ယခုနှစ်တွင် မတ်ပဲတန်ချိန်လေးသိန်းဝယ်ယူရန် အိန္ဒိယနိုင်ငံကို တောင်းဆိုထားသော်လည်း ခုနှစ်လကြာသည်အထိ အကြောင်းပြန်မှုမရှိသေး

၁၅ စက်တင်ဘာ 

ယခုနှစ်တွင် မတ်ပဲတန်ချိန်လေးသိန်းဝယ်ယူရန် အိန္ဒိယနိုင်ငံကို တောင်းဆိုထားသော်လည်း ခုနှစ်လကြာသည်အထိ အကြောင်းပြန်ကြားမှုမရှိသေးကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်း အတွင်းရေးမှူး ဦးမင်းကိုဦးက ပြောသည်။

"ကျွန်တော်တို့ ပထမ ပြောထားသလိုဘဲ အိန္ဒိယသံရုံးကနေတဆင့် ကျွန်တော်တို့ ဒီဘက်ကနေ စာချုပ်မူကြမ်းတော့ ပို့ပေးထားတယ်၊ အခုအချိန်ထိတော့ သူတို့ဘက်က အကြောင်းတစ်စုံတစ်ရာ ပြန်ကြားမှုတော့ မရှိသေးဘူး၊ စက်တင်ဘာကုန်မယ့် ဘတ်ဂျက်နှစ်နဲ့ ပြန်ကြည့်မယ်ဆိုရင်တော့ အိန္ဒိယဘက်က အခုအချိန်ထိ အကြောင်းမပြန်သေးဘူး၊ အကြောင်းပြန်ရင်လည်း ဒီဘက်မှာ ညှိနှိုင်းတာတွေနဲ့ဆိုရင် ဒီနှစ်ဘတ်ဂျက်ထဲမှာတော့ ဘယ်လိုခေါ်မလဲ အခုလက်ရှိ အိန္ဒိယနဲ့ G to G ကိစ္စ ပြောထားဆိုထားတဲ့ ကိစ္စတွေကလည်း မဖြစ်နိုင်သေးပါဘူး"ဟု ဦးမင်းကိုဦးက ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီအတွင်းက နယူးဒေလီမြို့တွင် ကျင်းပခဲ့သော 4th ASEAN-India Expo and Summit သို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်အတူ ပဲ၊ နှမ်း ကုန်သည်များ လိုက်ပါ၍ အိန္ဒိယအစိုးရတာဝန်ရှိသူများကို မြန်မာနိုင်ငံမှ မတ်ပဲတန်ချိန် လေးသိန်းခန့် ယခုနှစ်တွင် ဝယ်ယူရန် တောင်းဆိုခဲ့ရာ ယခုအချိန်ထိ အကြောင်းပြန်ကြားမှု မရှိသေးကြောင်း  မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းထံမှ သိရသည်။

ထို့ကြောင့် မြန်မာ့ပဲကို အဓိက ဝယ်ယူသည့် အိန္ဒိယဈေးကွက် မတည်ငြိမ်သေးသည့်အတွက် လာမည့်နှစ် မတ်ပဲ၊ ပဲစင်းငုံ စိုက်ပျိုးမှုကို လျှော့ချစိုက်ပျိုးရန် သင့် မသင့်၊ တောင်သူများအကျိုးရှိပြီး တွက်ချေကိုက်မည့် တခြားပဲများကို ရွေးချယ်စိုက်ပျိုးရန် သင့် မသင့် စသည့် သုံးသပ်အကြံပြုချက်များကို တောင်သူလယ်သမားများထံ အသိပေးရန်လိုကြောင်း ဦးမင်းကိုဦးက ပြောသည်။

"အဓိကကတော့ အိန္ဒိယနိုင်ငံဘက်က ၂၀၁၇ ကစပြီး ကိုတာစနစ် ကျင့်သုံးတဲ့နောက်မှာပြောရရင် ဒါ ပြည်တွင်းမှာ ဈေးနှုန်းတွေ မတည်မငြိမ် ဖြစ်လာတယ်ပေါ့နော်၊ စိုက်ပျိုးထုတ်လုပ်တဲ့တောင်သူတွေလည်း အကျိုးရှိမယ် မရှိဘူး ခန့်မှန်းရခက်တယ်ပေါ့၊ အဲတော့ ဘာပဲပြောပြော ဒီ ၂၀၁၉ ဘတ်ဂျက်နှစ်ထဲမှာဆိုရင် ဒါအိန္ဒိယနိုင်ငံ ဈေးကွက်ကို အဓိက မှိခိုနေရတဲ့ ပဲစင်းငုံ၊ မတ်ပဲတွေ လျှော့စိုက်တာတွေ များပါတယ်၊ အဲတော့ လာမယ့်နှစ်တွေမှာလည်း အိန္ဒိယဘက်က မတည်ငြိမ်ခင်စပ်ကြားမှာ ထိုနည်းလည်းကောင်းဘဲ တောင်သူအကျိုးရှိတဲ့ပဲကိုဘဲ ပိုပြီးရွေးချယ်ပြီး အဓိကထားစိုက်ပျိုးဖို့  အစိုးရပိုင်းကလည်း ဒါလေးတွေ အသိပေးသွားမယ်လို့ ထင်ပါတယ်"ဟု ၎င်းက ထပ်မံပြောကြားသည်။

