မြန်မာနိုင်ငံတော်ဗဟိုဘဏ် သတင်းထုတ်ပြန်ချက်

၄ ဖေဖေါ်ဝါရီ


မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ဈေးကွက်အခြေခံသော ရည်ညွှန်းငွေလဲလှယ်နှုန်းကို ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ(၅) ရက်နေ့မှ စတင်ထုတ်ပြန်မည်ဖြစ်ပြီး ယင်းမှာ နေ့တစ်နေ့အတွက် အဆိုပါနေ့တွင် ဈေးကွက်အတွင်းဖြစ်ပေါ်နေသော ငွေလဲလှယ်နှုန်းများမှ ရယူသတ်မှတ်ခြင်း ဖြစ်ပါသည်။


မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် ယခုအခါတွင် ရည်ညွှန်းငွေလဲလှယ်နှုန်းကို အရောင်း/ အဝယ် နှစ်မျိုးပြုလုပ်သော နိုင်ငံခြားငွေ လေလံဈေးကွက် (two-way auction) မှ cut-off rate ဖြင့် အခြေခံသတ်မှတ်ခြင်းကို ကျင့်သုံးနေပြီး ယင်းစနစ်မှာ ၂၀၁၂ ခုနှစ်က နိုင်ငံခြား ငွေကြေးဈေးကွက် တိုးတက်မှုအတွက် ပံ့ပိုးပေးရန် စတင်ကျင့်သုံးခဲ့သောစနစ် ဖြစ်ပါသည်။ ယင်းလေလံစနစ်သည် နိုင်ငံခြားငွေကြေး ဈေးကွက်ဖွံ့ဖြိုးတိုးတက်မှုနှင့် ဈေးနှုန်းသတ်မှတ်ပေးမှုတို့ကို ဆောင်ရွက်နိုင်ခဲ့ပါသည်။ ဘဏ်အချင်းချင်း (Interbank) ဈေးကွက်၌ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ဝ.ဝ၁ ဘီလျံမျှသာ အရောင်းအဝယ်ရှိခဲ့ရာ မှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၂ ဘီလျံသို့ တိုးတက်ခဲ့ပြီး ဆက်လက် ၍လည်း တိုးတက်လျက်ရှိပါသည် (ပုံ ၁ ကို ကြည့်ပါ)။ ထို့ကြောင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ် အနေဖြင့် နိုင်ငံခြားငွေကြေးဈေးကွက် ဖွံ့ဖြိုးတိုးတက်မှု အဆင့်မြှင့်တင်ရေးအတွက် နိုင်ငံတကာ ဗဟိုဘဏ်များ ကျင့်သုံးသည့်စနစ်နှင့် အညီ ဈေးကွက်ကိုအခြေခံ၍ ပျမ်းမျှ အလေးပေး တွက်ချက်သော ရည်ညွှန်း ငွေလဲလှယ်နှုန်းသတ်မှတ်ရန် ဆောင်ရွက်ခြင်းဖြစ်သည်။

 

123


အမေရိကန်ဒေါ်လာနှင့် မြန်မာကျပ်ငွေလဲလှယ်သည့် ရည်ညွှန်းငွေ လဲလှယ်နှုန်းအား တစ်နေ့တာအတွင်း ဘဏ်အချင်းချင်းနှင့် ဘဏ်နှင့် ယင်း၏ ဆက်သွယ်ဆောင်ရွက်သူများ အကြား အရောင်း/အဝယ်ဖြစ်သည့် ပမာဏအပေါ်တွင် ပျမ်းမျှအလေးပေး တွက်ချက်မှုဖြင့် တွက်ချက်သတ်မှတ်မည်ဖြစ်သည်။


မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ရည်ညွှန်းငွေလဲလှယ်နှုန်း ထုတ်ပြန်သည့် အချိန်ကိုလည်း နေ့တစ်နေ့အတွက် အချက်အလက်အားလုံး ရရှိနိုင်သည့်အချိန် ညနေ (၄:ဝ၀) နာရီသို့ ပြောင်းလဲထုတ်ပြန်ပါမည်။ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က နံနက်ပိုင်း ထုတ်ပြန်သော ရည်ညွှန်းငွေ လဲလှယ်နှုန်းအတွက် လက်ရှိ ကျင့်သုံးနေသော စနစ်မှာ ယခင် လုပ်ငန်းဆောင်ရွက်သည့် နေ့၏ပျမ်းမျှ အလေးပေး တွက်ချက်ထားသည့်နှုန်းကို အသုံးပြုထားရာ အထူးသဖြင့် ပိတ်ရက်ရှည်များ သို့မဟုတ် သီတင်းပတ်၏ အလုပ်ပိတ်ရက်များ ကုန်ဆုံးပြီး နောက်နေ့များတွင် လက်ရှိဈေးကွက် ငွေလဲလှယ်နှုန်းနှင့် လိုက်လျောညီထွေ မရှိခြင်းတို့ကို ဖြစ်ပေါ်စေပါသည်။ ယခုပြောင်းလဲ အသုံးပြုမည့်စနစ်မှာ တူညီသော နေ့မှာပင် ရည်ညွှန်းငွေ လဲလှယ်နှုန်းကို ထုတ်ပြန်မည် ဖြစ်သည့်အတွက် ထိုသို့လိုက်လျောညီထွေ မရှိမှုကို ရှောင်ရှားနိုင်မည် ဖြစ်သည်။


မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် အများပြည်သူထံ သတင်းအချက်အလက် ဖြန့်ဝေနိုင်ရန် ဗဟိုဘဏ် website ၏ ပထမစာမျက်နှာတွင် ဘဏ်အချင်းချင်း အကြားနှင့် ဘဏ်နှင့် ယင်း၏ ဆက်သွယ် ဆောင်ရွက်သူများ အကြား ငွေလဲလှယ်နှုန်းများအား ပျမ်းမျှအလေးပေးတွက်ချက်၍ ရရှိထားသည့် ဈေးကွက်ငွေလဲလှယ်နှုန်း (ရည်ညွှန်းငွေ လဲလှယ်နှုန်း)ကို ရည်ညွှန်းငွေ လဲလှယ်နှုန်း ထုတ်ပြန်သော ပုံစံဖြင့် ပြောင်းလဲဖော်ပြ သွားမည်ဖြစ်သည်။ (ဇယား ၁ ကို ကြည့်ပါ)

 

123


 မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နေ့စဉ်ရည်ညွှန်းငွေလဲလှယ်နှုန်းကို နံနက် ၉:ဝ၀ နာရီနှင့် နေ့လယ် ၃:ဝ၀ နာရီ အကြား ရောင်းဝယ်မှုများအပေါ် အခြေခံ၍ ဘဏ်ဖွင့်ရက်တိုင်း ညနေ ၄:ဝ၀ နာရီတွင် ထုတ်ပြန်ကြေညာမည်ဖြစ်သည်။


 ဈေးကွက်ငွေလဲလှယ်နှုန်းကို ပျမ်းမျှအလေးပေး တွက်ချက်သတ်မှတ်သည့် နည်းစနစ်မှာ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ website တွင်တွေ့နိုင်ပါသည်။


မြန်မာကျပ်ငွေဖြင့် အခြားနိုင်ငံခြားသုံးငွေကြေးများ၏ ရည်ညွှန်းငွေလဲလှယ်နှုန်းများကို forex.cbm.gov.mm တွင် ကြည့်ရှုနိုင်ပါသည်။


မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် မြန်မာကျပ်ငွေဖြင့် အခြားနိုင်ငံခြားသုံးငွေကြေးများ၏ လဲလှယ်နှုန်းများကိုလည်း သတ်မှတ်မည်ဖြစ်ပြီး ယင်းသို့တွက်ချက်ခြင်းကို နိုင်ငံတကာ ဈေးကွက်များတွင် ဖြစ်ပေါ်နေသော လဲလှယ်နှုန်းများအရ သို့မဟုတ် အဆိုပါ ငွေကြေး ထုတ်ဝေသော နိုင်ငံအတွင်း ဘဏ်အချင်းချင်းအကြား ငွေကြေးဈေးကွက်တွင် cross-currency လဲလှယ်သည့်နှုန်းများအပေါ် အခြေခံ သတ်မှတ်ခြင်းဖြစ်သည်။


ဤနေရာတွင် သတိပြုရမည့်အချက်မှာ ရည်ညွှန်းငွေလဲလှယ်နှုန်းသည် ရည်ညွှန်းကိန်း တစ်ခုသာဖြစ်၍ မဖြစ်မနေ အသုံးပြုရမည့် နှုန်းထားတစ်ခု မဟုတ်ခြင်းပင်ဖြစ်သည်။ နိုင်ငံခြားငွေကြေး ဈေးကွက်အတွင်း လုပ်ငန်း ဆောင်ရွက်သူများအနေဖြင့် ယင်းတို့၏ နိုင်ငံခြားငွေကြေး လဲလှယ်လွှဲပြောင်းသည့် လုပ်ငန်းများတွင် ရည်ညွှန်းငွေ လဲလှယ်နှုန်းကို မဖြစ်မနေ အသုံးပြုရန် မလိုအပ်ပါ။ အကောက်ခွန်ဆိုင်ရာ စာရင်း ရှင်းလင်းချက်များ၊ စာရင်းရေးသွင်းမှုများနှင့် စာရင်းအင်း အချက်အလက်ပြုစုရန် ကိစ္စရပ်များ အတွက်မူ ယခင်နေ့ ရည်ညွှန်းငွေ လဲလှယ်နှုန်းကို အသုံးပြုနိုင်သည်။


အများပြည်သူအတွက် အချက်အလက်များ တိုးမြှင့်ရရှိနိုင်ရန် မြန်မာ နိုင်ငံတော် ဗဟိုဘဏ်သည် နေ့စဉ် တွက်ချက်ရရှိသော Nominal Effective Exchange Rate (NEER) နှင့် လစဉ်တွက်ချက်ရရှိသော Real Effective Exchange Rate (REER) အချက်အလက် များကိုပုံမှန်ထုတ်ပြန်သွားမည်ဖြစ်သည်။


မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ နိုင်ငံခြားသုံးငွေဆိုင်ရာ ရည်မှန်းချက်တစ်ခုမှာ အချိန်တိုအတွင်း ငွေလဲလှယ်နှုန်း တက်ခြင်း/ကျခြင်း ကြီးကြီးမားမား မဖြစ်စေရန်ဖြစ်ပါသည်။ အဆိုပါ ရည်ရွယ်ချက်ကို အောင်မြင်စေရန် ဗဟိုဘဏ်အနေဖြင့် အဆင့်ဆင့်တိုးမြှင့်ဆောင်ရွက် သွားမည်ဖြစ်ပြီး ဈေးကွက်အတွင်း ငွေလဲလှယ်နှုန်း တက်ခြင်း/ကျခြင်း ကြီးမားစွာဖြစ်ပေါ်ပါက ဗဟိုဘဏ်က ထိုအပြောင်းအလဲကြီးခြင်းကို လျော့ပါးစေရန် ဆောင်ရွက်သွားမည်ဖြစ်သည်။ ယင်းသို့ ဆောင်ရွက်သွားမည့်ကိစ္စနှင့် စပ်လျဉ်း၍ ဗဟိုဘဏ်အနေဖြင့် လိုအပ်သလို ထပ်မံ အသိပေး ထုတ်ပြန်သွားမည်ဖြစ်သည်။


မြန်မာနိုင်ငံတော်ဗဟိုဘဏ်