ယဉ်ကျေး လူ့အဖွဲ့အစည်း၏စံနှုန်းများ

လူသတ်ခြင်းသည် ဥပဒေအရဖြစ်စေ၊ ကိုးကွယ်ယုံကြည်မှုအရဖြစ်စေ၊ လူမျိုး၏ ဓလေ့ထုံးတမ်းအရဖြစ်စေ ကြီးစွာသော အပြစ်ဖြစ်၏။ ကြီးစွာသော အကုသိုလ်ဖြစ်၏။

 

ကာယကံမြောက် ကိုယ်တိုင်သတ်ဖြတ်ခြင်း၊ သူတစ်ပါးကို သတ်စေခြင်း၊ သတ်ဖြတ်မှုကို ကျူးလွန်အောင် ကူညီအားပေး ခြင်းတို့သည် ပြစ်မှုကျူးလွန်ခြင်းဖြစ်၏။ ကြီးမားသော အကုသိုလ်ဖြစ်၏။

 

ထို့နည်းတူ သတ်ဖြတ်မှုကို ချီးမွမ်းခြင်း၊ ထောက်ခံခြင်းတို့သည်လည်း ဥပဒေကြောင်းအရ အရေးယူရန် ခက်ခဲကြောင်း ခက်ခဲမည်ဖြစ်သော်လည်းကိုးကွယ်ယုံကြည်မှု အယူအဆအရမူ အကုသိုလ်သာဖြစ်၏။ တစ်နည်းအားဖြင့်ဆိုရလျှင် လူမှုအဖွဲ့အစည်းအတွင်းက ယဉ်ကျေးမှုဆိုင်ရာ စံလွဲမှုပင်ဖြစ်၏။ လူသားတစ်ယောက်၏ အသက်ရှင်သန် နေထိုင်နိုင်ခွင့်သည် သူ၏မွေးရာပါ အခွင့်အရေး ဖြစ်၏။ လူ့အခွင့်အရေးစံနှုန်းအရ ဆိုရပါမူ ဥပဒေဘောင်အတွင်းတွင်လူတိုင်းသည် သက်တမ်းစေ့ အသက်ရှင်သန်နေထိုင်ခွင့်ရှိသည်။ ထိုသို့သက်တမ်းစေ့ အသက် ရှင်သန်နေထိုင်နိုင်ရန်လည်း ဥပဒေက အကာအကွယ်ပေးထား၏။ ဥပဒေအရအာမခံပေးရ၏။ လူတစ်ဦး၏ အသက်ရှင်သန်မှုကို လူအချင်းချင်းတန်ဖိုးထား လေးစားရမည်သာ။

 

နူးညံ့ယဉ်ကျေးသော လူမှုအဖွဲ့အစည်း၏ ယဉ်ကျေးမှုဆိုင်ရာ၊ သို့တည်းမဟုတ် ဓလေ့ထုံးတမ်းဆိုင်ရာ၊ သို့တည်း မဟုတ် ကိုယ်ကျင့်သိက္ခာဆိုင်ရာ စံနှုန်းများအရဆိုလျှင် ကာယကံမြောက်ဖြစ်စေ၊ ဝစီကံမြောက်ဖြစ်စေ၊ မနောကံဖြင့် ဖြစ်စေ လူသတ်ခြင်း၊ လူသတ်ခြင်းကို အားပေးအားမြှောက်ပြုခြင်း၊ လူသတ်ခြင်းကို ဝမ်းမြောက်ထောက်ခံခြင်း ဟူသည်ပင် အကုသိုလ်ဖြစ်၏။ ကာယကံမြောက် သတ်ခြင်းဟူသည်ကား ၊ ဆိုဖွယ်ရာမရှိ။

 

ဒုစရိုက် မနောကံသုံးပါးဖြစ်သည့် အဘိဇ္ဈာ၊ ဗျာပါဒ၊ မိစ္ဆာဒိဋ္ဌိတွင် ဗျာပါဒ ဟူသည် “သူတစ်ပါးကို သေကျေပျက်စီးစေလိုခြင်း” ဖြစ်၏။ ဤဒုစရိုက်သုံးပါးအပါအဝင် ဆယ်ပါးသော ဒုစရိုက်တို့ကို အပါယ်သို့ ရောက်စေတတ်သော လမ်းခရီးဖြစ်သော ကြောင့် “အကုသလ ကမ္မပထ” ဟူ၍ခေါ်၏။

