက်ရေးဆိုင်ရာ မဟာ ဗျူဟာမြောက် အခြေခံကောင်းများကိုလည်း ဖော်ထုတ် ဆောင်ရွက်လျက်ရှိသည့်အတွက် အပြာရောင်စီးပွားရေး ကဏ္ဍဖွံ့ဖြိုးရေးကို အထောက်အကူ ပြုစေနိုင်မည်ဖြစ်ကြောင်း။

 

အခွင့်အလမ်းများ ဖော်ဆောင်

 

မြန်မာနိုင်ငံသည် သဘာဝသယံဇာတများ ပေါကြွယ်ဝသည့် နိုင်ငံတစ်နိုင်ငံဖြစ်ရာ ရှည်လျားသည့်ကမ်းရိုးတန်းတစ်လျှောက်တွင် ပင်လယ် ကမ်းရိုးတန်းနှင့် အဏ္ဏဝါသယံဇာတ များပေါကြွယ်ဝပြီး အဆိုပါ သယံဇာတများမှ နိုင်ငံ့စားနပ်ရိက္ခာဖူလုံရေးနှင့် ရေရှည်ဖွံ့ဖြိုး တိုးတက်ရေးအပေါ် အဓိကအခန်း ကဏ္ဍမှ ပံ့ပိုးပေးလျက်ရှိကြောင်း။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ကိုဗစ်-၁၉ကပ်ရောဂါကြောင့် ကျဆင်းသွားသည့် စီးပွားရေးလုပ်ငန်းများ ပြန်လည်တိုးတက်ရေး အလေးပေးဆောင်ရွက်လျက်ရှိပြီး စီးပွားရေးဆိုင်ရာ ဦးတည်ချက်(၃)ရပ်နှင့်အညီ ပင်လယ်ကမ်းရိုးတန်းနှင့် အဏ္ဏဝါသယံဇာတ စီမံအုပ်ချုပ်ရေးနှင့် စီးပွားရေး အခွင့်အလမ်းများ ဖော်ဆောင်နိုင်ရေးကို ဦးတည် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။

 

မြန်မာနိုင်ငံ၏လူဦးရေ ၇၀ ရာခိုင်နှုန်းခန့်သည် ကျေးလက်နေပြည်သူများ ဖြစ်သည့်အတွက် ကျေးလက်ကိုအခြေခံ၍ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အလေးထား ဆောင်ရွက်ပေးနိုင်မှသာ ကျေးလက်ဒေသနေ ပြည်သူများ၏ လူမှုစီးပွားဘဝ တိုးတက်လာမှုနှင့်အတူ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှု မြန်ဆန်လာမည်ဖြစ်သည့်အတွက် ပင်လယ် ကမ်းရိုးတန်းဒေသနေ ကျေးလက်ပြည်သူများ၏ စိုက်ပျိုးမွေးမြူရေးဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘဝ တိုးတက်ရေးကို အလေးထားဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။

 

မိမိတို့နိုင်ငံသည် အာဆီယံအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်သည်နှင့်အညီ အာဆီယံနိုင်ငံ့ ခေါင်းဆောင် များ၏ အပြာရောင်စီးပွားရေးဆိုင်ရာ ကြေညာချက် ကို ၂၀၂၁ ခုနှစ် အောက်တိုဘာ ၂၆ ရက်တွင် ကျင်းပ ခဲ့သည့် (၃၈)ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးက ထုတ်ပြန်ခဲ့သည့် ကိုဗစ်-၁၉ ကာလအလွန် အာဆီယံဒေသတွင်းပြည်သူများ ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထား ဆောင်ရွက်ရန်နှိုးဆော် ထားရှိမှုကို ဒေသတွင်း ဖွံ့ဖြိုးရေးအစီအစဉ်များနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာလုပ်ငန်း ကဏ္ဍအလိုက် စီမံချက်များ ဖော်ထုတ် အကောင်အထည်ဖော် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ထိုသို့စီမံဆောင်ရွက်ရာတွင် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးတို့ကို ဟန်ချက်ညီညီ စီမံခန့်ခွဲမှုဖြင့် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်များရရှိရေး ဦးတည်ဆောင်ရွက်ကြရမည်ဖြစ် ကြောင်း။

 

ပင်လယ်ကမ်းရိုးတန်းနှင့် အဏ္ဏဝါသယံဇာတ ကာကွယ်ထိန်းသိမ်းရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းများတွင် ဒေသတွင်းအစီအစဉ်များနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန်၊ ပင်လယ်ကမ်းရိုးတန်းနှင့် အဏ္ဏဝါသယံဇာတများ ထိန်းသိမ်းရေး လုပ်ငန်းများတွင် ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ကြရန်၊ သက်ဆိုင်ရာကဏ္ဍအလိုက် ဝန်ကြီးဌာနများအလိုက် ကမ်းရိုးတန်းနှင့် အဏ္ဏဝါရေပြင်ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီ သော ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဆောင်ရွက်ဆဲ၊ ရှေ့ဆက်ဆောင်ရွက်သင့်သည့် အစီအမံများနှင့် လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးကြစေလိုကြောင်း ပြောကြားသည်။

 

ထို့နောက် ပင်လယ်ကမ်းရိုးတန်းဒေသဆိုင်ရာ အသိပညာပေးဗီဒီယိုကို ပြသသည်။

 

ယင်းနောက် ဗဟိုကော်မတီအတွင်းရေးမှူး (ကိုယ်စား) သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဌေးအောင်က ကော်မတီ၏ လုပ်ငန်းတာဝန်များနှင့် လုပ်ငန်းဆောင်ရွက်ပြီးစီးမှုများကို ရှင်းလင်းတင်ပြသည်။

 

ညှိနှိုင်းဆောင်ရွက်ပေး

 

ထို့နောက် ဗဟိုကော်မတီဝင် ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်ရီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်း အတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍများအလိုက် ရှင်းလင်းတင်ပြကြရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က ရှင်းလင်းတင်ပြချက်များပေါ် ဖြည့်စွက်ဆွေးနွေးပြီး လိုအပ်သည် များကို ညှိနှိုင်းဆောင်ရွက်ပေးသည်။ 

 

 

ယင်းနောက် နိုင်ငံအဆင့်ပင်လယ်ကမ်းရိုးတန်း သယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှုဗဟိုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က နိဂုံးချုပ် အမှာစကား ပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

 

သတင်းစဉ်