မန္တလေးမြို့ရှိဈေးများတွင် အာဖရိက အပြင်းဖျားဝက်သားများ ရောင်းချမှုမရှိစေရေး စစ်ဆေးကြပ်မတ်မှုများပြုလုပ်

မန္တလေး  ၁၃ ဒီဇင်ဘာ 

 

အာဖရိက အပြင်းဖျားဝက်ရောဂါကြောင့် တရုတ်နိုင်ငံမှ ဝက်များသေဆုံးနေသဖြင့် မန္တလေးမြို့ဈေးကွက် အတွင်းသို့ ရောဂါကူးစက်ခံထားရသည့် ဝက်သားများ ရောင်းချမှုမရှိစေရေး ကြပ်မတ်စစ်ဆေးနေကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ သိရသည်။ 

 

ကင်ညာနိုင်ငံတွင် စတင်ဖြစ်ပွားခဲ့သော အာဖရိက အပြင်းဖျား ဝက်ရောဂါသည် ကမ္ဘာ့အနှံ့ ကူးစက်နေပြီး တရုတ်နိုင်ငံတွင်လည်း ပျံ့နှံ့ကာ ဝက်အများအပြားသေဆုံးနေသည်။ 

 

အဆိုပါ ဝက်သားများအပြင် အခြားအေးခဲသားများ ဝင်ရောက်မှုမရှိစေရန် မန္တလေးမြို့တော် စည်ပင်ဈေးများတွင် ကြပ်မတ်စစ်ဆေးနေကြောင်းသိရသည်။

 

‘အထူးသဖြင့် တရုတ်ပြည်ဘက်က အေးခဲသားတွေ မန္တလေးဈေးကွက်ကို ဝင်မလာအောင် ပိုပြီး ကြပ်မတ်နေပါ တယ်။ ဈေးအားလုံးမှာ အေးခဲသားတွေမရှိအောင် အသားရောင်းချတဲ့ဆိုင်တွေမှာ လိုက်လံသေချာကြပ်မတ် စစ်ဆေးနေပါတယ်’ဟု မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောသည်။

 

ဈေးများတွင် တိရစ္ဆာန်တွေကို တရားမဝင် သတ်ဖြတ်ရောင်းချခြင်းများ၊ အေးခဲသားများကို စစ်ဆေးကြပ်မတ် မှုများကို ယခင်ထက် ပိုမိုစစ်ဆေးဆောင်ရွက်နေကြောင်း သိရသည်။ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီက တည်ဆောက်ထားသည့် အဆင့်မြင့် ဝက်သားထုတ်စက်ရုံတွင်လည်း ရောဂါကူးစက်ခံထားရသည့် ဝက်များကို အသားထုတ်လုပ် ရောင်းချမှုမရှိစေရေးလည်း ပိုမိုစစ်ဆေး ဆောင်ရွက်နေကြောင်းသိရသည်။ 

သားသတ်စက်ရုံတွင် အသားမထုတ်မီ သားသတ်ရုံအတွင်းရှိ ခြံတွင် ရက်ကြိုတင်လှောင်ထားပြီး တိရစ္ဆာန် ဆရာဝန်က သားသတ်မည့် တိရစ္ဆာန်၏ကျန်းမာရေးကို စစ်ဆေးခြင်းပြုလုပ်သည်။ အသားထုတ်ပြီးသော တိရစ္ဆာန် များ၏ ကလီစာများကို တိရစ္ဆာန်ဆရာဝန်များက ထပ်မံစစ်ဆေးပြီး အသားများကို ဈေးကွက် တင်ပို့ရောင်းချကြောင်း သိရသည်။

 

 အိမို့မို့ခိုင်