ခရမ်းရွှေဝါနှင့် အညာရွှေဝါ ပဲတီစိမ်းများ ရာသီပေါ်စ အမြင့်ဈေးဖြင့် အရောင်းသွက်နေ

မန္တလေး ၆ ဖေဖော်ဝါရီ

ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်း ဒေသကြီးတို့မှ လှိုင်လှိုင်ပေါ် စတင် ဝင်ရောက်လာသည့် အရည်အသွေး ကောင်းမွန်သော ခရမ်းရွှေဝါနှင့် အညာ ရွှေဝါအမျိုးအစား ပဲတီစိမ်းများ တရုတ်နိုင်ငံ၏ ဝယ်လိုအားကြောင့် မန္တလေးဈေးကွက်တွင် အမြင့်ဈေးဖြင့် အရောင်းသွက်လျက်ရှိသည်။

အဆိုပါ ပဲအမျိုးအစားများအနက် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရမ်းသုံးခွမြို့နယ်များမှ ထွက်ရှိလာသည့် ခရမ်းရွှေဝါပဲတီစိမ်းသီးနှံမှာ အရည်အသွေး ကောင်းမွန်ပြီး ယခင်နှစ် ယခုလို ရာသီအချိန်တွင် သုံးတင်းဝင် တစ်အိတ် လျှင် ငွေကျပ် တစ်သိန်းတစ်သောင်း ရှစ်ထောင်ရရှိခဲ့ပြီး ယခုနှစ်တွင် တရုတ် နိုင်ငံ၏ ဝယ်လိုအားမြင့်မားမှုကြောင့် ငွေကျပ် တစ်သိန်းနှစ်သောင်းခြောက် ထောင်နှုန်းအထိ ရရှိလာကြောင်း သိရသည်။

အခုရာသီက ပဲတီစိမ်းလှိုင်လှိုင် ထွက်ပေါ်စအချိန်ဆိုတော့ မန္တလေးဈေးကွက်ကို နေ့စဉ် ၁၂ ဘီး ယာဉ်နဲ့ ၁၀ စီးလောက် ဝင်ရောက်နေတယ်။ ဈေးကွက်ရဲ့သဘောက လှိုင်လှိုင်ပေါ်ရင် ဈေးက ကျဆင်းသွားတတ်ပေမယ့် ဒီနှစ်တရုတ်နိုင်ငံရဲ့ ဝယ်လိုအားက သိပ်ကောင်းနေတဲ့အတွက် ဈေးမကျသွားဘဲ ခေါ်ဈေးနဲ့ လိုက်ဝယ်နေကြတယ်။ အရည်အသွေးကလည်း ကောင်းပြီး ဝယ်လိုအားကောင်းနေတဲ့အပြင် အထွက်နှုန်းကလည်း ပုံမှန်ရှိနေတဲ့ အတွက် ခရမ်းသုံးခွဘက်တောင်သူတွေ ဝမ်းသာနေကြတယ် ဟု မန္တလေးမြို့မှ ဦးစိုးဝင်းမြင့် (စိုးဝင်းမြင့်ပွဲရုံ) က ပြောသည်။

ထို့အပြင် မန္တလေးတိုင်းဒေသကြီး မတ္တရာ၊ စဉ့်ကူးမြို့နယ်များမှ ထွက်ရှိလာသည့် အညာရွှေဝါအမျိုးအစား ပဲတီစိမ်း သီးနှံမှာလည်း ယခင်နှစ်က သုံးတင်းဝင် တစ်အိတ်လျှင် ကိုးသောင်းရှစ်ထောင်နှုန်းသာ ရရှိခဲ့သော်လည်း ယခုနှစ်တွင် တစ်သိန်းငါးထောင်နှုန်းအထိ ဈေးပေး ဝယ်ယူလျက်ရှိပြီး ပဲခူးတိုင်းဒေသကြီး တောင်ငူ၊ ဇေယျဝတီ၊ ကျောက်တံခါး မြို့နယ်များမှ ထွက်ရှိလာသည့် ပဲတီစိမ်းများမှာ ယခင်နှစ်က သုံးတင်းဝင် တစ်အိတ်လျှင် ရှစ်သောင်းခြောက်ထောင် နှုန်းမှ ယခုနှစ်တွင် ကိုးသောင်း ခြောက်ထောင်နှင့် တစ်သိန်းကြားတွင် ရှိနေကြောင်း သိရသည်။

ပဲတီစိမ်းကို တစ်ရာသီတွင် သီတင်း ကျွတ်နှင့် တန်ခူးလများတွင် သီးထပ် စိုက်ပျိုးကြပြီး မိုးသီးနှံနှင့် ဆောင်းသီးနှံအဖြစ် ထွက်ရှိကာ တောင်သူများ ပြည်ပပို့ကုန်အဖြစ် အဓိကအားထား စိုက်ပျိုးကြသည့် သီးနှံဖြစ်ကြောင်း သိရသည်။

အောင်ဖြိုးကျော်

Related Articles