အိန္ဒိယနိုင်ငံအနေဖြင့် ပဲလိုအပ်ချက်အရ  ယခုနှစ်တွင် ပြည်ပမှ မတ်ပဲတန်ချိန် တစ်သိန်းခွဲနှင့် ပဲစင်းငုံတန်ချိန် နှစ်သိန်းတင်သွင်းမည်ဟုသာ ကြေညာချက် ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံ၏ ယခုနှစ် မတ်ပဲစိုက်ဧကမှာ လျော့နည်း စိုက်ပျိုးခဲ့သော်လည်း မတ်ပဲအထွက်နှုန်းမှာ တန်ချိန် သုံးသိန်းကျော်ရှိကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းထံမှ သိရသည်။

သို့ဖြစ်၍  မြန်မာ့ပဲများကို အဓိက ဝယ်ယူသည့် အိန္ဒိယနိုင်ငံအပြင် ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်၊ နီပေါ၊ ဒူဘိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ ထိုင်ဝမ်၊ ဂျပန်နှင့် ဥရောပတို့က ဝယ်ယူလျက်ရှိသော်လည်း ပမာဏအားဖြင့် နည်းပါးကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းထံမှ သိရသည်။

"လက်ရှိကတော့ အိန္ဒိယနိုင်ငံကတော့ အဓိက မတ်ပဲ ပဲစင်းငုံက အဓိက စားသုံးတယ်၊ အဓိကလည်း ဝယ်ယူတဲ့နိုင်ငံပေါ့၊ အဲတော့ အိန္ဒိယအပြင်ကိုလည်း တခြားနိုင်ငံတွေဖြစ်တဲ့ အိမ်နီးချင်းနိုင်ငံလည်းဖြစ်တဲ့ အိန္ဒိယလို အလေ့အထ စားသုံးတဲ့ နိုင်ငံလေးတွေဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်တို့ နီပေါတို့ ပါကစ္စတန် နောက် အာဆီယံနိုင်ငံတွေနဲ့ဆိုရင် မလေးတို့ အင်ဒိုနီးရှားတို့ ဒီနိုင်ငံတွေလည်း ဝယ်ကြပါတယ်၊ ဝယ်တယ်ဆိုတော့ အရေအတွက်တော့ နည်းတယ်"ဟု ဦးမင်းကိုဦးက ပြောသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့်လည်း မြန်မာ့ပဲများကို အဓိကဝယ်ယူသည့် အိန္ဒိယနိုင်ငံသို့ အစိုးရခြင်းသဘောတူညီချက်ဖြင့် ပဲရောင်းချရန် ညှိနှိုင်းနေသည့်အပြင် အခြားနိုင်ငံများသို့ တင်ပို့ရောင်းချနိုင်ရန်လည်း ဈေးကွက်ရှာဖွေလျက်ရှိကြောင်း ဒုဝန်ကြီး ဦးအောင်ထူးက ပြောကြားထားသည်။

မြန်မာနိုင်ငံအနေဖြင့် အိန္ဒိယနိုင်ငံသို့ အဓိကပဲတင်ပို့လျက်ရှိရာ ၂၀၁၇ ခုနှစ် သြဂုတ်လနောက်ပိုင်း အိန္ဒိယ၏ မူဝါဒအပြောင်းအလဲများကြောင့် ပဲဈေးကွက်တွင် တောင်သူများနှင့် ကုန်သည်များ အထိနာခဲ့သည်။

လက်ရှိ ပဲဈေးကွက်အတွင်း မတ်ပဲ တစ်တန်လျှင် ကျပ် ခုနှစ်သိန်းခြောက်သောင်းခန့်ရှိပြီး ပဲစင်းငုံ(အဟောင်း) တစ်တန်လျှင် ကျပ် ရှစ်သိန်းသုံးသောင်းခန့်ရှိကြောင်း သိရသည်။

ငြိမ်းငြိမ်း