ယခုနှစ် မောက်မယ် လိုင်ချီးသီးပေါ်ချိန် အသီးထွက်နှုန်း ကျဆင်းခဲ့သော်လည်း အရောင်းစျေးကွက်သွက်

မောက်မယ် ၂၃ မေ

 

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မောက်မယ်မြို့နယ် ဒေသထွက် လိုင်ချီးသီးများ ယခုနှစ် အသီးပေါ်ချိန် အထွက်နှုန်း ကျဆင်းခဲ့သော်လည်း အရောင်းစျေးကွက်ကောင်းစွာ ရရှိလျက်ရှိကြောင်း အဆိုပါ စိုက်ပျိုးတောင်သူများထံမှ သိရှိရသည်။

 

ကျွန်မတို့ လိုင်ချီးသီးစိုက်ပျိုးရေး ဒီကနှစ်မှာတော့ ပြီးခဲ့တဲ့နှစ်တွေထက် အသီးထွက်နှုန်း နည်းသွားပါတယ်၊ လွန်ခဲ့တဲ့နှစ်တွေမှာ အခိုင်တစ်ခိုင်ဆို အသီးအလုံးနှစ်ဆယ်၊ နှစ်ဆယ်ကျော် ပြွတ်သိပ်သီးပေမဲ့ အခုနှစ်အသီးအလုံးရေ ကျဆင်းသွားတယ်။ အသီးထွက်နှုန်း ကျသွားပေမဲ့ လာရောက်ဝယ်ယူသူတွေနဲ့ အရောင်းစျေးကွက်က ကောင်းပါတယ်” ဟု မောက်မယ်မြို့နယ်၊ ပုန်းလောင်းကျေးရွာ ကိုးထပ်ကွေ့(၄ မိုင်)ရှိ  လိုင်ချီးသီးစိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်လျက်ရှိသူ နန်းဆိုင်ခမ်းက ပြောသည်။

 

“ဒီနှစ် မိုးရွာသွန်းမှုများတဲ့အတွက် အဖူးကြွေကျတာ များသွားပြီး အသီးသီးနှုန်း နည်းသွားပါတယ်။ ပြောရမယ်ဆို ယခင့်ယခင် နှစ်တွေနဲ့ နှိုင်းယှဉ်လိုက်မယ်ဆို အသီးက ဆယ်ဆနှစ်ဆပဲ ရှိပါတယ်ရှင့်” ဟု ၎င်းက ဆက်လက်ပြောသည်။

 

လိုင်ချီးစိုက်ပျိုး အောင်မြင်ဖြစ်ထွန်းမှုသည် ရာသီဥတု အခြေအနေအပေါ်၌ များစွာတည်၍ အပူအအေး မျှတပြီး မိုးရေချိန် အတင့်အသင့် ရွာသွန်းခြင်းကို ကြိုက်နှစ်သက်သည့် သဘောရှိကြောင်း၊ ယင်းသို့ ရာသီဥတုကောင်းမွန်စွာ ရရှိလျှင် အသီးသီးနှုန်း မြင့်တက်ကာ အသီးပိဿာချိန် များများ ရရှိနိုင်ကြောင်းနှင့် လွန်ခဲ့သော နှစ်နှစ် သုံးနှစ်ခန့်က မောက်မယ်လိုင်ချီး အရောင်းစျေးကွက် တစ်ပိဿာလျှင် ကျပ် ၂၀၀၀၊ ၂၅၀၀ ရရှိခဲ့ပြီး ယခုနှစ်၌ အသီးလှိုင်လှိုင် မဖြစ်ထွန်းသော်လည်း တစ်ပိဿာလျှင် အနည်းဆုံးကျပ် ၄၀၀၀ မှ ကျပ် ၄၅၀၀၊ ၅၀၀၀ အထိ ရောင်းချရလျက်ရှိကြောင်း သိရသည်။

 

ယခုကဲ့သို့ စိုက်ပျိုးရောင်းချရာတွင် ခြံတွင်းသို့ ရေသွင်းစနစ်ဖြင့် ရယူကာ စိုက်ပျိုးလုပ်ကိုင်ကြပြီး ရေကို မောက်မယ်မြို့နယ် နမ့်ယွန်းချောင်း၊ မောင်းစုံမောင်းဖူးဆည်ဘက်မှ စီးဆင်းလာသည့် ဆည်ရေသောက်ဖြင့် ရေသွင်းစိုက်ပျိုး လုပ်ကိုင်လျက်ရှိကြောင်း မောက်မယ် လိုင်ချီးသီးခြံ ပိုင်ရှင် ဦးဆုနန္ဒ၊ ဒေါ်နန်းပဲတို့က ပြောသည်။

 

၎င်းတို့ ခြံမှထွက်ရှိလာသည့် လိုင်ချီးသီးများအား မောက်မယ်မြို့နယ် ဟိုနမ့်ကျေးရွာမှ အများဆုံး လာရောက်ဝယ်ယူ အားပေးကြသည်သာမက ရပ်ဝေးရပ်နီး ဒေသများကလည်း ခြံအထိ ကိုယ်တိုင်လာရောက် ဝယ်ယူလျက်ရှိကြသဖြင့် ယခုနှစ် မောက်မယ်လိုင်ချီးသီး စျေးကွက်ရရှိခဲ့ကာ အရောင်းသွက်လျက် ရှိကြောင်း သတင်းရရှိသည်။

 

စိုင်းဇော်လတ်(လင်းခး)