 

ဗျာပါဒဟူသည် လူသတ်ခြင်းကို စိတ်အားဖြင့် နှိုးဆော်တိုက်တွန်းခြင်းဟု ဆိုရပါမည်။ လူမှုအဖွဲ့အစည်း၏ယဉ်ကျေးမှု စံနှုန်းအရဆိုလျှင်မူ လွန်စွာရိုင်းစိုင်းမှုသာဖြစ်ပါသည်။ လူ့ဘုံဘဝ လူ့လောကတွင် ဘဝကပေးလာသည့် အခြေအနေ အမျိုးမျိုးအရ ပတ်ဝန်းကျင်ဒေသ အာဝါသမျိုးစုံတို့အကြားတွင် လူမျိုးစုံတို့ရှိ၏။ ဖြတ်သန်းရသော ဘဝမျိုးစုံ၊ အတွေ့ အကြုံမျိုးစုံ၊ ခံစားမှုမျိုးစုံအပေါ် မူတည်၍ ယုံကြည်မှုမတူ၊ အယူအဆအတွေးအခေါ်မတူ၊ လောကအမြင်မတူသည်တို့ ရှိမည်။ ဤသည်က လောကသဘာဝ ဖြစ်၏။ လူ့သဘာဝ ဖြစ်၏။

 

သို့သော်လည်း မိမိနှင့်မည်သို့ပင် ကွဲလွဲစရာရှိသည်ဖြစ်စေ၊ မိမိ၏ အကျိုးစီးပွားနှင့် မည်မျှပင် ဆန့်ကျင်ရာရှိ သည်ဆိုစေကာမူ ဥပဒေမဲ့သတ်ဖြတ်စရာ အကြောင်းကားမရှိ။ ယင်းသို့ ဥပဒေမဲ့သတ်ဖြတ်နေကြခြင်းကို လူမှုအဖွဲ့အစည်းက လက်မခံ၊ ရွံရှာစက်ဆုပ်၏။ ယဉ်ကျေးသည့် လူမှုအဖွဲ့အစည်းကို ထိန်းသိမ်းစောင့်ရှောက်ရန် အလို့ငှာ ထိုဥပဒေမဲ့ တရားမဲ့မှုကို ဥပဒေနှင့်တရားဖြင့် အရေးယူကြ၏။

 

သတ်ဖြတ်ခံရသူအတွက် သာမကလည်း လူမှုအဖွဲ့အစည်းတွင် တာဝန်ရှိ၏။ ယင်းသည်ပင်လောကကို တရားမျှတသော လောကအဖြစ်တည်နိုင်အောင် ဝိုင်းဝန်းကာကွယ်စောင့်ရှောက်ခြင်းမည်၏။ လူမှုအဖွဲ့အစည်းက သည်လိုကြမ်းတမ်း ရိုင်းပျမှုကို လျစ်လျူမရှုနိုင်။ အလေးအနက်ထားသည်။ ယင်းသည်ပင် လောကကို စောင့်ရှောက်ခြင်း၊ တစ်နည်းဆိုသော ဥပဒေစိုးမိုးခြင်း ဖြစ်၏။

 

လောကကောင်းမှုကို မြတ်နိုးသူ၊ ငြိမ်းချမ်းသာယာမှုအတွက် လောကကောင်းကျိုးကိုဆောင်လိုသူလူယဉ်ကျေးများ သည် ဥပဒေနှင့်အညီ မျှတရှင်သန်သော လူမှုဝန်းကျင်ကို ဝိုင်းဝန်းစောင့်ရှောက် ဖန်တီးပေးလိုကြသည်။

 

မြန်မာနိုင်ငံအတွင်းက တရားမဲ့မှု၊ ဥပဒေမဲ့မှုတို့ကို ယဉ်ကျေးသည့် ပြည်သူလူထုအများစုက မလိုလား။ မှန်ကန် မျှတသော လူမှုဝန်းကျင်ဖြစ်ရေးအတွက် ဝိုင်းဝန်းထိန်း စောင့်ရှောက်ကြပါမည်။ ဥပဒေစိုးမိုးရေးအတွက် ပဋိညာဉ်ခံ တာဝန်ယူထားသူများကလည်း တာဝန်ကျေပွန်စွာထမ်းဆောင် နိုင်ကြပါစေသတည်း။    ။

မြန်မာ့အလင်း