ယူဘာကားငှားစီးသူပေါင်း ခြောက်ထောင်နီးပါး လိင်ပိုင်းဆိုင်ရာ စော်ကားခံရကြောင်း မှတ်တမ်းထွက်ပေါ်

၆ ဒီဇင်ဘာ

 

အမေရိကန်နိုင်ငံမှာ ၂၀၁၇-၁၈ နှစ်နှစ်တာကာလအတွင်း ယူဘာတက္ကစီ ငှားစီးသူ ခြောက်ထောင်နီးပါးဟာ လိင်ပိုင်းဆိုင်ရာ စော်ကားခံခဲ့ရကြောင်း၊ အဲဒီထဲက အမှု ၄၅၀ ဟာ မုဒိန်းကျင့်ခံရတဲ့ အမှုဖြစ်ကြောင်း ကြာသပတေးနေ့မှာ ယူဘာက ထုတ်ပြန်ပါတယ်။ ယူဘာက သူ့ရဲ့ ဝန်ဆောင်မှုကို ပိုပြီး လုံခြုံအောင် သံဓိဋ္ဌာန်ချထားတဲ့ အနေနဲ့ အခုမှတ်တမ်းကို ထုတ်ပြန်တာဖြစ်တယ်လို့ ပြောပါတယ်။

 

အမေရိကန်နိုင်ငံမှာ နှစ်နှစ်အတွင်း ခရီးစဉ်ပေါင်း ၂ ဒသမ ၃ ဘီလီယံ အတွင်းမှာ လိင်စော်ကားမှု ၅,၉၈၁ ဖြစ်ပွားခဲ့ပါတယ်။ ခရီးစဉ်ပေါင်းရဲ့ ၉၉.၉ရာခိုင်နှုန်းဟာ ဘေးအန္တရာယ် တစ်စုံတစ်ရာမရှိဘဲ ဝန်ဆောင်မှု ပေးနိုင်ကြောင်း သိရပါတယ်။

 

ယူဘာရဲ့ ထုတ်ပြန်ချက်တွင် ခရီးသည် ရှစ်ဦး၊ ကားဒရိုင်ဘာ ခုနစ်ဦးနဲ့ တတိယ ပါဝင်သူ လေးဦးတို့ သေဆုံးခဲ့ကြောင်း၊ ကားမတော်တဆအမှုပေါင်း ၉၇ မှု အတွင်းမှာ လူပေါင်း ၁၀၇ ဦး သေဆုံးခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

 

ယူဘာ တရားရေးဌာနအကြီးအကဲ တိုနီ ဝက်စ် က သူတို့က အခုလိုမျိုး မှတ်တမ်းတွေကို ထုတ်ပြန်ပေးလိုက်တာဟာ လွယ်ကူတာတော့မဟုတ်ဘူး။ ကုမ္ပဏီအများစုက လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို လူသိရှင်ကြား ပြောလေ့မရှိပါဘူး။ ဘာလို့လဲဆိုတော့ အဲဒီအကြောင်းအရာက အဲဒီကုမ္ပဏီအတွက် ခေါင်းစဉ်တပ်စရာ ဖြစ်လာမှာဖြစ်ပါတယ်။ ယူဘာအနေနဲ့ အခုချိန်ဟာ နည်းလမ်းအသစ်နဲ့ ချဉ်းကပ် ဖြေရှင်းဖို့ လုပ်ဆောင်နေလို့ပါလို့ ပြောပါတယ်။

 

ကမ္ဘာတစ်ဝန်းမှာ ယူဘာကုမ္ပဏီရဲ့ လုပ်ငန်းခွင်ကို တင်းကျပ်လာစဉ်မှာဘဲ ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ယူဘာရဲ့ လုပ်ငန်းလိုင်စဉ်ကို ရုပ်သိမ်းလိုက်ပါတယ်။

 

MDN

ကိုးကား - AFP