ပွင့်ဖြူမြို့နယ်၌ အီဆယ့်ကီ (ISEKI) ကုမ္ပဏီမှ တောင်သူလယ်ယာသုံးပစ္စည်း အရောင်းမြှင့်တင်ရေး သရုပ်ပြပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ သီးနှံများ စိုက်ပျိုးရာတွင် အချိန်ကုန် လူပင်ပန်းသက်သာစွာ စိုက်ပျိုးလုပ်ကိုင်နိုင်ရန်နှင့် စိုက်ပျိုးရေးလုပ်ငန်းတွင် တွေ့ကြုံရသည့် လုပ်သားရှားပါးမှု အခက်အခဲများ ပြေလျော့သက်သာစေရန် ရည်ရွယ်၍ အီဆယ့်ကီ (ISEKI) ကုမ္ပဏီမှ တောင်သူလယ်ယာသုံးပစ္စည်း အရောင်းမြှင့်တင်ရေး စပါးရိတ်သိမ်း ခြွေလှေ့စက်ဖြင့် လက်တွေ့ရိတ်သိမ်းခြင်း သရုပ်ပြပွဲကို ယနေ့ နံနက် ၉ နာရီက ပွင့်ဖြူမြို့နယ် လယ်ဖီလာကျေးရွာအနီး တောင်သူ ဦးသိန်းလွင်၏ မနောသုခ စပါးစိုက်လယ်မြေတွင် ကျင်းပခဲ့ကြောင်း သိရသည်။ 

 

အဆိုပါသရုပ်ပြပွဲတွင် ရှေးဦးစွာ ပွင့်ဖြူမြို့နယ် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ခွဲမှ မြို့နယ်ဘဏ် မန်နေဂျာ ဦးစန်းလွင်က အဖွင့်အမှာစကား ပြောကြားပြီး၊ ရန်ကုန်(ရုံးချုပ်) အီဆယ့်ကီ (ISEKI) ကုမ္ပဏီမှ မန်နေဂျာ ဦးသိန်းတန်က အီဆယ့်ကီ (ISEKI) ကုမ္ပဏီမှ ထုတ်လုပ်ရောင်းချသည့် တောင်သူလယ်ယာသုံး စပါးရိတ်သိမ်းခြွေလှေ့စက်နှင့် လယ်ထွန်စက်များ၏ အရည်အသွေး ကောင်းမွန်မှု၊ စက်ပစ္စည်းများ၏ တန်ဖိုးနှင့် အသုံးဝင်မှု အခြေအနေများကို ကဏ္ဍအလိုက် ရှင်းလင်းဆွေးနွေး ပြောကြားသည်။ 

 

ဆက်လက်ပြီး မကွေးတိုင်းဒေသကြီး အခြေစိုက် အီဆယ့်ကီ (ISEKI) ကုမ္ပဏီထုတ် တောင်သူလယ်ယာသုံးပစ္စည်း အရောင်းဆိုင်ခွဲမှ အုပ်ချုပ်မှုဒါရိုက်တာ ဦးသက်ဆွေထွန်းနှင့် အရောင်းမန်နေဂျာ ဦးကျော်စိုးမင်းတို့က တောင်သူလယ်ယာသုံး ရိတ်သိမ်းခြွေလှေ့စက်နှင့် လယ်ထွန်စက်များ၏ ပစ္စည်းအမျိုးအစားအလိုက် အရစ်ကျ ရောင်းချပေးသည့်စနစ်များကို ရှင်းလင်းပြောကြားသည်။ 

 

 

၎င်းနောက် တက်ရောက်လာသည့် ဒေသခံတောင်သူများက တောင်သူလယ်ယာသုံး ပစ္စည်းများ ဝယ်ယူအသုံးပြုရာတွင် တွေ့ကြုံနိုင်သည့် အခက်အခဲများနှင့် စပ်လျဉ်း၍ သိရှိလိုသည်များကို မေးမြန်းရာ ရန်ကုန် (ရုံးချုပ်) အီဆယ့်ကီ (ISEKI) တောင်သူလယ်ယာသုံးပစ္စည်း ရောင်းဝယ်ရေး ကုမ္ပဏီမှ မန်နေဂျာ ဦးသိန်းတန်က ပြန်လည်ရှင်းလင်း ဖြေကြားပေးသည်။

 

ထို့နောက် အီဆယ့်ကီ (ISEKI) တောင်သူလယ်ယာသုံးပစ္စည်း ရောင်းဝယ်ရေးကုမ္ပဏီမှ မန်နေဂျာ ဦးသိန်းတန်နှင့် ဝန်ထမ်းများအဖွဲ့က အီဆယ့်ကီ (ISEKI) အမှတ်တံဆိပ် စပါးရိတ်သိမ်းခြွေလှေ့စက်ဖြင့် ပွင့်ဖြူမြို့နယ် စံပြကျေးရွာ တောင်သူ ဦးသိန်းလွင်နှင့် ဦးကျော်မိုးအောင်တို့၏ မနောသုခ နှင့် ဧရာပဒေသာ မိုးစပါးစိုက်ခင်းအား တောင်သူပညာပေး လက်တွေ့ရိတ်သိမ်းခြွေလှေ့ သရုပ်ပြသရာ တက်ရောက်လာသည့် ဒေသခံတောင်သူများက စိတ်ဝင်တစ်စား  လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။ 

 

အီဆယ့်ကီ (ISEKI) တောင်သူလယ်ယာသုံးပစ္စည်း ရောင်းဝယ်ရေးကုမ္ပဏီမှ ထုတ်လုပ်ရောင်းချသည့် စပါးရိတ်သိမ်း ခြွေလှေ့စက်မှာ မြင်းကောင်ရေ ၈၀ ရှိပြီး  တန်ဖိုးငွေကျပ် သိန်း ၅၀၀ ကျော် ရှိကြောင်း၊ လယ်ထွန်စက်ဈေးနှုန်းမှာ မြင်းကောင်ရေ ၄၀ မှာ တန်ဖိုးငွေကျပ် ၂၃၄၇၀၀၀၀ နှင့် မြင်းကောင်ရေ ၅၄ မှာ တန်ဖိုးငွေကျပ် ၃၆၀၁၀၀၀၀ ဖြင့် ရောင်းချပေးကြောင်း၊ တောင်သူများအနေဖြင့် လက်ငင်းဝယ်ယူရန် ငွေကြေးအခက်အခဲရှိပါက JICA ချေးငွေဖြင့် သော်လည်းကောင်း၊ မြန်မာ့စီးပွားဘဏ်၏ ချေးငွေဖြင့်သော်လည်း ချိတ်ဆက်ဝယ်ယူနိုင်ကြောင်း သိရသည်။ 

 

ရဲဝင်းနိုင် (ညောင်ဦး)