ကချင်ပြည်နယ်ရှိ အသက် ၁၀၀ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ပြည်နယ်ဝန်ကြီးချုပ် ဂါဝရပြု ထောက်ပံ့

မြစ်ကြီးနား       အောက်တိုဘာ        ၂

“သက်ကြီးအမျိုးသမီးများရဲ့ စွမ်းပကား ဒို့များအလေးထား” ဟူသည့် ဆောင်ပုဒ်ဖြင့် ၂၀၂၂ ခုနှစ် အောက်တိုဘာ ၁ ရက်တွင် ကျရောက်ခဲ့သော အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အထိမ်းအမှတ် အခမ်းအနားကို ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ အောက်တိုဘာ ၂ ရက် နံနက်ပိုင်းက မြစ်ကြီးနားမြို့ မြို့တော်ခန်းမ၌ ပြုလုပ်ရာ ပြည်နယ်တွင်းရှိ အသက် ၁၀၀ နှစ်နှင့်အထက် သက်ကြီး ဘိုးဘွားများအား ဂါဝရပြုပူဇော်ကန်တော့ခဲ့ကြကြောင်း သိရသည်။

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က "သက်ကြီးဘိုးဘွားများ၏ ဘဝလုံခြုံမှုရှိစေရေးနှင့် သက်ကြီးရွယ်အိုများ၏ စွမ်းအားကို နိုင်ငံတော် တည်ဆောက်ရေးဖြစ်စဉ်များတွင် ထည့်သွင်းအသုံးပြု သွားနိုင်ရေးအတွက် အခွင့်အလမ်းများ ဖန်တီးဆောင်ရွက်ပေးသွားမည်"ဟု ပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး ဒေါ်နန်ဆိုင်း၊  ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တက်ရောက်လာကြသည့် လူမှုကူညီရေးအသင်းအဖွဲ့များက ပူဇော်ကန်တော့ခံ အသက် ၁၀၀ နှစ်နှင့်အထက် သက်ကြီးဘိုးဘွား ၅၀ တို့အား ပြည်နယ်အစိုးရဖွဲ့မှ တစ်ဦးလျှင် လှူဒါန်းငွေ ကျပ် တစ်သိန်းစီနှင့် ငွေကျပ် ၅၀၀၀၀ တန်ဖိုးရှိ လှူဖွယ်ပစ္စည်းများ (ငွေသားနှင့် ပစ္စည်းတန်ဖိုး စုစုပေါင်းငွေကျပ် ၇၅ သိန်း)ကို အသီးသီးပေးအပ်လှူဒါန်းကြပြီး အဘိုးတစ်ဦးက ကျေးဇူးတင်ဆုတောင်းပေးသည်။

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် အခမ်းအနားသို့ တက်ရောက်နိုင်ခြင်းမရှိသည့် ပြည်နယ်အတွင်းမှ အသက် ၁၀၀ နှစ်နှင့် အထက် ဘိုးဘွား ၁၄၅ ဦးတို့ကိုလည်း  လှူဒါန်းပေးအပ်ခဲ့ပြီး ၎င်းတို့အနက်မှ အသက်အကြီးဆုံးဖြစ်သည့် တနိုင်းမြို့နယ်မှ အသက် ၁၂၁ အဘွား တစ်ဦးအတွက် လှူဒါန်းငွေကျပ် ၂၅၀၀၀၀၊ အလားတူ ဒုတိယအသက်ကြီးဆုံးဖြစ်သည့် မြစ်ကြီးနားမြို့နယ်မှ အသက် ၁၁၂ နှစ်ရှိ အဘွားတစ်ဦးနှင့် မိုးညှင်းမြို့နယ်မှ အသက် ၁၁၀ နှစ်ရှိ အဘိုးတစ်ဦးတို့အတွက် တစ်ဦးလျှင်ငွေကျပ် ၂၀၀၀၀၀ စီ ထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်း သိရှိရသည်။

ပြည်နယ်(ပြန်/ဆက်)