နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (၂၆)မိုင် ဘက်စုံစိုက်ပျိုးမွေးမြူရေးဇုန် အကောင်အထည်ဖော် ဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေး

နေပြည်တော် အောက်တိုဘာ ၂

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးတင်ထွဋ်ဦး၊ ဦးလှမိုး၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊ မြို့တော်ဝန် ဦးဘိုဌေးနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးအနီးရှိ မြန်မာစီးပွားရေးကော်ပိုရေးရှင်း (၂၆)မိုင် ဘက်စုံစိုက်ပျိုးမွေးမြူရေးဇုန် အကောင်အထည်ဖော် ဆောင်ရွက်ထားရှိမှု အခြေအနေများကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။

ဦးစွာမြန်မာစီးပွားရေးကော်ပိုရေးရှင်းဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ညိုစော၊ ဒုတိယ ဦးဆောင်ညွှန်ကြားရေးမှူး ဦးဟန်ဇော်တို့က (၂၆)မိုင် ဘက်စုံစိုက်ပျိုးမွေးမြူရေးဇုန်နှင့် သီလဝါဘက်စုံစိုက်ပျိုးမွေးမြူရေးဇုန်တို့ စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့မှု၊ နို့စားနွား၊ အသားတိုးနွား၊ ဒေသနွား မွေးမြူထားရှိမှုနှင့် နွားစာမြက်စိုက်ခင်းများ စိုက်ပျိုးထားရှိမှု၊ ကျောက်စိမ်းဖီးကြမ်းငှက်ပျော စိုက်ပျိုးထားရှိမှု၊ အရိပ်ရလေကာပင် မန်ဂျန်ရှား စိုက်ပျိုးထားရှိမှု၊ ရော်ဘာပင်များ စိုက်ပျိုးထားရှိမှုနှင့် အရွယ်ရောက်ပြီး ရာဘာပင်များအား ၂၀၂၁-၂၀၂၂ အစေးခြစ်ရာသီတွင် စမ်းသပ်အစေးခြစ် ဆောင်ရွက်ခဲ့သည့် အခြေအနေများ၊ သီလဝါဘက်စုံ စိုက်ပျိုးမွေးမြူရေးဇုန်အတွင်း ကာကီကင်းဘဲ၊ ဒေသဥစားဘဲများ မွေးမြူထားရှိမှု၊ ငါးမျိုးစုံမွေးမြူထားရှိမှု အခြေအနေများ၊ မွေးမြူရေးဇုန်များ၌ အစာစပ်လုပ်ငန်း နှင့် အစာ တောင့်စက်များ ထုတ်လုပ်လျက်ရှိမှု၊ နို့ထွက်ပစ္စည်းများ ထုတ်လုပ်ရောင်းချလျက်ရှိမှု၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်နှင့်အညီ စိုက်ပျိုးမွေးမြူရေးဇုန်များအလိုက် ထုတ်ကုန်ပစ္စည်းများကို တပ်မတော်သား မိသားစုဝင်များနှင့် ပြည်သူလူထုသို့ သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချပေးနိုင်ရေး ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြမှုများနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ မြို့တော်ဝန်တို့နှင့် ရန်ကုန်တိုင်းဒေသကြီး၏ စားရေးလိုအပ်ချက်များကို အသေးစိတ်မေးမြန်း ဆွေးနွေးပြီး လိုအပ်သည်များကို မှာကြားရာတွင် ရန်ကုန်တိုင်းဒေသကြီး၏ လူဦးရေနှုန်းထားနှင့် တစ်နေ့လျှင် လိုအပ်မည့် အသား၊ ငါးနှင့် ဥ အမျိုးမျိုး၊ ဟင်းသီးဟင်းရွက် လိုအပ်ချက်ကို တွက်ချက်၍ လိုအပ်ချက်များပြည့်မီစွာ စားသုံးနိုင်ရေး ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စိုက်ပျိုးမွေးမြူရေးဇုန်များမှ ပြည့်ဝစွာ ထုတ်လုပ်ဖြန့်ဖြူး နိုင်ရမည်ဖြစ်ကြောင်း၊ မွေးမြူရေးဇုန်များကိုလည်း ရန်ကုန်မြို့တော် စည်ပင်သာယာပြင်ပ မြို့နယ်များတွင် ထပ်မံတိုးချဲ့သွားရန်လိုကြောင်း၊ ဧရာဝတီတိုင်းနှင့် ပဲခူးတိုင်းမှစီးဝင်မှုများနှင့်လည်း မထိခိုက်အောင် ချိန်ဆဆောင်ရွက်ရန်လိုကြောင်း၊ အစိုးရ၊ တပ်မတော်တို့အပြင် ပုဂ္ဂလိကစိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကိုလည်း အားပေးရန်လိုကြောင်း၊ မွေးမြူရေးလုပ်ငန်းအတွက် လျှပ်စစ်၊ ရေနှင့် မွေးမြူရေး အစာလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေး တာဝန်ရှိသူများက ဆောင်ရွက်ပေးရန်လိုကြောင်း၊ ရန်ကုန်မြို့နေ ပြည်သူလူထုများ အသား၊ ငါးနှင့် ဥ အမျိုးမျိုးတို့ကို ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသုံးနိုင်ရေး ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း၊ စားသုံးမှုလိုအပ်ချက်ကို ပြည့်မီအောင် ဒေသတွင်းမှ ထုတ်လုပ်နိုင်ရမည် ဖြစ်ကြောင်း၊ တပ်မတော်မှလည်း တတ်နိုင်သည့်ဘက်မှ ဖြည့်ဆည်းဆောင်ရွက် ပေးလျက်ရှိပြီး နိုင်ငံတော်အနေဖြင့်လည်း ဆက်လက်ဖြည့်ဆည်း ဆောင်ရွက်ပေးမည်ဖြစ်ကာ မွေးမြူရေးလုပ်ငန်းများအတွက် ရင်းနှီးမြှုပ်နှံငွေများကို ထုတ်ပေးသွားမည်ဖြစ်ကြောင်း၊ မွေးမြူရေးလုပ်ငန်းများကို သိပ္ပံနည်းကျ ကျစ်ကျစ်လျစ်လျစ် စနစ်တကျဖြင့် ဆောင်ရွက်ပြီး ထုတ်လုပ်မှုများ ပိုမိုတိုးတက်အောင် ဆောင်ရွက်ကြစေလိုကြောင်း။

