ကားမျိုးစုံ အရောင်းအဝယ်ပြန်ဖြစ်လာသည့် ရန်ကုန်ကားဈေးကွက်

မင်းသော်

ပွင့်လင်းရာသီ၏ အမြင့်ဆုံး ကားအရောင်းအဝယ် ဖြစ်မှုများကို ကားလောကအတွင်း ကြုံတွေ့နေရပြီး နေ့စဉ် အရောင်းအဝယ် အားကောင်းလျက် ရှိနေသည်ဟု ကားကျွမ်းကျင်သူများက ပြောသည်။

“ကားဝယ်လက်တွေထဲမှာ နယ်ဝယ်လက်ကလည်း အခုရက်ပိုင်း တော်တော်လေး များလာတာကို မြင်တွေ့ရပါတယ်။ ကားဈေးနှုန်းတွေကလည်း အနည်းငယ်တက်လာခဲ့တယ်။ သို့သော်လည်း ဝယ်မယ်လို့ ရည်မှန်းထားတဲ့သူတွေက ငွေကျပ် ငါးသိန်းကနေ ၁၀ သိန်းကြားကို မတွက်ဆ ကြတော့ဘူး။ ကြိုက်ရင် အရောင်းအဝယ် ဖြစ်သွားတာကို မြင်ရတယ်။ ဒီလိုမျိုး အရောင်းအဝယ် မသွက်ခဲ့တာ တော်တော်လေးကြာနေပါပြီ။ ဒါကလည်း မူဝါဒတွေ၊ အပြောင်းအလဲတွေ၊ တက်ဈေး၊ ကျဈေးတွေ၊ ဖောက်စွပ်ပြဿနာတွေ အားလုံးအပြီးမှာ ပြန်ပြီးအရောင်းအဝယ် အားကောင်းလာခြင်းရဲ့ ပထမဆုံးအနေနဲ့ အမြင့်ဆုံး အခြေအနေပါပဲ”ဟု ကားအရောင်းအဝယ်နှင့် ကားပြခန်း ဖွင့်လှစ်ထားရှိသူ ကိုကျော်ဇေယျာဝင်း က ပြောသည်။

မူလကတည်းက အရောင်းအဝယ် ပုံမှန်ဖြစ်ခဲ့သည့် အင်ဂျင်ပါဝါ ၁၃၀ဝ စီစီ ကားများအပြင် ခရီးသွား အကြမ်းခံကားများ၊ ဘယ်မောင်းကားသစ်များ၊ စတိနံပါတ်ကားများ၊ စလစ်ကပ်ကားများအပြင် လုပ်ငန်းသုံး၊ စက်မှုသုံးကားကြီးများပါ အရောင်းအဝယ် မြင့်လာကြောင်း သိရှိရသည်။ “ကားဈေးကတော့ အရောင်းအဝယ်ကောင်းတာနဲ့တစ်ပြိုင်နက် ဈေးတက်ဖို့ စိုင်းပြင်နေပါတယ်။ အများစုကလည်း တစ်ရက်နဲ့တစ်ရက်ကို မတူညီဘဲ ဈေးပိုခေါ်နေကြတာ မြင်ရတယ်။ မနေ့က ဟွန်ဒါ ၂၀ဝ၇ ကို ဒီကနေ့မှာ ပုံမှန်ဈေးထက် ငွေကျပ် ၁၀ သိန်း ပိုခေါ်တယ်။ ကြိုက်သူရှိတော့လည်း အရောင်းအဝယ်က ဖြစ်နေတာကို တွေ့ရတယ်။ ဒါကြောင့် အခုကာလက ကားဝယ်မယ်ဆိုရင်တော့ သိပ်ပြီးဈေးဆစ်ဖို့ မလွယ်တဲ့ကာလဖြစ်ပါတယ်။ အချို့စီးပွားရေးအကွက်မြင်တဲ့ ကားကျွမ်းကျင်သူတွေကတော့ ကားဈေးတွေ ထပ်ပြီးတက်လာနိုင်တယ်လို့ ဆိုပါတယ်။ ကျွန်တော်တို့ကတော့ အလုပ်ဖြစ်ရင်ပြီးတာပဲလို့ သဘောထားတဲ့အတွက် တော်ရုံသင့်ရုံ ကြိုက်ဈေးရရင်တော့ အရောင်းအဝယ်ဖြစ်အောင် လုပ်ပေးပါတယ်။ အကောင်းဆုံး ကတော့ ဒီအချိန်က ကားအပိုရှိရင် ထုတ်ရောင်းသင့်ပြီး ကားဝယ်မယ်ဆိုရင် စောင့်ကြည့်ဖို့ လိုအပ်မယ်လို့ ထင်ပါတယ်”ဟု ကားအရောင်း အဝယ်လုပ်ကိုင်သူ ကိုသစ္စာက ပြောသည်။

ထို့အပြင် ဇန်နဝါရီလကုန်ပိုင်းက နိုင်ငံတကာ အဆင့်မီ ကားပြပွဲ ၂၀၁၉ ကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး နာမည်ကြီး ကားအမှတ်တံဆိပ်များစွာကို မြင်တွေ့ခွင့်ရခဲ့ကြသည့်အတွက် ကားဝယ်ယူလိုသူ ယခုကဲ့သို့ ပိုမိုလာခြင်းဖြစ်နိုင်သည်ဟု ယူဆသူများကိုလည်း တွေ့ရသည်။ “အပြိုင်အဆိုင် အရောင်းမြှင့်တင်ရေးတွေ လုပ်ပေးကြတယ်။ ကျွန်တော်တို့ဆီမှာက အရစ်ကျ ဝယ်လိုအားက တအားကြီး မများသေးဘူး။ ကိုယ်သုံးနိုင်မယ့် ပိုက်ဆံကိုလည်း ချိန်ကြရတော့ ငွေကြေးနဲ့ ဘဏ်လုပ်ငန်းတွေ ဖွံ့ဖြိုးလာမှသာ အရစ်ကျစနစ်က ပိုပြီးအားကောင်းလာမယ်လို့ ထင်ပါတယ်။ သို့သော်လည်း ကားသစ်တွေကို ဘယ်လိုဈေးတွေနဲ့ ဘယ်လိုသုံးနိုင်သလဲ ဆိုတာကို ပိုပြီးတွင်တွင်ကျယ်ကျယ် သိလာတဲ့အတွက် ကားလောကကို လူတွေ ပိုပြီးစိတ်ဝင်စားလာ တယ်လို့ထင်တယ်” ဟု ကားအရောင်းပြခန်းတစ်ခု တွင် မန်နေဂျာတာဝန် ထမ်းဆောင်နေသည့် ကိုမျိုးသန့်ဇင်ကဆိုသည်။

တစ်ပတ်ရစ်ကားဈေးကွက်တွင် နယ်ဝယ်လက်များကြောင့် အရောင်းအဝယ် အားကောင်းနေပြီး မော်တော်ယာဉ်မှန်၊ မမှန် စစ်ဆေးထားသည့် ကားအများစုမှာ ဈေးကွက်သို့ ရောက်ရှိသည်နှင့် တစ်ပြိုင်နက် အရောင်းအဝယ်ဖြစ်နေသည်ကို တွေ့ရကြောင်း သိရှိရသည်။

မြန်မာ့အလင်း

mdn