လိုအပ်သည့် လျှပ်စစ်ဓာတ်အားကို ဆိုလာစနစ်ဖြင့် ထုတ်ယူနိုင်ရေး ဆောင်ရွက်ရန်လိုပြီး ရရှိလာသည့် လျှပ်စစ်ဓာတ်အားဖြင့် မွေးမြူရေးခြံများအတွက် လျှပ်စစ်ဓာတ်အားပေး စနစ်ဆောင်ရွက် ပေးနိုင်မည်ဖြစ်သကဲ့သို့ အခြားသော အုပ်ချုပ်မှုလုပ်ငန်းများအတွက်လည်း အသုံးပြုနိုင်မည်ဖြစ်ကြောင်း၊ အသားတိုးနွားများနှင့် ဒေသမျိုးရင်းနွားများ မွေးမြူမှုကို သီးခြားစီ ဆောင်ရွက်ရန်လိုပြီး အစာကျွေးမွေးမှုမှအစ စနစ်တကျဖြင့် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နွားစာမြက်စိုက်ခင်းများအပြင် ပြောင်းကိုလည်း စိုက်ပျိုး၍ရနိုင်ပြီး ပြောင်းပင်များကို ပြောင်းချဉ်ဖတ်ပြုလုပ်၍ တိရိစ္ဆာန်အစာအတွက် အသုံးပြုနိုင်မည်ဖြစ်ကြောင်း၊ (၂၆)မိုင် ဘက်စုံစိုက်ပျိုးမွေးမြူရေးဇုန်၏ မူလအဓိက ရည်ရွယ်ချက်သည် ပြည်တွင်းရာဘာ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေး ဖြစ်သည့်အတွက် ရာဘာထုတ် ကုန်စက်ရုံများ၏ လိုအပ်ချက်များ ပြည့်မီစေရေး ရည်မှန်းချက်ထား ဆက်လက်ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ ဇုန်အတွင်း ရာဘာစိုက်ပျိုးရန် သတ်မှတ်ပေးထားသည့် မြေနေရာများ၌ ရာဘာကိုသာ အတတ်နိုင်ဆုံး စိုက်ပျိုးရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဘဲမွေးမြူရေးနှင့်ပတ်သက်၍ ဥ ထွက်ရှိမှုပမာဏ၊ ဥ သည့် အချိန်ကာလတို့ကို စနစ်တကျ တွက်ချက်ချိန်ညှိ၍ အသုတ်လိုက်မွေးမြူသည့် စနစ်ဖြင့် စဉ်ဆက်ပြတ်မှုမရှိစေရေး ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ဘဲမွေးမြူရေး လုပ်ငန်းများကို ယခုထက်ပိုမို အောင်မြင်စေရန်နှင့် ကျယ်ကျယ်ပြန့်ပြန့် သုတေသနပြု ဆောင်ရွက်၍ ဒေသမျိုးရင်းဘဲများကိုလည်း ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ရန်လိုကြောင်း၊ စိုက်ပျိုးမွေးမြူရေးဇုန်မှ ထွက်ရှိသည့် ထုတ်ကုန်ပစ္စည်းများကို ဈေးကွက်လိုအပ်ချက်အပေါ် မူတည်၍ ပြည်သူများ ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူသုံးစွဲနိုင်ရေး ဆောင်ရွက်သွားကြရန် လိုကြောင်းဖြင့် မှာကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် (၂၆)မိုင် ဘက်စုံစိုက်ပျိုးမွေးမြူရေးဇုန်အတွင်း လှည့်လည်၍ နို့စားနွား၊ အသားတိုးနွား မွေးမြူထားရှိမှု၊ အစာစက်စက်ရုံနှင့် နို့ထွက်ပစ္စည်း ထုတ်လုပ်နေမှုများ၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ထားရှိမှု အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်